News

POST TYPE

EDITORIAL

မိမိတုတ်ဖြင့် မိမိ ပြန်အရိုက် မခံရစေလို (Daily, Vol-5/No-286)
11-Mar-2018

၂၅ ရာခိုင်နှုန်းမဟုတ်သော အရပ်သားလွှတ်တော်ကိုယ်စားလှယ်များ မည်မျှညီညွတ်၍ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေစေကာမူ တပ်မတော်က သဘောမတူလျှင် ပြင်ဆင်မရနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိနေသမျှ ယင်းဥပဒေပါအချက်များအတိုင်း လိုက်နာရမည်ဖြစ်သည်။

အငြင်းပွားဖွယ် ကန့်သတ်ချက်များ ပါဝင်နေပြီး တပ်မတော်က မြန်မာ့နိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေစေရန် ရေးဆွဲထားသည်ဆိုသော်ငြား လက်ရှိအစိုးရသည် လက်ရှိ အခြေခံဥပဒေအရ အစိုးရအဖြစ် တာဝန်ယူလာနိုင်ခြင်းဖြစ်သည်။ 

ထို့အတူ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးကောက်မခံရနိုင်စေရန် တမင်ကန့်သတ်ထားသည်ဟု ဆိုလင့်ကစား ယင်းဥပဒေပါ ပုဒ်မတစ်ခု၏ စကားလုံး ဝေါဟာရတစ်ခုကို အကြောင်းပြုကာ သမ္မတအထက် သို့မဟုတ် နိုင်ငံတော် အတိုင်ပင်ခံဆိုသော ရာထူးအသစ်ကို တီထွင်ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

စင်စစ်အားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူပုဂ္ဂိုလ်တစ်ဦး၊ တစ်ဖွဲ့၏ အကျိုးစီးပွားကို ကာကွယ်ရန် သို့မဟုတ် ပိတ်ပင်ကန့်သတ်ရန် ရည် ရွယ်ချက်ဖြင့် အချို့သော အခန်း၊ ပုဒ်မ၊ စကားစု၊ စကားရပ်၊ စကားလုံးများ ရည်ရွယ်ချက်ရှိရှိ ရေးဆွဲခဲ့သည်ဟု ဆိုသော်လည်း စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ခဲ့သည်မှာ ငြင်းမရသော လက်တွေ့အရှိတရားဖြစ်သည်။ 

ထိုဥပဒေကို ပြင်းထန်စွာ ကန့်ကွက်၊ သပိတ်မှောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည်ပင်လျှင် ယနေ့အာဏာကုလားထိုင်တွင် အသားကျစပြုလာခြင်းမှာ ယင်းဥပဒေက ခွင့်ပြုထားသော လုပ်ပိုင်ခွင့်များ၏ အကျိုးဆက်ပင်ဖြစ်သည်။ 

ကမ္ဘာပေါ်တွင် အလွယ်ကူဆုံး အလုပ်များစွာ ရှိသည့်အနက် တစ်ပါးသူကို အပြစ်ရှာ၊ အဆိုးပြောခြင်းတစ်ခု အပါအဝင်ဖြစ်သည်။ ထို့အတူ နိုင်ငံရေးလောကတွင်လည်း အတိုက်အခံပါတီတို့၏ သဘာဝမှာ များစွာ သက်သောင့်သက်သာရှိပြီး တာဝန်ယူ၊ တာဝန်ခံစရာ မလိုလှပေ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပပြီးတိုင်း မဲအနိုင်၊ အရှုံးရလဒ်များကို အခြေပြုကာ အဓိက အာဏာရပါတီနှင့် အင်အား အကောင်းဆုံး အတိုက်အခံပါတီ နှစ်ခုသာ လတ်တလောအားဖြင့် အထင်အရှား တွေ့နေရဦးမည်ဖြစ်သည်။ 

ယနေ့ အာဏာရပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီက အတိုက်အခံပါတီအဖြစ် ရှိနေခဲ့ပြီး ယနေ့ အတိုက်အခံပါတီကမူ အာဏာရပါတီအဖြစ် တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ အတိုက်အခံပါတီဘဝက ၎င်းတို့ပါတီ အပါအဝင် ပြည်သူလူထုအပေါ် ဖိနှိပ်ကန့်သတ်သည်ဟုဆိုသော ဥပဒေ၊ စည်းကမ်းမှန်သမျှ ဆန့်ကျင်၊ ဆန္ဒပြကာ ပြင်ဆင်၊ ဖြုတ်ပယ်ရန် ဖိအားပေး တောင်းဆိုခဲ့သည်။ ယနေ့ ၎င်းတို့ပါတီ အာဏာရလာသောအခါတွင်မူ ယခင်အတိုက်အခံဘဝက ၎င်းတို့ကိုယ်တိုင် ဖိနှိပ်၊ ကန့်သတ်၊ ဖမ်းဆီး၊ ထောင်ချခံခဲ့ရသည့် ဥပဒေ၊ ပုဒ်မများ ပြင်ဆင်၊ ပြောင်းလဲ၊ ပယ်ဖျက်ရန် မဆိုထားနှင့် ပို၍ တင်းကျပ်လာသည်။
 
လာမည့် ၂၀၂၀ အပါအဝင် သက်တမ်းငါးနှစ် ပြည့်မြောက်တိုင်း ရွေးကောက်ပွဲကျင်းပကာ ပြည်သူလူထု၏ အဆုံးအဖြတ် ခံယူရမည်ဖြစ်သည်။ အာဏာလက်ဝယ်ရှိနေချိန်တွင် ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် အကျိုးရှိမည့် ဥပဒေ၊ ပြင်ဆင်၊ ပြောင်းလဲ၊ ပယ်ဖျက်၊ ရေးဆွဲခြင်းထက် တည်ဆဲ ဥပဒေဆိုးများ ပိုဆိုးသည်ထက် ဆိုးသွားစေပါက တစ်ချိန်တွင် မိမိတုတ်နှင့် မိမိပြန် အရိုက်ခံရနိုင်သည်ကို အထူး သတိချပ်စေလိုကြောင်း သတိပေး ထောက်ပြလိုပေသည်။ 

အယ်ဒီတာ (၁၁-၃-၂၀၁၈)