News

POST TYPE

EDITORIAL

ငြိမ်း စု စီ ဥပဒေကို ကန့်ကွက်ဆန္ဒပြပွဲ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်မည်
04-Mar-2018


ရန်ကုန်၊ မတ် ၎

အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန်ရှိသော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ (ငြိမ်း စု စီ)ကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒပြပွဲကို မြို့တော်ခန်းမရှေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

မတ်လ ၅ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည့် အဆိုပါ ဆန္ဒပြပွဲတွင် အဖွဲ့အစည်း ၁၀၀ ကျော်မှ လူ ၁၀၀၀ ကျော်သည် သခင်မြပန်းခြံတွင် စုရပ်လုပ်ကာ ကန့်သတ်မြို့နယ်များဖြစ်သော အလုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်များကို ဖြတ်ကျော်ချီတက်ကာ ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ငါးမြို့နယ်က ရဲစခန်းတွေကို မတ် ၁ ရက် စာတင်ထားတယ်။ အစိုးရသစ်လက်ထက်မှ တတိယ ပြင်ဆင်ချက်အရ ခွင့်ပြုချက် တောင်းစရာတော့ မလိုဘူး။ အသိပေး အကြောင်းကြားဖို့ပဲလိုတယ်။ အဲဒါကြောင့် အကြောင်းကြားစာ ပို့ပြီးပါပြီ”ဟု ၎င်းကဆိုသည်။

ငြိမ်း စု စီ ပြင်ဆင်ချက် ပယ်ဖျက်ပေးရေး၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ကာကွယ်ရေး၊ မတရားဥပဒေကို ဆန့်ကျင်ရေး တို့အရေး ဆိုသည့်အချက်များကို ကြွေးကြော်ကာ ဗီနိုင်းများ ကိုင်ဆောင်၍ ကန့်သတ်မြို့နယ်များကို ဖြတ်၍ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဆန္ဒပြပွဲတွင် လယ်သမား၊ အလုပ်သမား အဖွဲ့အစည်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ကျောင်းသားသမဂ္ဂများ၊ မသန်စွမ်းအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း ၁၀၀ ကျော် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းထံမှ သိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၁ ခုတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် (ဆန္ဒပြ)ခြင်းများအတွက် အသိပေးတင်ပြလာပါက ခွင့်မပြုရန် ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များထံ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်က အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွန့်နှင့် ပုဇွန်တောင်မြို့နယ်များတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကို ခွင့်မပြုကြောင်း ဖော်ပြထားပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်(ဆန္ဒပြ)ခြင်းအတွက် လျှောက်ထားလိုပါက တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ဟစ် တိုင်ကွင်းသို့ ပြောင်းလဲလျှောက်ထားရန် ပါရှိသည်။

ဖေဖော်ဝါရီလ ၁၉ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်ကို ဥပဒေကြမ်း ကော်မတီက တင်သွင်းခဲ့သည်။

အဆိုပါဥပဒေကြမ်းတွင် ဆန္ဒပြသည့် နောက်ခံ အဖွဲ့အစည်း အမည်ဖော်ပြရမည့်အချက်၊ ဆန္ဒပြပွဲ ခန့်မှန်းကုန်ကျစရိတ် ဖော်ပြရမည့်အချက်နှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်သည့် ဆန္ဒပြပွဲများကို လှုံ့ဆော်သူ၊ ဆန္ဒပြရန် တိုက်တွန်းသူများကို ထောင်သုံးနှစ်အထိ ချနိုင်သည့်အချက်များ ပြင်ဆင်ချက်တွင် ပါဝင်လာခဲ့သည်။ 

အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြင်ပ ပညာရှင်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်မှုများ ရှိနေကြသည်။

J-18