News

POST TYPE

EDITORIAL

မလုံခြုံသော အိန္ဒိယအမျိုးသမီးများဘဝ
08-Feb-2018


၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အနီးရှိ ဆေးရုံတစ်ရုံတွင် ဗိုက်ခွဲမွေးထားသည့် အမျိုးသမီးတစ်ဦးကို နာရီပိုင်းအတွင်းမှာပင် မုဒိမ်းကျင့်ခြင်း ခံလိုက်ရသည်။ မုဒိမ်းသမားက လူနာကို ပြုကျင့်အပြီးတွင် ရိုက်နှက်သွားသေးသည်။

နောက်ရက်အနည်းငယ်အကြာ မတ်လ ၈ ရက်နေ့ (အမျိုးသမီးများနေ့) တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးလေးတစ်ဦးမှာ မုဒိမ်းကျင့်ပြီး မီးရှို့အသတ်ခံလိုက်ရသည်။ 

၂၀၁၂ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုကိုလည်း ယနေ့တိုင် မည်သူမှ မေ့မရနိုင်သေး။ နာ့ဟာရာဆိုသူ ဆေးကျောင်းသူ ကောင်မလေးသည် ဘတ်စ်ကားပေါ် ရည်းစားဖြစ်သူနှင့် တက်လာစဉ် လူတစ်စုက သံတုတ်များနှင့်ရိုက်ကာ ကောင်မလေးကို ကောင်လေးရှေ့တွင်ပင် အုပ်စုလိုက် ဝိုင်းပြီး မုဒိမ်းကျင့်လိုက်ကြသည်။ ကောင်မလေးကို ကားပေါ်ကပစ်ချသည်။ နောက်ပိုင်း သေသွားသည်။ ထိုကိစ္စက တစ်ကမ္ဘာလုံးပါ ပျံ့နှံ့သွားပြီး အိန္ဒိယတရား စီရင်ရေးနှင့် အမျိုးသမီးများ၏ မလုံခြုံသည့်ဘဝကို စိန်ခေါ်စရာ ဖြစ်သွားခဲ့ရသည်။ ထိုမုဒိမ်းမှုနှင့်ပတ်သက်ပြီး အိန္ဒိယ အမျိုးသမီးထု တစ်ရပ်လုံး ပေါက်ကွဲကြသည်။ သို့သော် ကောင်မလေး သေသွားပြီးသည့် ၂ နှစ် ကြာသည်အထိ အမှုက အီလည်လည် ဖြစ်နေခဲ့သောကြောင့် သေဆုံးသူ ကောင်မလေး၏ မိဘများက အိန္ဒိယ တရားစီရင်ရေးအပေါ် ပြုပြင်ပြောင်းလဲမှုများ မရှိသေးကြောင်း ထောက်ပြဝေဖန်မှု ပြုရသည်အထိ ဖြစ်ခဲ့ရသည်။ နာ့ဟာရာအပေါ်တွင် သာမဟုတ်၊ အိန္ဒိယ တရားစီရင်ရေးက အမျိုးသမီး တစ်ရပ်လုံးအပေါ်တွင်ပါ မလုံခြုံသည့် အနေအထား ရောက်နေခဲ့ရပါသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံ၏ ပြဋ္ဌာန်းထားသော ဥပဒေများသည် အမျိုးသမီးများအပေါ် စော်ကားမှုများတွင် ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသေးဟု ထောက်ပြထားသည်။ အိန္ဒိယနိုင်ငံအတွင်း လူသိရှင်ကြား အဖြစ်မခံလိုသည့် မုဒိမ်းမှုပေါင်းများစွာ ရှိနေဆဲဖြစ်သည်။ 

အိန္ဒိယနိုင်ငံရှိ အမျိုးသမီးများသည် ၁၅ မိနစ်တိုင်းတွင် တစ်ဦးသည် မုဒိမ်းကျင့်မှုကို ခံနေကြရသည်။ မုဒိမ်းအကျင့်ခံရမှုများကို ဖော်ထုတ်လိုက်လျှင် ပြဿနာတက်မည် စိုးရိမ်သောကြောင့်လည်းကောင်း၊ ရဲနှင့်မပတ်သက်ချင်သောကြောင့်လည်းကောင်း ငြိမ်ခံနေလိုက်ကြသူပေါင်း များစွာကလည်း စာရင်းမဝင်ရှိနေသေးသည်။ အမျိုးသမီးများ အကြမ်းဖက် ရိုက်နှက်ခံနေရခြင်းက ၂ မိနစ်တွင် တစ်ဦးနှုန်းဖြစ်သည်။ ကမ္ဘာ့စာရင်းတွင်လည်း အိန္ဒိယသည် စံချိန်တင်ရလောက်အောင် ထိပ်ဆုံးတွင်ရှိနေသည်။

အိန္ဒိယနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်းများ မြင့်တက်မှုမှာ ရဲများသည် ဆင်းရဲသည့်သူများအပေါ်တွင် စောင့်ရှောက်နိုင်မှု အားနည်းခြင်းကြောင့်လည်းပါသည်။ အိန္ဒိယနိုင်ငံ၏ ရဲများ၏ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မှုနှုန်းမှာ ပြည်သူ ၇၂၀ လျှင် တစ်ဦးနှုန်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ရဲများ၏ အဆိုးရွားဆုံးသော စောင့်ရှောက်မှုကို ခံနေရသည့် နိုင်ငံများထဲတွင်လည်း ထိပ်ဆုံးက ရှိနေသည်။ 
အမေရိကန် ပြည်ထောင်စုတွင် ပြည်သူ ၄၃၆ ဦးလျှင် ရဲတစ်ဦးနှုန်း၊ တောင်အာဖရိကတွင် ပြည်သူ ၃၄၇ ဦးလျှင် ရဲတစ်ဦးနှုန်း၊ သီရိလင်္ကာတွင် ပြည်သူ ၄၂၄ ဦးလျှင် ရဲတစ်ဦးနှုန်းရှိသည်။ အိန္ဒိယရဲသုတေသနဌာန (BPR&D) ၏ထုတ်ပြန်ချက်တွင် နိုင်ငံအတွင်း ရဲတပ်ဖွဲ့ အရေအတွက် ၅ သိန်းခန့် လျှော့ထားခြင်းကို ခံနေရသည်ဟုဆိုသည်။ 

အိန္ဒိယရဲများသည် စနစ်တကျ လေ့ကျင့်သင်တန်းပေးထားသူများ နည်းသည်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို မည်သို့ ကိုင်တွယ်ရမည်ဆိုခြင်းကို ကောင်းစွာမသိဟုဆိုသည်။ ထိုကိစ္စမျိုးကို ကြုံတွေ့ရပြီ ဆိုလျှင် အကြမ်းဖက် ကိုင်တွယ်မှုများကြောင့် အမှုတွေက ပျောက်သွားရသည်များ ရှိနေဆဲဖြစ်သည်။ 

ပိုဆိုးသည်က အိန္ဒိယ တရားစီရင်ရေးစနစ်ဖြစ်သည်။ အလွန်နှေးကွေးစွာ တရားစီရင်နေမှုများကြောင့် အမှုတစ်ခုလျှင် ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာသွားနိုင်သည်။ ဆင်းရဲသားများသည် တရားရုံးတွင် နှစ်ရှည်လများ အမှုရင်ဆိုင်ရမည်ကို ကြောက်သောကြောင့်လည်း ရဲကလာဘ်စားပြီး ကျေအေးခိုင်းလိုက်လျှင် ပြီးသွားကြရသည်က များသည်။ အိန္ဒိယနိုင်ငံတွင် လူတစ်သန်းအတွက် တရားရုံး ၁၅ ရုံးနှုန်းသာရှိသည်။ တရုတ်တွင် လူတစ်သန်းအတွက် တရားရုံး ၁၅၉ ရုံးရှိခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ 

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက် ခံနေရသည့် နောက်ကိစ္စတစ်ခုမှာ အက်စစ်နှင့် အပက်ခံနေရခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လက အိန္ဒိယနိုင်ငံ လပ်နောင်းရှိ အစိုးရဖွင့်ထားသော အဆောင်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အက်စစ်နှင့် အပက်ခံလိုက်ရသည်။ အစောင့်တွေက ပြေးလာပြီး ကယ်ဆယ်ကြသည်။ မည်သူပက်သွားမှန်းမသိ။ အက်စစ်နှင့် အမျိုးသားတစ်ဦးကပက်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။ သူ့ကို မတ်လက အမျိုးသားနှစ်ဦးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ခု ပြုလုပ်ခဲ့သည်။ အမျိုးသမီးက ခုခံသဖြင့် ထွက်ပြေးသွားခဲ့သည်။ ယနေ့ အက်စစ်နှင့်ပက်သူများသည် ထိုအထဲက တစ်ဦးဖြစ်မည်ဟု ယူဆရသည်ကလွဲပြီး တရားခံကို ဖမ်းမိခြင်း မရှိတော့ပေ။

အိန္ဒိယနိုင်ငံတွင် အက်စစ်ပက်ပြီး တိုက်ခိုက်ခြင်းကို ခံနေရသည့် အမျိုးသမီးပေါင်းကလည်း နှစ်စဉ် ၂၅၀ မှ ၃၀၀ ကြားတွင် ရှိနေသည်။ အစိုးရက အက်စစ်နှင့် အန္တရာယ်ဖြစ်စေသည့် ဓာတုဗေဒဆေးများကို ရောင်းချရန် တားမြစ်ပိတ်ပင်ထားသော်လည်း အက်စစ်ပက်မှုများကား ဖြစ်နေဆဲပင်။

၂၀၁၆ ခုနှစ်က အိန္ဒိယနိုင်ငံတွင် အက်စစ်ပက်ပြီး တိုက်ခိုက်ခံရသူပေါင်း ထောင်ချီရှိသည်။ သို့သော် အမှု ၃၀၀ လောက်သာ ရဲစခန်းကို ရောက်လာသည်။ ဒေလီတွင် ၂၀၁၁ ခုနှစ်က မုဒိမ်းမှု ၅၇၂ မှုသာ ဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ၂၁၅၅ မှုအထိ တိုးမြင့်လာသည်။ 

အိန္ဒိယနိုင်ငံတွင် အက်စစ်ဖြင့် အပက်ခံရသူများထဲ၌ လက်ချမီးဆိုသူသည် ထင်ရှားသည်။ သူက TED Talk တွင် ဝင်ရောက်ဆွေးနွေးခွင့်ရခဲ့သူဖြစ်ပြီး သူ့ကြောင့်လည်း အိန္ဒိယတွင် အက်စစ်နှင့် အပက်ခံရသည့် အမျိုးသမီးများဘဝကို စာနာခဲ့ကြရသည်။ လက်ချမီးသည် ယခုအခါ ကလေး ၂ ဦး၏ မိခင်ဖြစ်နေပြီ။ သူက “အက်စစ်နဲ့ ပက်လိုက်တာဟာ မိသားစု ဘဝတစ်ခုလုံးကို ဖျက်ဆီးလိုက်တာပါပဲ”ဆိုသည့် မှတ်ချက်က ပိုပြီး စိတ်မကောင်းစရာ ဖြစ်သည်။ 

၂၀၁၇ ခုနှစ် ဇန်နဝါရီလလယ်က ဖြစ်သည်။ နယူးဒေလီ ရဲတပ်ဖွဲ့က ဆူနီရက်စ်တိုဂီဆိုသူကို အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်မှုဖြင့် ဖမ်းဆီးလိုက်သည်။ အသက် ၃၈ နှစ်အရွယ် ကလေးငါးယောက်ဖခင် ကိုယ်တိုင်က ပြစ်မှုကိုဝန်ခံလိုက်သဖြင့် တုန်လှုပ်စရာအမှုတစ်ခုအဖြစ် လူသိရှင်ကြား ဖြစ်ခဲ့ရပြန်သည်။ ဆူနီသည် နှစ်ပေါင်း ၁၀ နှစ်အတွင်း မိန်းကလေး ၅၀၀ ခန့်ကို မုဒိမ်းကျင့်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် သူ့ကို ရဲတပ်ဖွဲ့က ပြည်နယ်ပေါင်း သုံးခုအတွင်း မုဒိမ်းမှုပေါင်း ၅၈ မှုနှင့်သာ သက်သေပြပြီး တရားစွဲနိုင်ခဲ့သည်။ နှစ်ပေါင်း ၁၀ နှစ်ကျော် အရွယ်မရောက်သေးသည့် မိန်းကလေးများကို လိုက်လံဖျက်ဆီးနေသော မုဒိမ်းသမားတစ်ယောက်ကို အဘယ်ကြောင့် ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသနည်းဟု ရဲများကို မေးခွန်းထုတ်ခြင်း ခံရသည်။ 

အိန္ဒိယနိုင်ငံတွင် မုဒိမ်းမှုများ တိုးတက်လာခြင်းမှာ မြို့ပြများတွင် ၁၉၉၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း လူဦးရေ တိုးတက်လာခြင်းများနှင့်လည်း ပတ်သက်နေကြောင်း တွေ့ရသည်။ ကျေးလက်မှလူများ မြို့ပြကို လာရောက် နေထိုင်ကြသောကြောင့် မြို့ကြီးများတွင် လူဦးရေ ၄၀ ရာခိုင်နှုန်းခန့် တိုးတက်မြင့်မားလာခဲ့ရသည်။ ဒေလီမြို့တွင် လူဦးရေ သည် ၂၇ သန်းမှ ၄၆ သန်းအထိ မြင့်တက်သွားခဲ့ရကြောင်း စာရင်းများက ပြဆိုနေသည်။ 

မြို့ပြအနီးတွင် ဆင်းရဲသားရပ်ကွက်တွေ တိုးလာ သည်။ ရေနှင့် အညစ်အကြေးစွန့်စရာ နေရာတွေ ရှားပါးလာသည်။ မြို့ပြအနီးတွင် နေထိုင်ကြသော ဆင်းရဲသားရပ်ကွက်များတွင် မြို့ပြစရိုက်များ ကူးစက်လာသည်။ ကျေးလက်တွင် မျက်နှာကိုပင် လုံအောင် ဖုံးပြီး နေကြသူများသည် မြို့ပြရောက်မှ အတို၊ အပေါ် တွေ ဝတ်ဆင်လာကြခြင်းကလည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်နိုင်ရေးကို ဖိတ်ခေါ်နေသလိုဖြစ်စေသည်။ 

သက်ငယ်၊ သက်ကြီး မုဒိမ်းမှုများသည် ပတ်ဝန်းကျင် တွင် မပြတ်ဖြစ်ပွားနေမှုကို သည်းမခံနိုင်သည့် မိဘများ သည် မိမိတို့သားသမီးများကို ခေါ်ပြီး တောပြန်ပြေး ကြသည်။ သို့သော် လူနည်းစုသာဖြစ်သည်။ တောပြန် လည်း စားစရာမရှိသည့်အတူတူ မြို့တွင်ခိုပြီး ဘဝကို ဖြစ်သလို ရင်ဆိုင်လိုက်ကြသည်ကများသည်။ 

၂၀၁၅ ခုနှစ်အထိ အိန္ဒိယရဲတပ်ဖွဲ့သည် မုဒိမ်းမှု တိုင်ကြားမှုပေါင်း ၄၀၀၀၀ ခန့်သာ ရရှိသည်ဟုဆို သည်။ ထိုအထဲတွင် သုံးပုံတစ်ပုံမှာ အရွယ်မရောက် သေးသည့် ကလေးငယ်များဖြစ်နေသည်။ တရားရုံး သို့တရား စွဲဆိုလိုက်သည့်အမှုပေါင်းတွင်လည်း လိင် ပိုင်းဆိုင်ရာ ကျူးလွန်မှုများတွင် သုံးပုံတစ်ပုံခန့်သာ စီရင်ချက်ချနိုင် သည်အထိ အမှုကို ရင်ဆိုင်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင် မုဒိမ်းမှုပေါင်း ၈၀ မှ ၉၀ ရာခိုင်နှုန်းခန့်မှာ ဆိုင်းငံ့ထားဆဲ ခံနေရသည်ဟု National Crime Records Bureau အဖွဲ့ အစီရင်ခံစာတွင်ဆိုထားသည်။ 

ကလေးငယ်ပေါင်းများစွာကို မတရားကျင့်ခဲ့သည့် ဆူနီ ရက်စ်တိုဂီအမှုတွင် သူသည် ၂၀၀၄ ခုနှစ် မှ ၂၀၁၅ ခုနှစ် အတွင်း မိန်းကလေးငယ်ပေါင်း များစွာကို ပြန်ပေးဆွဲမှုဖြင့် နှစ်ကြိမ်တိုင် အဖမ်းခံရပြီး ရဲမှတ်တမ်းဝင်ဖြစ်နေသည်။ သို့သော် သူသည် အဘယ်ကြောင့် လွတ်မြောက်နေရသနည်း။

ဆူနီ ရက်စ်တိုဂီကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် ရဲကတစ်ကြိမ်ဖမ်းပြန်သည်။ လူပြတ်သည့်နေရာတွင် ၁၀ နှစ် သမီးလေးကို မတရားပြုကျင့်နေစဉ် ဈေးဆိုင်ရှင်တစ်ဦးက ဖမ်းဆီးမိခြင်းဖြစ်သည်။ သူသည် ၆ လခန့်သာ အချုပ်ထဲ နေလိုက်ရပြီး ထပ်လွတ်သွားပြန်သည်။ 

ဆူနီလို မုဒိမ်းသမားကို ရဲက အရေးမယူနိုင်သဖြင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ပဋိပက္ခတွေက များလှသည်။ မုဒိမ်းသမားက ထောင်ကလွတ်ပြီး ပေါ်ပေါ်ထင်ထင် နေနိုင်ရုံမက နောက်ထပ် ၇ နှစ်သမီးတစ်ဦးကို မုဒိမ်းထပ်ကျင့်ပြန်ရာ ကလေး၏ ဖခင်ကိုယ်တိုင်က ဆူနီကိုရိုက်နှက်ပြီး လက်တွေ့ကျကျအပြစ် ပေးလိုက်တော့သည်။ ထိုအချိန်မှ ရဲတွေက ဆူနီကိုဖမ်းပြီး အရေးယူရသည်။ တစ်နည်းပြောရလျှင် ဆိုရှယ်မီဒီယာများတွင် ဟိုးလေးတကျော် မဖြစ်သမျှ ရဲက ဂရုမစိုက်ဆိုသည့်သဘော ဖြစ်နေသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကလေးသူငယ်များ ပျောက်ဆုံးမှုမှာ အရေအတွက် ၃၄၂၄၄ မှ ၆၂၉၈၈ အထိတိုးမြင့်လာသည်။ ပျောက်သည့်ကလေးများအပေါ် အရေးယူ ဆောင်ရွက်ပေးနိုင်မှုတွေကလည်း အားနည်းနေချိန်တွင် ဆူနီလို မုဒိမ်းသမားတွေကလည်း နေရာအနှံ့ တွေ့နေရပြန်သည်။

အိန္ဒိယနိုင်ငံတွင် အခြားပြဿနာတစ်မျိုးမှာ အမျိုး ဇာတ်ခွဲခြားသည့်စနစ်နှင့် ကျားမခွဲခြားသည့်စနစ်ကို လက်ခံ ကျင့်သုံးနေခြင်းဖြစ်သည်။ အမျိုးဇာတ်ခွဲခြား ခံနေရခြင်းကြောင့် သမီးလေးတစ်ယောက် မွေးဖွားလာလျှင် မတူသလို မတန်သလို ဆက်ဆံခံရသည်။ လျစ်လျူရှုခြင်း ပစ်ပယ်ခြင်းများလည်း ခံနေရဆဲ ဖြစ်သည်။ ပိုဆိုးသည်က ဇာတ်နိမ့်မိန်းကလေးများအပေါ် စော်ကားမှုများအား ထိရောက်စွာ ကိုင်တွယ်အရေးယူနိုင်မှုများ မရှိခြင်းပင်ဖြစ်သည်။ 

ဘာသာရေး အယူအဆအရလည်း အမျိုးသမီးများကို နှိမ့်ချထားပြီး အမျိုးသမီးများ ရှိနေခြင်းကပင် အပြစ်တစ်ခုလို ခံယူကျင့်သုံးနေသော အဖွဲ့အစည်းအချို့တွင် အမျိုးသမီးများဘဝသည် တန်ဖိုးနိမ့်ကျပြီး လူလို သဘောထား ဆက်ဆံခြင်းမခံရသဖြင့် မတရားမှုများလုပ်တိုင်း ခေါင်းငုံ့ခံနေရသည့် သဘောများရှိနေသည်။

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ မုဒိမ်းကျင့်ခံနေရမှုများကို ပြန်လည် သုံးသပ်ကြည့်လျှင် ဆင်းရဲခြင်း၊ ခွဲခြား ဆက်ဆံခံနေရခြင်း၊ ဘာသာရေးနှင့် လူမျိုးစုများအတွင်း အနှိမ်ခံများဘဝနှင့် ရပ်တည်နေရခြင်းများအပြင် တရားဥပဒေကလည်း လုံခြုံအောင် အကာအကွယ် မပေးနိုင်မှုများကြောင့် ဖြစ်နေကြောင်း တွေ့ရမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ဝန်ကြီးချုပ်မိုဒီလက်ထက်တွင် ၂ မိနစ်တိုင်း အမျိုးသမီးများသည် အဓမ္မကျင့်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် မတရားပြုမှုများကို ခံနေကြရသည်။ နိုင်ငံတကာကလည်း ဝိုင်းအော်နေကြပါသည်။ အမျိုးသမီးတို့ဘဝ မည်မျှ လုံခြုံစိတ်ချရပါမည်နည်း။

(Ref: Newsweek, USA Today, CNN, The Daily Beast, The Diplomat)