News

POST TYPE

EDITORIAL

မေယုကိုဆန် မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၁၄)
17-Feb-2018

စစ်တွေမြို့ကို လှည့်လည်ကြည့်ရှုခြင်း

စစ်တွေ ကမ်းနားလမ်းမှာ တည်ဆောက်နေသည့် “ကုလားတန် ကုန်စည်ပို့ဆောင်ရေး ဆိပ်ခံတံတား” စီမံကိန်းကို ကြည့်ရှုပြီးသည့်နောက် အနီးတွင် တစ်ဆက်တည်း အကောင်အထည်ဖော်နေသည့် “စစ်တွေဆိပ်ကမ်း မြို့သစ်စီမံကိန်း” Sittwe Waterfront New City Project ကို သွားရောက်ကြည့်ရှုကြသည်။ ဤစီမံကိန်းကို ကိုရီးယားနိုင်ငံသားများ ပိုင်ဆိုင်သော BXT International Co က ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ စစ်တွေ အရှေ့ဘက် ကုလားတန်မြစ်ကမ်း မြောက်ဘက်ထိပ်နားမှာ တည်ရှိသည်။ စုစုပေါင်း ဧက ၉၀ ကျယ်ဝန်းသည့် မြေနေရာတစ်ခုကိုကို ဖော်ထုတ်ပြီး မြို့ပြအိမ်ရာသစ်များ တည်ဆောက်မည့် စီမံကိန်းဖြစ်သည်။

ကျွန်တော်တို့သတင်းမီဒီယာအဖွဲ့ စီမံကိန်းဝင်းထဲရောက်ရှိလာချိန်မှာ တာဝန်ခံရှင်းပြမည့်သူ တစ်ဦးမျှမတွေ့ရပါ။ စီမံကိန်းရုံးရှေ့မှာ လူငယ်တစ်ဦးကိုသာတွေ့ရပြီး သူက စီမံကိန်းအကြောင်းမသိ။ မြေကွက်ရောင်းသည့် မားကက်တင်းကိုယ်စားလှယ်တစ်ဦးဟုသာ ဆိုသည်။ ခဏနေတော့ စီမံကိန်းရုံးထဲက လူတစ်ဦးထွက်လာပြီး အထဲဝင်ဖို့ ဖိတ်ခေါ်သည်။ စီမံကိန်းရုံးထဲမှာ လူများများစားစားမတွေ့ရ။ စကားပြန်အမျိုးသမီးတစ်ဦး၊ ကိုရီးယားနိုင်ငံသား စီမံကိန်းတာဝန်ခံတစ်ဦးနှင့် အခြားဝန်ထမ်းတစ်ဦးကိုပဲ တွေ့ရသည်။ ရုံးခန်းထဲမှာတော့ စီမံကိန်းပုံစံငယ်နှင့်အတူ မြေပုံကားချပ်တွေ၊ ဇယားတွေ၊ အကောင်အထည်ဖော်နေသည့် မှတ်တမ်းဓာတ်ပုံတွေကို မြင်ရသည်။ ကိုရီးယားနိုင်ငံသားက စီမံကိန်းအကြောင်း ပါဝါပွိုင့်ဖြင့် ရှင်းပြသည်။ သတင်းသမားတွေက သိလိုသည်တို့ကို မေးမြန်းကြသည်။ ပြီးတော့ အပြင်ထွက်လာပြီး စီမံကိန်းမြေနေရာကို လမ်းလျှောက်ပြီး ကြည့်ကြသည်။

စီမံကိန်းပါ အချက်အလက်တွေအရ ယခုစီမံကိန်းက စစ်တွေမြို့အတွက် အလွန်ကောင်းမွန်သည့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းတစ်ခုဖြစ်သည်။ Waterfront New City Project ဟု ခေါ်တွင်ထားသည့်အတိုင်း ယခုဖော်ထုတ်နေသော မြေနေရာတွင် ရေပြင်ကျယ်ကို မျက်နှာမူထားသည့် လူနေတိုက်ခန်းများ၊ ကွန်ဒိုမီနီယံ၊ ရှော့ပင်းစင်တာနှင့် လုံးချင်းအိမ်ရာများ ပေါ်ထွက်လာမည်ဖြစ်သည်။ အမှန်တကယ် အကောင်အထည်ပေါ်လာခဲ့လျှင် စစ်တွေဆိပ်ကမ်းက စင်ကာပူလို၊ ဟောင်ကောင်လို မြို့သစ်တစ်ခုဖြစ်လာမည်။ စိတ်ကူးဖြင့်ဖန်တီးထားသော ဂရပ်ဖစ်ဒီဇိုင်းကတော့ အတော်လှသည်။ ထိုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်မှာလည်း စစ်တွေမြို့ရှိ ထိုမြေကွက်များကို စတင်ရောင်းချနေသည်ကို တွေ့ရသည်။ စတုရန်းတစ်ပေပတ်လည် ၂ သိန်းမှ ၅ သိန်းအထိရှိသော မြေကွက်တွေကို ၂၅၀၀၀ ကျပ်တည်းနှင့် ရနိုင်ပြီဆိုပြီး I Myanmar house အိမ် ခြံ မြေ ကုမ္ပဏီက ရောင်းနေတာတွေ့ရသည်။

ကျွန်တော်တို့အဖွဲ့ ရောက်ရှိသွားချိန်မှာ မြေဖို့လုပ်ငန်း အတော်ပြီးစီးနေတာ တွေ့ရသည်။ တကယ်တော့ ကုလားတန်မြစ်ကမ်းစပ်ကို မြေဖို့ချဲ့ထွင်ထားသည့် စီမံကိန်းဖြစ်သည်။ မူလသောင်တိမ်မြစ်ကမ်းကို မြေသားအထပ်ထပ်ဖို့ပြီး ချဲ့ထွင်ထားခြင်းဖြစ်သည်။ ကိုရီးယား BXT ကုမ္ပဏီ၏ အဓိကလုပ်ဆောင်ချက်က မြေဖို့အကွက်ဖော်သည့် Developer လုပ်ငန်းဖြစ်သည်။ အဆောက်အအုံတွေ ဘယ်တော့ဆောက်လုပ်နိုင်မည်လဲဟု မေးကြည့်သောအခါ ထိုကိစ္စသည် သူတို့တာဝန်မဟုတ်ဘဲ မြေကွက်ဖော်ထုတ်ခြင်းသာ တာဝန်ယူထားသည်ဟု ကိုရီးယားတာဝန်ခံက ဖြေသည်။ မြေကွက်ဖော်ထုတ်ဖို့ နောက်ထပ်အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရဦးမည်ဖြစ်သော်လည်း ရန်ကုန်မှာတော့ မြေကွက်တွေ စရောင်းနေပြီ။ ရခိုင်ပြည်နယ်အစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသည့်ဟု ဆိုထားသော်လည်း ပြည်နယ်အစိုးရနှင့် BXT ကုမ္ပဏီအကြား ဘယ်လိုနားလည်မှုယူထားသည်၊ ဘယ်လိုအပေးအယူလုပ်ထားသည် မသိရ။ ယခုစီမံကိန်း အကောင်အထည်ဖော်နေဆဲမှာပင် ဒေသခံရေလုပ်သားတွေနှင့် ပြဿနာအချို့ ဖြစ်ပေါ်နေသည်။ ယခင်က ရေလုပ်သားများ၏ လှေဆိပ်ကို မြေဖို့လိုက်သည့်အတွက် ရေလုပ်သားတွေ စစ်တွေမြို့ထဲဝင်ဖို့ အခက်တွေ့သွားသည်။ ထိုနေရာအစား ကုမ္ပဏီက ဝင်လမ်းအသစ်လုပ်ဆောင်ပေးမည်ဆိုသော်လည်း ရေလုပ်သားတွေအတွက် အဆင်မပြေဟုဆိုသည်။ ဧရာမ ဖို့မြေပြင်ကျယ်ကြီးကို ကျွန်တော်တို့ ဖြတ်လျှောက်ပြီး ကြည့်ကြသည်။ ထိုနေရာမှကြည့်လျှင် စစ်တွေမြို့ကမ်းနားတစ်ဝိုက်ရှိ အဆောက်အအုံတွေကို အဝေးမှလှမ်းမြင်ရသည်။ မြို့လယ်နှင့်ကပ်လျက်ရှိသော နေရာဖြစ်သဖြင့် နေရာကောင်းဖြစ်သည်။ ဒါကြောင့်လည်း အကျိုးဆောင်တွေက စစ်တွေမြို့လယ်မှာ တစ်စတုရန်းပေ ၂ သိန်းမှ ၅ သိန်းရှိသောနေရာကို တစ်စတုရန်းပေ ၂၅၀၀၀ ကျပ်နှင့် ဈေးခေါ်ရောင်းနေခြင်းဖြစ်သည်။ စီမံကိန်းကတော့ ကောင်းပါသည်။ သို့သော် ပြည်နယ်အစိုးရနှင့် ဘယ်လိုအပေးအယူလုပ်ထားသည် မသိရ။ ကိုရီးယားကုမ္ပဏီနှင့် ပြည်နယ်အစိုးရ ဘယ်လိုသဘောတူထားသည် မသိရ။ ထိုစီမံကိန်းမိတ်ဆက်ပွဲကို ဒီဇင်ဘာလ နောက်ဆုံးပတ်က ရန်ကုန်မြို့တွင် ကျင်းပသောအခါ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးတစ်ဦး လာတက်ခဲ့သည်ဟုတော့ သိရသည်။ ယခု စီမံကိန်းကြောင့် တစ်ဆက်တည်းရှိနေသည့် ကုလားတန်ကုန်စည်ပို့ဆောင်ရေး ဆိပ်ခံတံတားဘက်မှာ နုန်းမြေပို့ချမှု ဖြစ်လာသဖြင့် ထိခိုက်မှုရှိနေသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။ မည်သို့ပင်ဖြစ်စေ စီမံကိန်းတစ်ခုလုံး ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော်နိုင်ခဲ့လျှင် အနာဂတ်စစ်တွေမြို့က အလွန်လှပစည်ကားလာနိုင်သည်။

စစ်တွေဆိပ်ကမ်းမြို့ သစ်စီမံကိန်းဝင်းကြီးထဲက ထွက်လာကြပြီးနောက် “ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးကော်မတီ”ဟု အလွယ်ခေါ်နိုင်သည့် CRR ရုံးကို ဆက်သွားကြသည်။ ရုံးက စစ်တွေ ဝေသာလီ အားကစားကွင်းအနီးမှာရှိသည်။ CRR ဟု အတိုကောက်ခေါ်သော်လည်း အပြည့်အစုံမှာ The Ancillary Committee for Reconstruction in Rakhine National Territory in the Western Frontier ဖြစ်သည်။ “အနောက်ဘက်ဒေသ ရခိုင်အမျိုးသားနယ်မြေများ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီ”ကို ဩဂုတ်လ ၂၅ ရက် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံ၊ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ ရခိုင်လူမျိုး သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့အား အတွင်းရေးမှူး ဦးသန်းထွန်းအပါအဝင် အမှုဆောင်လူကြီးများက ကြိုဆိုကြပြီး CRR ၏ အစီအမံများကို ရှင်းပြသည်။ အဓိကရည်ရွယ်ချက်မှာ အနောက်ဘက်နယ်စပ်ဒေသတွင် ရခိုင်လူမျိုးများ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် အထောက်အပံ့ပေးရန် ဖြစ်သည်။ ကျွန်တော်တို့ အလာခရီး ကိုးတန်ကောက်ကျေးရွာအနီးတွင် တွေ့ခဲ့ရသော ရွှေ့ပြောင်း အခြေချအိမ်ရာသစ်များသည် CRR ၏ အထောက်အပံ့များဖြစ်သည်။ ထိုနေရာတွင် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ရေလုပ်သားအချို့အတွက် နေစရာအိမ်၊ ငါးဖမ်းပိုက်၊ ငါးဖမ်းလှေများ ပံ့ပိုးကာ ပြန်လည် အခြေချနေထိုင်စေသည်ကို တွေ့ခဲ့ရသည်။ အလားတူ ရခိုင်ပြည်နယ်နှင့် အခြားသော မြို့နယ်များမှ ရခိုင်လူမျိုးများ လာရောက်အခြေချနေထိုင်လျှင် လိုအပ်သော ပံ့ပိုးမှုတွေ ပေးနေသည်။

“အဓိက ကတော့ ဒီဒေသမှာ ရခိုင်တိုင်းရင်းသားတွေ ပြန်ပြီး အခြေချနေထိုင်နိုင်ဖို့အတွက်ပါ။ သူတို့အတွက် မြေနေရာ၊ အိမ်၊ ငါးဖမ်းပိုက်၊ ငါးဖမ်းလှေ စသည်ဖြင့် ကူညီပေးနေတယ်။ အခုဆိုရင် တချို့ ပြောင်းလာတဲ့ အိမ်ထောင်စုတွေ ရှိနေပြီ”ဟု ဆိုသည်။

CRR အဖွဲ့၏ ရည်မှန်းချက်က ကောင်းသော်လည်း တာဝန်ကကြီးသည်။ လတ်တလောအထိ စီးပွားရေးလုပ်ငန်းရှင်တချို့၏ လှူဒါန်းမှုသာရှိပြီး နိုင်ငံတကာ အထောက်အပံ့မရှိ။ “အစိုးရက ထွက်သွားတဲ့ ဘင်္ဂါလီတွေ ပြန်ဝင်လာဖို့အတွက်ပဲ ဦးစားပေးနေတယ်။ ရခိုင်တိုင်းရင်းသားတွေဘက်ကျ လှည့်မကြည့်ဘူး”ဟု ဆိုသည်။ ယခု CRR ၏ အစီအမံမျိုး ၁၉၉၀ ပြည့်လွန်နှစ်များကလည်း နတလ က လုပ်ခဲ့ဖူးသည်။ နတလသည် ရန်ကုန်မြို့မှ ကျူးကျော်များ၊ အိုးမဲ့အိမ်မဲ့များကို မောင်တောနယ်စပ်ဒေသတွင် ကျေးရွာတည်ဆောက်ပေးပြီး လယ်ယာမြေများ ပေးဝေခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသူများအားလုံး လယ်မြေများကို ဘင်္ဂါလီတို့အား ရောင်းချလျက် ရွာများကို စွန့်ခွာသွားခဲ့သဖြင့် အောင်မြင်မှုမရခဲ့ပေ။ “နတလက လုပ်တာနဲ့ ကျွန်တော်တို့ CRR က လုပ်တာမတူပါဘူး။ နတလက ရန်ကုန်က ကျူးကျော်တွေ၊ အိမ်ခြေရာမဲ့တွေခေါ်ပြီး နေရာချပေးတာ။ ကျွန်တော်တို့က တကယ်အလုပ်လုပ်ပြီး လာနေမယ့် ရခိုင်တိုင်းရင်းသားတွေကို ဦးစားပေးဖိတ်ခေါ်ပြီး အကူအညီပေးတာ”ဟု အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မောင်တောဒေသတွင် ဩဂုတ်လ တိုက်ခိုက်မှုမဖြစ်ပွားမီက ဘင်္ဂါလီရွာ ၅၀ ကျော်ရှိသော်လည်း ယခုအခါ ၁၀ ရွာခန့်သာ ကျန်တော့သည်။ CRR အနေနှင့် ရေရှည်တွင် မောင်တောဒေသ၌ ရခိုင်တိုင်းရင်းသားကျေးရွာနှင့် မွတ်ဆလင် ဘင်္ဂါလီကျေးရွာအချိုးကို ဒုတိယကမ္ဘာစစ်မတိုင်မီအနေအထားမျိုး ပြန်ရောက်ရန် ရည်ရွယ်သည်ဟု သိရသည်။ လက်ရှိအခြေအနေတွင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများက မောင်တောတောင်ပိုင်းဒေသကို မွတ်ဆလင် “ဘင်္ဂါလီကင်းမဲ့ဇုန်”အဖြစ် ထားလိုပြီး ဘင်္ဂါလီများကို ပြန်လည်အခြေချခွင့်မပေးလိုကြ။ မောင်တောမြောက်ပိုင်းဒေသဘက်တွင်သာ သူတို့ကို နေရာချပေးစေလိုကြသည်။ ယခုအချိန်ထိတော့ ဘင်္ဂါလီတွေအနေနှင့် ထိုနေရာများတွင် ပြန်လည်အခြေချဖို့ အာမခံချက်တစ်စုံတစ်ရာ မရှိသေးပါ။

ချစ်ဝင်းမောင်