News

POST TYPE

EDITORIAL

ဈေးကွက်စီးပွားရေးနှင့် ကိုယ်တိုင် ဈေးရောင်းလိုသည့် အစိုးရ (Daily, Vol-5/No-284)
08-Mar-2018

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဓာတ်ဆီဆိုင်များ ဖွင့်လှစ်ရောင်းချမည်ဟု မကြာသေးခင်က ထုတ်ဖော်ပြောဆိုလိုက်သည့်အတွက် လက်ရှိအစိုးရနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုစရာ အချက်တစ်ခု ထပ်တိုးသွားခဲ့သည်။ 

မကြာသေးခင် ရက်ပိုင်းအတွင်း အငြင်းပွားဖွယ် ငြိမ်းစုစီ ဥပဒေကို ကန့်ကွက်မှုများ ရှိနေသည့်ကြားက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် မဆိုစလောက်ဖြင့် အတည်ပြုလိုက်ခြင်း၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ကို အဓိပ္ပာယ်ချဲ့ကား ဖွင့်ဆိုခြင်းတို့အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေသည့်ကြားက ယခုကဲ့သို့ အစိုးရက စီးပွားရေး ဝင်လုပ်မည်ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

ယခင်ကာလများကလည်း ပြည်သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်၊ ပြောဆို၊ ရေးသား၊ ဖြန့်ချိခွင့်နှင့် ဝေဖန်ပြောဆိုခွင့်ကို ကန့်သတ် ပိတ်ပင်လိုသော သို့မဟုတ် ဟန့်တားခြိမ်းခြောက်ရာ ရောက်သော ဆက်သွယ်ရေး ဥပဒေပါ ပုဒ်မ ၆၆ (ဃ) ကို ပြည်သူအများစုက ဖျက်သိမ်းလိုသော်ငြား အငြင်းပွားဖွယ်ရာ ပြင်ဆင်ချက်ဖြင့် ရှိမြဲအတိုင်း ထားလိုက်သည့်အပေါ်တွင်လည်း ဝေဖန်ကန့်ကွက်မှုများ အထူး များပြားခဲ့သည်။ 

ဆီဈေးနှုန်းများ တည်ငြိမ်ရန်နှင့် အရည်အသွေး ထိန်းသိမ်းရန် အကြောင်းပြချက်ဖြင့် အစိုးရက ဓာတ်ဆီဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းမှာ ဈေးကွက် စီးပွားရေးစနစ်၏ သဘော သဘာဝနှင့် မလျော်ညီသော ဖြေရှင်းနည်းဖြစ်နေပေသည်။ 

ဈေးကွက်စီးပွားရေး၏ အခြေခံသဘောမှာ အစိုးရများက ဈေးကွက်ကို စည်းမျဉ်း၊ စည်းကမ်းများဖြင့် ထိန်းညှိပေးရုံသာ တာဝန်ရှိပြီး ဈေးကွက်ကို သူ့သဘောအတိုင်း လွှတ်ပေးထားရသည်။ 

ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်စီမံခန့်ခွဲသော အစိုးရများဖြစ်ပါက အစိုးရက ပုဂ္ဂလိက လုပ်ငန်းများ ရှင်သန်ကြီးထွားရေးအတွက် အကူအညီပေးသည့် တာဝန်ကို ထမ်းဆောင်ရပြီး ကိုယ်တိုင် စီးပွားရေး ဝင်လုပ်ခြင်းမျိုး ရှောင်ရှားရသည်။ 

ဆိုလိုသည်မှာ ဈေးကွက် စီးပွားရေးနှင့် ဒီမိုကရေစီစနစ်မှာ ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ ယှဉ်တွဲနေရပြီး အစိုးရက ကိုယ်တိုင် ဈေးရောင်းခြင်းမှာ ဆိုရှယ်လစ်စနစ် သို့မဟုတ် တစ်ပါတီ အာဏာရှင်စနစ်က ကျင့်သုံး အကောင်အထည်ဖော်ခဲ့သည့် နည်းလမ်း အလွဲဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ 

ဆီအရည်အသွေးညံ့ဖျင်းခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်း၊ အချိန်အတွယ် မမှန်ကန်ခြင်းတို့မှာ အစိုးရကိုယ်တိုင် ဆီဆိုင် ဖွင့်ရောင်းလိုက်ရုံဖြင့် ပြေလည်သွားမည့် ပြဿနာများမဟုတ်ပေ။ အစိုးရ၏ လောင်စာဆီမူဝါဒ၊ ပုဂ္ဂလိကများသို့ ခွင့်ပြုပေးသည့်စနစ်၊ ၎င်းတို့အား ထိန်းကျောင်းသည့်ပုံစံများ လိုအပ်ချက်နှင့် ထိန်းညှိကွပ်ကဲရမည့် ဌာနဆိုင်ရာတို့၏ အကျင့်ပျက်ခြစားမှုတို့ကြောင့် ပေါ်ပေါက်နေခြင်းဖြစ်သည်။ 

နိုင်ငံအသီးသီးတွင် ဤပြဿနာ ပြေလည်စေရန် နာမည်ကျော် နိုင်ငံတကာ ဆီကုမ္ပဏီကြီးအချို့ကို ရောင်းချခွင့်ပေးလိုက်ခြင်းအားဖြင့် ရိုးရှင်းစွာ ဖြေရှင်းလေ့ရှိသည်။ ထိုသို့ ဖြေရှင်းခြင်းအားဖြင့် အထက်ဆိုခဲ့ပါ ပြဿနာများ ပြေလည်သွားသည့်အပြင် နိုင်ငံတော်အတွက် အခွန်ငွေများလည်း တစ်လုံးတစ်ခဲတည်း ရရှိနိုင်ပေသည်။ 

စင်စစ်အားဖြင့် ကားမူဝါဒကို အခြေပြုကာ ဆီသွင်းရောင်းချခြင်းဖြင့် ကြီးစွာ အမြတ်အစွန်း ရရှိနေသော ခရိုနီ လုပ်ငန်းရှင်များနှင့် ခေါက်ရိုးကျိုးနေသော အကျင့်ပျက်ဌာနများ၊ အရာထမ်း၊ ဝန်ထမ်းများကြောင့် နောက်ဆုံးအဆင့် သုံးစွဲသူ ပြည်သူများ နစ်နာကာ နိုင်ငံတော်အခွန်ငွေများ အပြည့်အဝ မရရှိဘဲ ဖြစ်နေသည့် အခြေအနေ အမှန်ကို အစိုးရက သိရှိရန် လိုအပ်ပေသည်။ 

အခြေအနေအမှန်ကိုသိရှိရန် မကြိုးစားဘဲ ယခင် တစ်ပါတီအာဏာရှင်စနစ်က မအောင်မြင်ခဲ့သော တစ်နည်းအားဖြင့် အကျင့်ပျက် ဝန်ထမ်းများကိုသာ မွေးထုတ်ပေးသကဲ့သို့ ဖြစ်ခဲ့သော အစိုးရကိုယ်တိုင် ဈေးဝင်ရောင်းသည့်နည်းလမ်းဖြင့် ဖြေရှင်းပါက ခုတ်ရာတခြား ရှရာတလွဲဖြစ်ကာ အစိုးရကို အကြံပေးနေသူများမှာ စီးပွားရေးပညာရှင်များ မဟုတ်ဘဲ အခွင့်အရေးမျှော် စီးပွားရေး “တောကြောင်”များသာဖြစ်သည်ဟု ကဲ့ရဲ့ပြစ်တင်ခံရနိုင်ကြောင်း သိစေလိုရင်း ဖြစ်သည်။ 

အယ်ဒီတာ (၈-၃-၂၀၁၈)