News

POST TYPE

EDITORIAL

အကယ်ဒမီဆုပေးပွဲ သတင်းယူမည့် အွန်လိုင်းမီဒီယာများကို ကျပ်ငါးသိန်းကောက်မည်
ရန်ကုန်၊ မတ် ၁၃ 

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် သတင်းရယူမည့် အွန်လိုင်းမီဒီယာများအနေနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ငွေကျပ်ငါးသိန်း ပေးသွင်းရမည်ဖြစ်ကြောင်း ယင်းအစည်းအရုံးက ထုတ်ပြန်လိုက်သည်။

မတ်လ ၂၃ ရက်နေ့တွင်ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် သတင်း၊ မီဒီယာများ သတင်းရယူခွင့်နှင့် ပတ်သက်ပြီး မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ယင်းသို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အကယ်ဒမီဆုပေးပွဲသို့ ပုံနှိပ်မီဒီယာတိုက် တစ်တိုက်လျှင် နှစ်ဦးစီ ဝင်ခွင့်ပေးမည်ဖြစ်ပြီး အွန်လိုင်းမီဒီယာများမှာမူ ငွေကျပ်ငါးသိန်းပေးသွင်းပါက မီဒီယာတစ်ခုလျှင် နှစ်ဦးကျ ဝင်ခွင့်ရမည်ဖြစ်ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။

လက်ရှိတွင် စာပေစိစစ်ရေး၌ တရားဝင်မှတ်ပုံတင်ထားသည့် အွန်လိုင်းမီဒီယာ ၉၆ ခုရှိပြီး ယင်းတို့အထဲမှ ပြန်လည် စိစစ်ရွေးချယ်ကာ အကယ်ဒမီဆုပေးပွဲသို့ တက်ရောက်သတင်းရယူခွင့် ပေးမည်ဖြစ်သည်။

ယခင်နှစ် အကယ်ဒမီဆုပေးပွဲတွင် အွန်လိုင်းမီဒီယာများကို ငွေကြေးကောက်ခံမှုမရှိခဲ့ဘဲ ယခုနှစ်တွင်မှ ပထမဆုံးအကြိမ် ငွေကြေးကောက်ခံခဲ့ခြင်းလည်းဖြစ်သည်။

ငွေကျပ်ငါးသိန်းပေးသွင်းကာ သတင်းရယူမည့် အွန်လိုင်းမီဒီယာများသည်လည်း Live ထုတ်လွှင့်ခွင့် ရမည်မဟုတ်ကြောင်း သိရသည်။

ယခုနှစ် အကယ်ဒမီပေးပွဲကို Forever Group မှ Main Sponsor အဖြစ် တာဝန်ယူ ပံ့ပိုးပေးထားပြီး ဆုပေးပွဲအခမ်းအနား ကျင်းပပုံများကို MRTV-4 နှင့် ဆက်စပ်ရုပ်သံလိုင်းများအပြင် အွန်လိုင်းအခြေပြု Pyone Play App မှတစ်ဆင့်လည်း တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ပြုလုပ်သွားမည်ဖြစ်ပြီး အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၅၃ ကားထဲက ရွေးချယ်၍ ဆုချီးမြှင့်သွားမည်ဖြစ်သည်။