News

POST TYPE

EDITORIAL

အသံကျယ်တာ ပြိုင်မလား၊ အသိဉာဏ်ကြီးတာ ပြိုင်မလား (Daily, Vol-5/No-285)
10-Mar-2018

တစ်နေ့ကပဲ အသံချဲ့စက်ပြိုင်ပွဲ ကျင်းပမယ်ဆိုတဲ့ သတင်းတစ်ပုဒ် တက်လာတယ်။ အခုမှ ထလုပ်တဲ့ ပွဲမဟုတ်ဘဲ အရင်ကလည်း ဒီလိုပြိုင်ခဲ့တဲ့ အစဉ်အလာ ရှိတယ်လို့ သိရတယ်။ အသံချဲ့စက် ဘယ်လောက်ကောင်းကြောင်း တစ်နည်းဆိုရရင် ဘယ်သူ့အသံချဲ့စက်က အသံပိုကျယ်သလဲဆိုတာ ပြိုင်တဲ့ပွဲလို့ ယေဘုယျ ပြောနိုင်တယ်။

အသံချဲ့စက်နဲ့ပတ်သက်တဲ့ ပြဿနာ ကြီးကြီးမားမား ရှိလာတဲ့ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ အဲဒီသတင်းကိုမူတည်ပြီး ရိုးရာအစဉ်အလာနဲ့ ဓလေ့ထုံးတမ်းတချို့ကို ပြန်သုံးသပ် ဆင်ခြင်သင့်၊ ပြင်သင့်တာ ပြင်၊ ပြောင်းသင့်တာပြောင်း၊ ပယ်သင့်တာပယ် လုပ်သင့်ပြီဆိုတဲ့ အတွေးပေါ်လာတယ်။
မကြာသေးဘူး။ ရန်ကုန်မှာမပြောနဲ့ မြန်မာပြည်မှာတောင် ဈေးအကြီးဆုံးလို့ ပြောနိုင်တဲ့ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ညကြီးမင်းကြီး ဆေးရုံဝန်ထမ်းတွေရဲ့ ပါတီပွဲ ဆူဆူညံညံ လုပ်တယ်။ လူနာရှင်တစ်ယောက်က အဲဒီဆူညံသံကြောင့် လူနာလန့်လန့်သွားတဲ့အတွက် အသံတိုးဖို့ မေတ္တာရပ်ခံတယ်။ အဲဒါကို ဆေးရုံက ဂရုမစိုက်ဘဲ ဆက်လုပ်လို့ အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်သွားတယ်။

ဆေးရုံလို နေရာမျိုးမှာ အသံချဲ့စက်နဲ့ ပျော်ပွဲရွှင်ပွဲ လုပ်တယ်ဆိုတာမျိုးက တော်ရုံမသိ နားမလည်တာ မဟုတ်တော့ဘူး။ ကိုယ်ချင်းစာတရားနဲ့ ဆင်ခြင်တုံတရား တော်တော့်ကို နုံနဲ့တဲ့အဆင့်အထိ ရောက်သွားပြီ။ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်းက အဲလောက် ဖြစ်သွားပြီလားလို့လည်း အံ့ဩမိတယ်။ 

အင်္ဂလိပ်လို လော်စပီကာလို့ အင်္ဂလိပ်အသံထွက်ကို အဖျားဆွတ်ပြီး “လော်”လို့ အများသိထားတဲ့ အသံချဲ့စက်ဆိုတာ သုံးသင့်တဲ့ကာလ၊ ဒေသနဲ့ သုံးသင့်တဲ့အချိန်၊ အတိုးအကျယ် ပမာဏကို ချင့်ချိန်တတ်ဖို့ လိုတယ်။ ချင့်ချိန်တတ်သူတွေအတွက် ပြဿနာမရှိပေမယ့် မချင့်ချိန်တတ်၊ မသိတတ်တဲ့သူတွေ ရှိနေတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိနေတယ်။

နောက်ပြီး အစဉ်အလာ ဘာသာရေးနဲ့ ဆူဆူညံညံ ဖျော်ဖြေရေး ဒွေးရော ယှက်တင်ဖြစ်နေတဲ့ အယူအဆတွေ၊ မိရိုးဖလာ အစွဲအလမ်းတွေကလည်း အသံချဲ့ စက်ကြိုက်တဲ့ လူ့အဖွဲ့အစည်းအဖြစ် မသိမသာ ပုံသွင်းနေသလို ဖြစ်နေတယ်။ 

အသံချဲ့စက်သံကို ကြိုက်တာလား၊ အစဉ်အလာကိုဆက်ခံရင်း ကျင့်သားရ၊ စွဲလမ်းသွားတာလားဆိုတာ မကွဲပြားပေမယ့် မြန်မာတစ်ပြည်လုံး အသံချဲ့စက်သံ သောသောညံနေတာကတော့ လက်တွေ့လို့ ဆိုရမယ်။ ကြာလာတော့ ထစ်ခနဲရှိရင် အသံချဲ့စက်နဲ့မှ အခမ်းအနားမည်တယ်လို့ ထင်လာကြတယ်။ အသံချဲ့စက်မပါရင် ပွဲမစည်ဘူးလို့ မြင်လာကြတယ်။

အဲလို လူတွေက ဖျက်တာနဲ့ အသံချဲ့စက် မပါရင် တရားဟောရတာ အားမပါဘူးလို့ ထင်လာတဲ့ ဓမ္မကထိကတွေတောင် ရှိလာတယ်။ သာမန်ပြောရရင် အသံချဲ့စက် လိုအပ်လို့သုံးတာ ဘာမှပြောစရာ မရှိပေမယ့် မလိုဘဲသုံးတာ၊ လိုသည်ထက် ပိုသုံးတာမျိုးတွေ အခုနောက်ပိုင်း များလာတာက ပြောစရာ ဖြစ်လာတယ်။

ဘာသာရေးနဲ့ဆိုင်တဲ့ အခမ်းအနားတွေမှာ မဆီလျော် မအပ်စပ်တဲ့ ဂီတသံ၊ တီးလုံးသံတွေနဲ့ မထော်မနမ်းအကတွေ နေရာယူလာတယ်။ ရပ်ကွက်ထဲလှည့် အလှူခံတဲ့သူတွေရဲ့ အသံချဲ့စက်သံက လမ်းထဲမှာနေတဲ့သူတွေကြားရုံလောက်တင်မကဘဲ တစ်ရပ်ကွက်လုံး ဆူညံသွားအောင် ကျယ်တယ်။ ကုသိုလ်ရေး ဆိုပေမယ့် တစ်ပါးသူကို စိတ်အနှောင့်အယှက်ဖြစ်စေရင်၊ တစ်ပါးသူရဲ့ ဆိတ်ငြိမ်အေးချမ်းမှုကို ထိပါးရင် အကုသိုလ် ဖြစ်သွားတာပဲ။
ဒါကို တချို့က ဘုရားပွဲမှာ လောင်းကစားဝိုင်း၊ အရက်ဆိုင် ဖွင့်ခွင့်ပြုတာ ထက်စာရင် အသံချဲ့စက် ဆူဆူညံညံဖွင့်နေတာက အများကြီး တော်သေးတယ်လို့ ပြောကြတယ်။ အဲလိုဆိုပြန်တော့ အသံချဲ့စက်သံ ဆူတာကို ပြောရခက်သွားတာပေါ့။

စီးပွားရှာတဲ့နေရာမှာလည်း ဒီလိုပဲ။ တချို့ ရှော့ပင်းစင်တာတွေမှာ ဆိုင်တစ်ဆိုင်ဆိုင်က ဖွင့်ထားတဲ့သီချင်းသံက လိုသည်ထက် ပိုကျယ်လွန်းတော့ တခြား ဆိုင်တွေကိုရော ဈေးဝယ်လာသူတွေကိုရော အနှောင့်အယှက်ပေးနေသလို ဖြစ်သွားရော။ 

နိုင်ငံတကာမှာတော့ သတ်မှတ်ထားတဲ့ အသံထက် ပိုကျယ်လာရင် ဆူညံသံအဖြစ် သတ်မှတ်ပြီး မခံနိုင်တဲ့သူတွေက တိုင်တန်း၊ တရားစွဲလို့ရတယ်။ မြန်မာပြည်မှာတော့ အသံချဲ့စက်သံကျယ်လို့ တိုင်တန်း အရေးယူတာမျိုး မရှိသေးဘူး။ စည်ပင်သာယာ ဥပဒေမှာတော့ အသံချဲ့စက်နဲ့ဆိုင်တဲ့ ပုဒ်မတချို့ပါပေမယ့် အဲလောက်နဲ့ မလုံလောက်ဘူး။ ဒီ့ထက်ပိုပြီး အသေးစိတ်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စည်းကမ်းသတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းတွေ ထပ်ပြီး ပြုစု၊ ပြဋ္ဌာန်းပေးဖို့ လိုနေပြီ။

ပြောရရင် အသံချဲ့စက် ဆူညံသံနဲ့ပတ်သက်ပြီး ပြောပေါင်း များလှပြီ။ ဒီနေ့အထိ ဘာမှ ဟုတ်တိပတ်တိ မကိုင်တွယ်၊ မထိန်းသိမ်းနိုင်သေးဘူး။ ဆယ်တန်း စာမေးပွဲဖြေခါနီးရောက်မှ ကြေညာချက်ထုတ် သတိပေးတာလောက်ပဲရှိတယ်။ အခုနောက်ပိုင်း နိုင်ငံပိုင် အစိုးရအာဘော် သတင်းမီဒီယာတွေမှာတောင် အရေးတယူလုပ်ပြီး သတိပေးချက်ထုတ်ပြန်တာမရှိတော့ဘူး။ 

စည်ပင်ဌာနတွေကလည်း အပိုဝင်ငွေ မြိုးမြိုးမြက်မြက် မရနိုင်တဲ့ ဘာအလုပ်ကိုမှ ဖိဖိစီးစီး မလုပ်ဘူး။ အဲတော့ ပြည်သူက ရာသီချိန်ရောက်တိုင်း အချိန်မှန်မှန် နားဒုက္ခ ခံနေကြရတာပေါ့။ အဲတော့ မီဒီယာတွေကပဲ တာဝန်ယူပြီး အသံချဲ့စက်ဆရာတွေကို မေတ္တာရပ်ခံကြရမှာပဲ။

အသံချဲ့စက် ပြိုင်ပွဲလုပ်တဲ့ ဒေသခံနဲ့ တာဝန်ရှိသူတွေကို တစ်ခုလောက် စဉ်းစားကြည့်ကြစေချင်တယ်။ အသံချဲ့စက် အကျယ်ပြိုင်ပွဲထက်စာရင် ကိုယ့်ဒေသမှာ တိမ်မြုပ်နေတဲ့ မြန်မာ့ရိုးရာ အစဉ်အလာ ဖော်ထုတ်ပြတဲ့ပွဲမျိုး၊ ထူးချွန်ထက်မြက်တဲ့သူတွေ မွေးထုတ်ပေးနိုင်တဲ့ အခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမတွေ ကျောင်းသား၊ ကျောင်းသူတွေကို ဘာသာရပ်အလိုက် အကဲဖြတ်၊ အမှတ်ပေးပြီး ဆုပေးပွဲမျိုး၊ ကိုယ့်ဒေသရဲ့ စာရိတ္တမဏ္ဍိုင်ကို မြှင့်တင်တဲ့အနေနဲ့ ရိုးသားကြိုးစား မောင်မယ်များ သတ်မှတ်ဆုပေးတဲ့ပွဲမျိုး ကျင်းပကြဖို့ မေတ္တာရပ်ခံ အကြံပြုလိုက်ပါရစေ။

အယ်ဒီတာ (၁၀-၃-၂၀၁၈)