News

POST TYPE

EDITORIAL

တောင်ဇလပ်တိုင်း (မ်) ဂျာနယ် ဆက်ထုတ်မည်ဟု ချင်းပြည်နယ်အစိုးရဆို
02-Mar-2018

ရန်ကုန်၊ မတ် ၁

ချင်းပြည်နယ်အခြေစိုက်မီဒီယာများက ကန့်ကွက်နေသည့် ပြည်နယ်အစိုးရပိုင် တောင်ဇလပ်တိုင်း (မ်) ဂျာနယ်ကို ဆက်လက်ထုတ်ဝေမည်ဖြစ်ကြောင်း အဆိုပါဂျာနယ်ကို ဦးဆောင်ထုတ်ဝေနေသည့် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

ချင်းပြည်နယ်အခြေစိုက်သတင်း မီဒီယာ ၁၃ ခုပါဝင်သည့် သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ကာ ပြည်နယ်အစိုးရ၏ ဂျာနယ်ကို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း ပြည်နယ်အစိုးရအနေနှင့် လူထုကို အသိပညာ ဖြန့်ဝေသည့် ရည်ရွယ်ချက်ဖြင့် ထုတ်ခြင်းဖြစ်သဖြင့် ရပ်ဆိုင်းရန်မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လူထုက သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်သိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်တစ်ခုလုံး လွှမ်းခြုံပြီးတော့ လူထုက အစိုးရလုပ်နေတဲ့အရာတွေ၊ အစိုးရ အသုံးပြုနေတဲ့ ဘတ်ဂျက်တွေ၊ ဘယ်မြို့နယ်မှာ ဘာတွေလုပ်လဲဆိုတာ လူထုက ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်သိဖို့ လက်ရှိမီဒီယာတွေနဲ့ မလုံလောက်ဘူးလို့ သုံးသပ်တာဖြစ်လို့ အစိုးရက ဒီလိုမျိုး ထုတ်ဝေရတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်နယ်အတွင်းရှိ မီဒီယာများက လူထုထံ သတင်းအချက်အလက်ရောက်ရှိမှု မလုံလောက်ခြင်းကြောင့် ထုတ်ဝေရခြင်းဖြစ်ပြီး အစိုးရဘတ်ဂျက်ဖြင့် ထုတ်ဝေခြင်းမဟုတ်ဘဲ ပြင်ပရင်းနှီးမြှုပ်နှံမှုများ ပါဝင်ကြောင်း ဝန်ကြီးက ပြောဆိုသည်။

အဆိုပါ တောင်ဇလပ်တိုင်း (မ်) ဂျာနယ်ကို ဖေဖော်ဝါရီလက ပထမဦးဆုံး ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တစ်လတစ်ကြိမ် ထုတ်ဝေမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

ယင်းသို့ ချင်းပြည်နယ်အစိုးရက ဦးဆောင်၍ ဂျာနယ်ထုတ်ဝေမှုအပေါ် ချင်းမီဒီယာများက အပြင်းအထန် ကန့်ကွက်နေကြပြီး ယင်းသို့ဆောင်ရွက်မည့်အစား သတင်းအချက်အလက်ကို ပိုမိုထုတ်ပြန်ပေးရန်သာ လိုအပ်ကြောင်း ချင်းမီဒီယာကွန်ရက်က ထုတ်ပြန်ထားသည်။

J-08