News

POST TYPE

EDITORIAL

လွန်ခဲ့သော အနှစ် ၅၀ မိုင်လေရွာလူသတ်ပွဲနှင့် သမိုင်းမှိန်စပြုလာသော အမေရိကန်၏ စစ်ရာဇဝတ်မှုများ
19-Mar-2018


နံနက် ၅ နာရီခွဲခန့်တွင် သွက်သွက်ခါသွားစေသော အမြောက်ပစ်သံကြောင့် ကလေးငယ် လန့်နိုးလာသည်။ နာရီပိုင်းအကြာတွင် သူတို့တဲအိမ်လေးရှေ့မှ အမေရိကန်စစ်သား သုံးယောက်ရောက်လာပြီး မိခင်နှင့် ကလေးငါးဦးကို သူတို့ဗုံးခိုကျင်းထဲ အတင်းဆွဲထည့်ကြသည်။ ထိုခေတ်က ကျေးလက်ဗီယက်နမ်အိမ်တိုင်းနီးပါးမှာ ဗုံးခိုကျင်းတွေ တူးထားကြသည်။

စစ်သားတစ်ဦးက သူတို့သက်ငယ်တဲလေးကို မီးတင်ရှို့လိုက်သည်။ အခြားသူများက ဗုံးခိုကျင်းထဲကို လက်ပစ်ဗုံးတွေ ပစ်ထည့်လိုက်သည်။

သူ့မိခင်နှင့် မောင်နှမများ၏ မီးလောင်ကျွမ်းနေသော ခန္ဓာကိုယ်များက အကာအကွယ်ဖြစ်သွားသောကြောင့် အသက် ၁၀ နှစ်သား ဖန်သမ်ကောင်မှာ အသက်ဘေးမှ လွတ်သွားခဲ့သည်။ သူတို့မိသားစုမှာ သူတစ်ဦးတည်းသာ အသက်ရှင်ခဲ့ခြင်းဖြစ်သည်။

၁၉၆၈ ခုနှစ် မတ်လ ၁၆ ရက်နေ့ဖြစ်သည်။ ချာလီ ခြေလျင်တပ်ရင်းမှ အမေရိကန်စစ်သည်များသည် ၎င်းတို့၏ရန်သူတော် ဗီယက်ကောင်းများ၏ တပ်ခွဲတစ်ခွဲကိုနှိမ်နင်းရန် ရောက်ရှိလာခြင်းဖြစ်သော်လည်း မည်သည့်ခုခံကာကွယ်မှုကိုမျှ မရင်ဆိုင်ခဲ့ရ။ သို့သော်လည်း မိုင်လေနှင့်အနီးရှိ အခြားရွာကြီးတစ်ရွာဖြစ်သော ဆွန်မိုင်တွင် သုံးနာရီ၊ လေးနာရီအတွင်း လက်နက်မဲ့အရပ်သား ၅၀၄ ဦးကို သတ်ဖြတ်ခဲ့ကြသည်။ အများစုမှာ အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုတွေဖြစ်သည်။

“ဘေးအိမ်တွေက အော်သံတွေ၊ ညည်းတွားသံတွေစကြားရတယ်၊ အဲဒီနောက်မှာ သေနတ်သံတွေ၊ လက်ပစ်ဗုံးပေါက်ကွဲသံတွေ ကြားရတယ်။ အော်သံတွေ၊ ညည်းသံတွေ ရပ်လည်းသွားရော၊ အမေရိကန်စစ်သားတွေက လူတွေကိုသတ်လိုက်ပြီဆိုတာ ကျွန်တော့်အမေသိသွားတယ်။ ကျွန်တော့်ကိုယ်ပေါ်မှာ အမေနဲ့အစ်ကိုနဲ့ အစ်မတွေရဲ့သွေးတွေ ဆံပင်တွေနဲ့ ဖုံးနေခဲ့တယ်”ဟု ကောင်က ပြန်ပြောပြသည်။

ကောင်မှာ သတိလစ်သွားခဲ့ပြီး ခေါင်းတွင်ဒဏ်ရာများရခဲ့သလို ရင်ဘတ်တွင်လည်း လက်ပစ်ဗုံးဆန်များ ထိခဲ့သည်။ ထို့နေ့ညနေပိုင်းတွင် ပြန်ရောက်လာသော ဖခင်ဖြစ်သူက အလောင်းများကြားမှ သူ့ကို ကယ်နိုင်ခဲ့ခြင်းဖြစ်သည်။

မိုင်လေလူသတ်ပွဲသည် အမေရိကန်ခေတ်သစ်စစ်သမိုင်းတွင် အဆိုးသွမ်းဆုံးလုပ်ရပ် မှတ်တမ်းတစ်ခုဟုဆိုနိုင်သော်လည်း တကယ်တမ်းတွင် အမေရိကန်၏ ဗီယက်နမ်စစ်ပွဲအတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအနက်မှ လူသိများသည့်ဖြစ်စဉ်တစ်ခုမျှသာဖြစ်သည်။

ဆယ်စုနှစ် သုံးခုကြာ လျှို့ဝှက်ထားခဲ့သည့် အမေရိကန်စစ်ဘက်၏ ကိုယ်ပိုင်မှတ်တမ်းများအရပင် စစ်ရာဇဝတ်မှုဟု အခိုင်အမာဆိုနိုင်သော အခြားဖြစ်စဉ် ၃၀၀ ခန့် ရှိခဲ့သည်။ မိုင်လေရွာဖြစ်စဉ် ထင်ရှားရခြင်းမှာ တစ်ရက်တည်းနှင့် အသေအပျောက် ကြောက်ခမန်းလိလိများပြားခြင်းနှင့် အမေရိကန်ထိပ်တန်းစစ်ဘက် စုံစမ်းမှုတွင် ပေါ်ထွက်လာသော အော်ဂလီဆန်ဖွယ် ဓာတ်ပုံမှတ်တမ်းများနှင့် စက်ဆုပ်ဖွယ်အသေးစိတ် အချက်အလက်များကြောင့်ဖြစ်သည်။

သတိပေးပြီးသည်နှင့် အရပ်သားများ ထွက်ခွာရမည်ဟု သတ်မှတ်ထားသော လွတ်လပ်စွာ ပစ်ခတ်နိုင်သော ဇုန်များဆိုင်ရာ တရားဝင်မူဝါဒနှင့် လှုပ်ရှားသည့်သူမှန်သမျှ သတ်ပစ်ဆိုသော တရားမဝင်လုပ်ထုံးလုပ်နည်းကြောင့် ဗီယက်နမ်အရပ်သား အများအပြားသေဆုံးခဲ့ရသည်။

၁၉၆၅ မှ ၁၉၇၃ အတွင်း အမေရိကန်မြေပြင်ကျူးကျော်စစ်၌ အရပ်သားသေဆုံးမှုမှာ ခန့်မှန်းခြေ တစ်သန်းမှနှစ်သန်းအထိ ရှိခဲ့သည်။

အမေရိကန်စစ်သားအများစုမှာ မည်သူမည်ဝါရန်သူဖြစ်ကြောင်း သေချာမသိခဲ့ကြသလို ရန်သူနှင့် တိုက်ရိုက်ရင်ဆိုင်တွေ့သည့် ဖြစ်စဉ်မျိုးလည်း ရှားပါသည်။ စစ်သားအများစုမှာ မြေမြှုပ်မိုင်းများ၊ ထောင်ချောက်မိုင်းများ၊ လက်ဖြောင့်တပ်သားများ၏ လက်ချက်ဖြင့် ထိခိုက်ကျဆုံးခဲ့ခြင်းဖြစ်သည်။ အရပ်သားများကို ကူညီရမည်ဟု ညွှန်ကြားထားသော်လည်း ဗီယက်နမ်ပြည်သူအများစုက မလိုလားသောကြောင့် ပြေလည်မှုမရှိခဲ့ပေ။ မိုင်လေရွာတည်ရှိသည့် ကွမ်ငင်ပြည်နယ်သည် ကွန်မြူနစ်စစ်ရေးလှုပ်ရှားမှုများ အားကောင်းသည့်နေရာဖြစ်သည်။

လူသတ်ပွဲမဖြစ်မီ နှစ်ရက်အလို ချာလီတပ်ရင်းမှ ကင်းလှည့်စဉ် တပ်ကြပ်ကြီးတစ်ဦး ထောင်ချောက်မိုင်းကြောင့် သေဆုံးခဲ့ကာ တပ်သားတစ်ဦး မျက်လုံးကန်းခဲ့ပြီး အခြားစစ်သည်အများအပြား ဒဏ်ရာရခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန်စစ်ဘက်စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ စစ်သားများ၏ထွက်ဆိုမှု၌ ဗိုလ်မှူးကြီး ဝီလျံကာလေဂျူနီယာ ဦးဆောင်သော ချာလီတပ်ရင်း၏ ပထမတပ်စု မိုင်လေရွာအတွင်း ထိုနေ့နံနက်က ဝင်ရောက်သွားပြီးနောက်ပိုင်း လူသတ်ပွဲကြီး လျင်မြန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဘိုးအိုတစ်ဦးကို လှံစွပ်ဖြင့်ထိုးသတ်ခဲ့ပြီး အခြားအမျိုးသားတစ်ဦးကို ရေတွင်းထဲသို့ပစ်ချကာ လက်ပစ်ဗုံးပစ်ထည့်ပြီး သတ်ဖြတ်ခဲ့သည်ဟုဆိုသည်။ အမျိုးသမီးနှင့် ကလေးများကို ရေဆိုးမြောင်းအသွင်း မောင်းသွင်းပြီး သတ်ဖြတ်ခဲ့ကြသည်။ အမျိုးသမီးနှင့် မိန်းကလေးငယ်များကိုပါ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခဲ့ကြသည်။

“သွေးဆာနေတဲ့ မျက်လုံးတွေနဲ့ လှုပ်ရှားသမျှအရာရာကို ပစ်သတ်ခဲ့ကြတာ”ဟု မိုင်လေ မစ်ရှင်တွင် စစ်ကူပေးရန် ရောက်ရှိလာသော ရဟတ်ယာဉ်မောင်း ဟုဂျ်သွမ်ပဆင်ဂျူနီယာက ပြန်ပြောပြသည်။ သူနှင့် ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသူ အခြားနှစ်ဦးကသာ သတ်ဖြတ်မှုကြီး ရပ်တန့်ရန် ကြားဝင်ဟန့်တားမှုရှိခဲ့သည်ဟုဆိုသည်။ သူတို့သုံးဦးသည် အရပ်သားအနည်းငယ်ကို ကယ်ထုတ်ပေးနိုင်ခဲ့သည်။

နောက်ပိုင်းကာလတွင် သွမ်ပင်ဆင်သည် လူသတ်ပွဲကြီးအကြောင်း ဖွင့်ချသည့် ဖော်ကောင်များအနက်မှတစ်ဦးဖြစ်လာခဲ့ပြီး အမေရိကန်စစ်တပ်၏ လူမဆန်သောလုပ်ရပ်များကို အမေရိကန်ပြည်သူများ ကန့်ကွက်လာကြစေရန် လှုံ့ဆော်ပေးနိုင်ခဲ့သူတစ်ဦးဖြစ်သည်။

ဗိုလ်မှူးကြီးကာလေမှာ လူသတ်ပွဲအတွင်း လူ ၂၂ ဦး သတ်ဖြတ်မှုဖြင့် ၁၉၇၁ ခုနှစ်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှ သမ္မတ ရစ်ချတ်နစ်ဆင်က ထောင်ဒဏ်လျှော့ချပေးခဲ့သောကြောင့် ထောင်တွင်း သုံးရက်သာ နေခဲ့ရသည်။ နေအိမ်အကျယ်ချုပ် သုံးနှစ်သာ ကျခံခဲ့ရသည်။

ဗိုလ်မှူးကြီး ကာလေသည် ထိုအကြောင်း လူသိရှင်ကြားပြောဆိုမှု မရှိသလောက် နည်းပါးသော်လည်း ၂၀၀၉ ခုနှစ်တွင်မူ မိတ်ဆွေတစ်ဦး၏ တိုက်တွန်းမှုကြောင့် သူ စစ်ခုံရုံးတင်ခံခဲ့ရသော ဘန်းနင်းစစ်စခန်းအနီးရှိ ကီဝါနီကလပ်တွင် ထိုအကြောင်း တစ်ကြိမ်ဖွင့်ပြောခဲ့ဖူးသည်။

“မိုင်လေမှာ ဖြစ်ခဲ့တာတွေအတွက် နောင်တမရဘူးလို့ ပြောလို့ရတဲ့ နေ့မျိုးတော့ မဟုတ်ပါဘူး။ အသတ်ခံရတဲ့ ဗီယက်နမ်တွေနဲ့ သူတို့ရဲ့မိသားစုတွေ၊ ပါဝင်ခဲ့ကြတဲ့ အမေရိကန်စစ်သားတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် နောင်တရမိပါတယ်။ ကျွန်တော် တကယ်ပဲဝမ်းနည်းမိပါတယ်”ဟု ဗိုလ်မှူးကြီးကာလေက ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း သူ့အမှားမှာ အမိန့်ကို နာခံခဲ့ခြင်းသာဖြစ်သည်ဆိုသော ရုံးတင်ခံရစဉ်က ခုခံချေပခဲ့သော ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲထားခဲ့သည်။

လူသတ်ပွဲကြီးအပြီး အနှစ် ၅၀ အကြာ၊ ကွန်မြူနစ်အောင်ပွဲဖြင့် ပြန်လည်ပေါင်းစည်းနိုင်ခဲ့သော ဗီယက်နမ်နိုင်ငံ ပေါ်ထွန်းလာပြီး ၄၃ နှစ်အကြာတွင်တော့ နှစ်နိုင်ငံအကြား နာကျည်းချက်များသည် အနည်းဆုံး လူသိရှင်ကြားအားဖြင့်တော့ မရှိသလောက် နည်းပါးသွားခဲ့ပြီဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ပြီး အမေရိကန်သည် ဗီယက်နမ်၏ ထိပ်တန်းကုန်သွယ်ဖက်၊ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့သည်။ နှစ်နိုင်ငံစစ်ရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ ပါရှိလာခဲ့ပြီး စစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုလအတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း ဗီယက်နမ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။

ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကျင်းပသော မိုင်လေရွာ လူသတ်ပွဲ အောက်မေ့ဖွယ်အခမ်းအနားတွင် ပြည်နယ်အရာရှိ ဇန်ငေါ့ဇွန်းက မိုင်လေသည် စစ်ပွဲအတွင်း ရန်လိုရက်စက်သော တပ်ဖွဲကများ ကျူးလွန်းခဲ့သော ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ၏ စံပြုပုံစံတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်ကို အမည်တပ်မပြောခဲ့သည်။ ဗီယက်နမ်သည် အတိတ်ကို ချန်ထားခဲ့လိုပြီး ပိုကောင်းသော အနာဂတ်ကို တည်ဆောက်ရန် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟုသာ ပြောကြားခဲ့သည်။

လူသတ်ပွဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သူ ဖန်သမ်ကောင်သည် ကျောင်းဆက်တက်နိုင်ခဲ့ပြီး ယခုအခါ ဒေသအစိုးရ ရုံးတစ်ရုံးတွင် ၁၉၉၂ ခုနှစ်မှ စတင်အလုပ်လုပ်ခဲ့ပြီး ယမန်နှစ်ကမှ ပင်စင်ယူခဲ့သည်။ ယခုအခါ လူသတ်ပွဲဖြစ်ပွားခဲ့ရာနေရာတွင် ထူထောင်ထားသော မိုင်လေပြတိုက်ကို ဦးစီးနေသူဖြစ်သည်။

လူမဆန်သောရက်စက်မှုများကို သူ့အနေနှင့် မမေ့နိုင်သော်လည်း နှစ်နိုင်ငံကြား ပိုကောင်းသောဆက်ဆံရေး တည်ဆောက်ရန် စစ်သားများကို ခွင့်လွှတ်ပေးလိုသည်ဟု ကောင်က ဆိုသည်။

“စစ်ပွဲရဲ့ ဆုံးရှုံးမှုတွေ၊ အနိဋ္ဌာရုံတွေ တော်လောက်ပါပြီ။ ကျွန်တော်တို့ သားမြေးတွေ ဒီလိုအဖြစ်မျိုး ထပ်မကြုံရဖို့ပဲ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေးပဲ လိုလားပါတယ်။ ထာဝရငြိမ်းချမ်းရေးပဲ လိုချင်ပါတယ်”ဟု ကောင်က ပြောကြားခဲ့သည်။
ဇေဝင်းနောင်
Ref : AP