News

POST TYPE

EDITORIAL

ကိုယ်ကျိုးလော အများအကျိုးလော (Daily, Vol-5/No-287)
ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်အတူ ထင်ရာအစိုင်းဆုံးဟု နာမည်ကျော်ကြားသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံမည့်သတင်း ထွက်ပေါ်လာခြင်းမှာ များစွာ ထူးခြားလှသည်။

အထူးသဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို ရှေ့တန်းအတင်ဆုံးနိုင်ငံတစ်ခုမှ သမ္မတက ယင်းနှင့်ဆန့်ကျင်ဘက် နာမည်ဆိုးဖြင့် ကျော်ကြားသူ အာဏာရှင်တစ်ဦးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန် သဘောတူလိုက်ခြင်းမှာ အထူးအံ့အားသင့်စရာ ဖြစ်သွားခဲ့သည်။

တစောင်းစေးနှင့် မျက်ချေးပမာ မည်သို့မျှ မသင့်တင့်ကြသည့်အပြင် မကြာသေးခင် ကာလကမှ အမေရိကန် ပြည်ထောင်စုအထိ ရောက်ရှိနိုင်သော ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကြောင့် စစ်ရေးအရ တုံ့ပြန်တော့မယောင် တင်းမာနေခဲ့ရာက ယခုကဲ့သို့ တွေ့ဆုံမည့်သတင်း ထွက်ပေါ်လာခြင်းမှာ ပို၍ နားလည်ရ ခက်စရာ ဖြစ်သွားခဲ့သည်။

ထိုသို့ ကမ္ဘာသိ ရန်သူတော်ကြီးနှစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံစကား ပြောကြရန် ဟန်ပြင်နေချိန်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ညီအစ်ကို အချင်းချင်းအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းမှာ များစွာ ဝမ်းနည်းစရာ ကောင်းလှသည်။ 

ထို့အပြင် ရခိုင်ဒေသရှိ ဘင်္ဂါလီပြဿနာကို အခြေပြု ပုံကြီးချဲ့ကာ အိုအိုင်စီနှင့် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံအပေါ် အထူးဖိအားပေး အကျပ်ကိုင်ရန် ကြိုးစားနေချိန်မျိုးတွင် ပြည်တွင်းရှိ အင်အားစု အသီးသီးက စုပေါင်းညှိနှိုင်း ဖြေရှင်းရမည့်အစား အချင်းချင်း ရန်ဖြစ်နေကြခြင်းမှာ ရှက်စရာကောင်းလှသည်။ 

ထိုသို့ အပြင်မီးရော အတွင်းမီးပါ ညှပ်ပူးညှပ်ပိတ်သဘောမျိုး တိုက် ခိုက်ခံနေရသော လက်ရှိ အာဏာရပါတီအစိုးရ အနေနှင့်လည်း ပြည်တွင်းရှိ အင်အားစု အသီးသီးထံမှ အကြံဉာဏ်နှင့် ခွန်အားများရရှိရန် စည်းရုံးဆွဲဆောင်နိုင်ခြင်း မရှိပေ။

ထိုအခြေအနေတွင် မိမိအာဏာကို ခြိမ်းခြောက်လာဖွယ် ရှိသည်များကို ကာကွယ်ရန်အတွက်သာ အာရုံစိုက်ထားသည်ဟု ဝေဖန်ခံရနိုင်သော အငြင်းပွားဖွယ် လုပ်ဆောင်ချက်များကိုသာ အများပြည်သူ ကန့်ကွက်နေသည့်ကြားက ဇွတ်ရှေ့တိုး အကောင်အထည် ဖော်နေသည်မှာလည်း နားမလည်နိုင်စရာဖြစ်သည်။

ငြိမ်းချမ်းမှု တည်ဆောက်ရေးတွင် အခရာ အကျဆုံးဟု ဆိုရမည့် တပ်မတော်သည် ယခုရက်ပိုင်း ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ် (KIA) နှင့် ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့နှင့် တိုက်ပွဲများ၊ ထိတွေ့မှုများ ဖြစ်ပေါ်နေခြင်းမှာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်သည်။

KIA နှင့် တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းမှာ သာမန် အောက်ခြေအဆင့် တပ်ဖွဲ့များအကြား ရည်ရွယ်မထားဘဲ၊ မမျှော်လင့်ဘဲ ထိတွေ့တိုက်ပွဲဖြစ်သည်ဟု ခန့်မှန်းသုံးသပ်နိုင်သော်လည်း အစိုးရ၊ တပ်မတော်တို့နှင့် စောစီးစွာ ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိပြီး NCA ခေါ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဗွေဆော်ဦး လက်မှတ်ရေးထိုးထားသော KNU နှင့် တိုက်ပွဲငယ်များ ပြန်လည်ဖြစ်ပွားလာခြင်းမှာ မည်သို့မျှ နားမလည်နိုင်စရာ ဖြစ်သွားခဲ့သည်။ 

အနှစ် ခြောက်ဆယ်ခန့် မြန်မာ့တပ်မတော်နှင့် ကြီးမားပြင်းထန်သော တိုက်ပွဲကြီးများစွာဖြင့် ထိပ်တိုက်တွေ့လာခဲ့သော်လည်း NCA ကို ရှေ့ဆုံးက လက်မှတ်ရေးထိုးထားသည့် KNU နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရန် တာစူနေခြင်းသည် မြန်မာပြည်သူလူထု၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်စိတ်ကူးကို မှေးမှိန်သွားစေခဲ့သည်။

သက်ဆိုင်ရာ ဒေသအတွက်၊ ဒေသခံတိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက်၊ နိုင်ငံတော် တစ်ခုလုံး၏ အကျိုးအတွက် စစ်မှန်ရိုးသားသော စေတနာနှစ်ဖက်စလုံးက ထားရိုးမှန်လျှင် ထိုသို့သော တိုက်ပွဲများ ထပ်မံ ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။

နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားပြင်းထန်သော နိုင်ငံတကာ ဖိအားကြီး ကျရောက်နေချိန်မျိုးတွင် နိုင်ငံသား အချင်းချင်း၊ နိုင်ငံရေး အင်အားစု အချင်းချင်း၊ နိုင်ငံရေးပါတီ အချင်းချင်း၊ လက်နက်ကိုင်ထားသူ အချင်းချင်း ချောက်တွန်း၊ အဆင်းဘီးတပ်၊ နောက်ကျော ဓားဖြင့်ထိုးသကဲ့သို့ ရန်ဖြစ်နေကြပါလျှင် သက်ဆိုင်ရာ အင်အားစု အသီးသီး၊ လက်နက်ကိုင်အဖွဲ့ အသီးသီးရှိ ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားများက ရှေ့ဆောင်နေသလောဟု သံသယဖြင့် မေးခွန်း အထုတ်ခံရနိုင်ကြောင်း အထူး သတိပေးလိုပေသည်။

အယ်ဒီတာ (၁၂-၃-၂၀၁၈)