News

POST TYPE

EDITORIAL

လွှတ်တော်များ၏ တာဝန် (Daily, Vol-5/No-282)
06-Mar-2018

“အငြင်းပွားဖွယ်”ဆိုသော နာမဝိသေသနဖြင့် အထူးပြု ဖော်ပြလေ့ရှိသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းများဖြင့် ချိန်ထိုးကြည့်ပါက လိုအပ်ချက်များစွာ ရှိနေသေးသည်။ သို့သော် ယင်းဥပဒေပါ ပေးထားချက်များကိုပင် ယနေ့အချိန်အထိ ထန်ကုန်အောင် မဆိုထားနှင့် အခြေခံ အခွင့်အရေးများကိုပင် ဖြည့်ဆည်း ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

ပိုဆိုးသည်မှာ မူလက အကန့်အသတ်ဖြင့် ပေးထားသည့် အခွင့်အရေးများကိုပါ ထပ်မံ ချုပ်ချယ်ရန် ကြိုးစားလာခြင်းဖြစ်သည်။ အထူးသဖြင့် အလိုအလျောက် ရရှိနေရမည့် ပြည်သူလူထု၏ အခြေခံ လူ့အခွင့်အရေးများကိုပင် ဘောင်ကျဉ်းသွားစေရန် ကြိုးစားလာခြင်းမှာ ကောင်းသည့်လက္ခဏာ မဟုတ်ပေ။

ထိုအခြေအနေတွင် ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များက တစ်ဆင့်ခံ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအဖွဲ့ လုပ်ချင်သည်များကို အကောင်အထည် ဖော်ပေးနေသကဲ့သို့ ဖြစ်နေပေသည်။

တစ်ပါတီတည်းက လွှတ်တော်နေရာ အများစု အနိုင်ရပြီး အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အာဏာနှစ်ရပ်ကို ကိုင်စွဲ အသုံးပြုသည့်အခါ လစ်ဘရယ် ဒီမိုကရေစီစနစ် မဆိုထားနှင့် အကန့်အသတ် ဒီမိုကရေစီဟု ဆိုနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လွှတ်တော်နှင့် အစိုးရအကြား အပြန်အလှန် ထိန်းညှိမှုကိုပင် မမြင်တွေ့ရတော့ပေ။

ရခိုင်ပြည်နယ်လွှတ်တော်က အစိုးရအဖွဲ့ကို ထိန်းညှိနိုင်ခြင်းမှာ လွှတ်တော်တွင် နေရာအများစုကို ဒေသခံ ရခိုင်ပါတီများက အနိုင်ရရှိထားသောကြောင့်ဖြစ်ပြီး မကွေးတိုင်းတွင် ဝန်ကြီးချုပ်က ခန့်အပ်ရန် အမည်စာရင်း တင်သွင်းသူများကို လွှတ်တော်က ကန့်ကွက်ခြင်းမှာမူ အပြန်အလှန် ထိန်းညှိသည့်သဘောထက် ယခင်က NLD ပါတီဝင်ကို အလုပ်ဖြုတ်ရာတွင် စစ်ဆေးခဲ့သူဖြစ်နေခြင်းက အဓိက ဖြစ်နေသည်။

ထို့ကြောင့် အများအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များ အကောင်အထည် ပေါ်မလာသည့်အပြင် ပြည်ထောင်စု အစိုးရက ပို၍ချုပ်ကိုင်လာသည့် လက္ခဏာများ တစ်နေ့တခြား တိုးလာသည်ကို ဝမ်းနည်းဖွယ် တွေ့ရပေသည်။

အချို့ တိုင်းဒေသကြီး အစိုးရများဆိုလျှင် တိုင်းဒေသအတွင်း အကောင်အထည် ဖော်မည့် စီမံကိန်းအချို့ကို လွှတ်တော်အား အသိပေးရန်ပင် မလိုဟူသော အပြောအဆိုများ တရားဝင် ထွက်ပေါ်လာခြင်းမှာ တည်ဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပင် မကျေညက်သည့်သဘော ဖြစ်နေသည်။

ဥပဒေနှင့် မညီ၊ လူ့အခွင့်အရေး စံနှုန်းနှင့် မကိုက်၊ ဒီမိုကရေစီ ရေခံ မြေခံများနှင့် မလိုက်ဖက်သော အပြုအမူ၊ အပြောအဆို၊ လုပ်ကိုင်ဆောင်ရွက်မှုများ၊ ဥပဒေ ပြင်ဆင်မှုများ၊ အငြင်းပွားဖွယ် ချဲ့ကားအဓိပ္ပာယ် ဖွင့်ဆိုချက်များ ရှိစေကာမူ ဟုတ်သယောင်၊ မှန်သယောင် ခေါင်းညိတ်ထောက်ခံသူများ ရှိနေခြင်းမှာ တမင်ရည်ရွယ်ချက်ရှိရှိ ချောက်တွန်းနေခြင်းလော၊ ချစ်စိတ် လွန်ကဲကာ နားမလည်ဘဲ မျက်စိမှိတ်ဇွတ်ထောက်ခံနေခြင်းလော စောကြောဖွယ်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ၊ ဥပဒေပြု လွှတ်တော်များသည် ပြည်သူ့ဆန္ဒနှင့် အာဏာရပါတီ သဘောထားကွဲပြားစွာ သိရှိကြရန်နှင့် မိမိကို ရွေးချယ်ပေးလိုက်သော ပြည်သူ့မျက်နှာကို ထောက်ထားသောအားဖြင့်၊ မိမိဂုဏ်သိက္ခာနှင့် အရှက်တရားကို ငဲ့ကွက်သောအားဖြင့် ဒီမိုကရေစီအပေါ် ပြည်သူလူထုက စိတ်ပျက်မသွားရန် အထူး တာဝန်ရှိကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၆-၃-၂၀၁၈)