News

POST TYPE

EDITORIAL

မေယုကိုဆန် မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၁၁)
07-Feb-2018
ရသေ့တောင်သို့ အဝင်

မြစ်အောက်ပိုင်းသို့ ချဉ်းကပ်လာသည်နှင့် မေယုက တဖြည်းဖြည်း ကျယ်လာသည်။ အချို့နေရာများတွင် ကမ်းတစ်ဖက်နှင့်တစ်ဖက် ၅ မိုင်လောက် ကျယ်သည်။ ကမ်းစပ်ကို မမြင်ရ။ ပင်လယ်ထဲ ခရီးသွားနေရသလိုမျိုး ဖြစ်သည်။ အမြန်ရေယာဉ်ငယ် (Speed Boat) က တစ်နာရီ မိုင်လေးဆယ်နီးပါးလောက် မြန်သည်။ လှစ်ခနဲ လှစ်ခနဲ မြစ်ကမ်းဝဲယာကို ကျော်ဖြတ်နေသည်။ လမ်းတွင် တံငါလှေတချို့ကလွဲပြီး ခရီးသည်တင်သင်္ဘော မတွေ့ရသလောက်ဖြစ်သည်။ ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့အတွက် သီးသန့်အစီအစဉ်ဖြင့် ဤ Speed Boat တွေကို ငှားရမ်းထားတာဖြစ်ပြီး အလွန်ဈေးကြီးသည်။ ဘူးသီးတောင်မှ စစ်တွေအထိ Speed Boat တစ်စင်းလျှင် ကျပ် ၇ သိန်းပေးငှားရသည်ဟု သိရသည်။ Golden River Express ဟု အမည်ပေးထားသည့် ဤ အမြန်ရေယာဉ်ကုမ္ပဏီက စစ်တွေအခြေစိုက်ဖြစ်သည်။ များသောအားဖြင့် ဘူးသီးတောင်၊ မောင်တောဒေသသို့ လာရောက် တာဝန်ထမ်းဆောင်ကြသည့် နိုင်ငံတကာ INGO အဖွဲ့အစည်းတွေကသာ ငှားရမ်းလေ့ရှိသည်။

“ဒီနှစ်မှာ အရင်လောက် အလုပ်မဖြစ်ဘူး။ နားနေရတာကြာပြီ။ အရေးအခင်း မဖြစ်ခင်ကတော့ နိုင်ငံခြားအဖွဲ့အစည်းတွေလာရင် ငှားကြတယ်။ ဒီနှစ် အလုပ်မဖြစ်ဘူး”ဟု စပိဘုတ်မောင်းသော လူငယ်လေးက ရှင်းပြသည်။

ငှားရမ်းခဈေးကြီးသော်လည်း သူတို့အနေနှင့် တွက်ခြေမကိုက်လှဟုလည်း ဆိုသည်။ “ဓာတ်ဆီဖိုးနုတ်လိုက်ရင် သိပ်မကျန်ဘူး။ ဆီတအားစားတယ်။ တစ်နှစ်လောက်မောင်းပြီးရင် အင်ဂျင်ကျသွားရော”ဟု ဆိုသည်။ ငွေကြေးတတ်နိုင်သော နိုင်ငံတကာအဖွဲ့အစည်းတွေအတွက်တော့ တန်သည်။ ဒီမှာက ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခဖြစ်ပြီးကတည်းက UNHCR အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ခြေချင်းလိမ်နေသည်။

ဘူးသီးတောင်နှင့်စစ်တွေက မိုင် ၈၀ လောက်ဝေးပြီး ထိုခရီးကို အမြန်ရေယာဉ်ငယ်နှင့်ဆိုလျှင် နှစ်နာရီ သုံးနာရီအတွင်း ရောက်သည်။

မေယုမြစ်ကို စုန်ဆင်းဖြတ်သန်းခိုက် ဤဒေသ၏ လမ်းပန်းဆက်သွယ်ရေး အကြောင်းကို စဉ်းစားနေမိသည်။ ယခုချိန်ထိ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များမှာ ရေကြောင်းခရီးကိုသာ အဓိက အားကိုးနေရဆဲဖြစ်သည်။ တစ်ချိန်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မြို့များ ရေကြောင်းတစ်ခုတည်း အားကိုးသွားလာခဲ့ရသလိုမျိုး ဤဒေသမှာ ခရီးသည်တင် အမြန်ရေယာဉ်နှင့် နှစ်ထပ်သင်္ဘောတွေကို အသုံးပြုနေဆဲဖြစ်သည်။ ဘူးသီးတောင်နှင့် စစ်တွေကြား ပုံမှန်ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ယာဉ်တွေရှိသည်။ ထိုရေယာဉ်များမှာ ခရီးသည်များ ပြည့်ကျပ်နေတတ်ပြီး ပတ်ဝန်းကျင်ကိုလည်း မမြင်ရ။“ဆရာတို့ကို ပတ်ဝန်းကျင်ရှုခင်းတွေ မြင်ရအောင် စပိဘုတ်နဲ့ခေါ်လာတာ၊ ခရီးသည်တင် အမြန်ယာဉ်နဲ့ဆို ဘာမှမြင်ရမှာမဟုတ်ဘူး”ဟု ဒေသခံမီဒီယာသမား ကိုခိုင်မြတ်ကျော်က ရှင်းပြသည်။

ဗြိတိသျှ ကိုလိုနီခေတ်ကတည်းက ဘူးသီးတောင်နှင့် မောင်တောကို အာရ်ကန်ဖလိုတီလာကုမ္ပဏီက မီးသင်္ဘောများပြေးဆွဲခဲ့သည်။ ဘူးသီးတောင်မြို့နယ်၏ ထူးခြားချက်တစ်ခုမှာ တစ်ချိန်တုန်းက မီးရထားလမ်းတစ်ခု ရှိခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်တွင် မီးရထားလမ်းရှိခဲ့မှန်း အထောက်အထား တစ်စုံတစ်ရာမျှ မကျန်တော့ပါ။ ဗြိတိသျှကိုလိုနီတို့သည် ဘူးသီးတောင်နှင့် မောင်တောကို မီးရထားလမ်းဖောက်လုပ်ပြီး ၁၉၂၀ မှ ၁၉၂၈ ခုနှစ်အထိ အသုံးပြုခဲ့သည်။ ထင်ရှားသော အထောက်အထားတစ်ခုမှာ ယနေ့တိုင် မြင်နေရသော ဘူးသီးတောင်နှင့် မောင်တောနယ်ခြားရှိ မေယုတောင်ဖြတ် ဥမင်လိုဏ်ခေါင်းကြီး နှစ်ခုဖြစ်သည်။ ထိုလိုဏ်ခေါင်းကို စိန့်မာတင်ကုမ္ပဏီ က ၁၉၁၈ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည်။ လှိုဏ်ခေါင်းနှစ်ခုရှိရာ တစ်ခုမှာ တစ်ဖာလုံကျော်ရှည်ပြီး တစ်ခုမှာ တစ်ဖာလုံအောက် ရှည်သည်ဟု ဆို၏။

ဘူးသီးတောင်မှ မောင်တောထိ ၁၄ မိုင်၊ မောင်တောမှ ကညင်ချောင်းထိ ၂ မိုင် စုစုပေါင်း ၁၆ မိုင် ရထားလမ်းအရှည်ရှိခဲ့သည်။ ဘူးသီးတောင်၊ မောင်တော၊ ကညင်ချောင်း ဘူတာသုံးဘူတာရှိသည်။ ၁၉၂၆ ခုနှစ်တွင် လေမုန်တိုင်းကျသဖြင့် မောင်တောနှင့် ကညင်ချောင်းအကြား တံတားတစ်ခု ပျက်စီးသွားရာ နောက်ပိုင်းတွင် ဘူးသီးတောင်-မောင်တောအပိုင်းသာ ရထားပြေးဆွဲတော့သည်။ သို့သော် ၁၉၂၈ ခုနှစ်တွင် ရထားပြေးဆွဲမှု ရပ်ဆိုင်းသွားပြီး သံလမ်းနှင့်ဇလီဖာတုံးများ ပြန်လည်ဖြုတ်သိမ်းသွားသည် ဆို၏။ ရထားပြေးဆွဲမှု ရပ်တန့်သွားပြီးနောက် ၁၉၃၆-၃၇ ခုနှစ်တွင် ထိုလမ်းကြောင်းအတိုင်း မော်တော်ကားလမ်းဖောက်လုပ်ကာ ဘူးသီးတောင်နှင့် မောင်တောကို ဗြိတိသျှတို့ ဆက်သွယ်ခဲ့သည်။ အင်္ဂလိပ်တို့သည် ပထမကမ္ဘာစစ်ကြီး မဖြစ်ပွားမီ ၁၉၁၄ ခုနှစ်ကတည်းက မြန်မာနှင့်အိန္ဒိယကို မီးရထားလမ်းဖောက်လုပ်ရန် ကြံရွယ်ခဲ့သည်။ သို့သော် အကောင်အထည် မပေါ်ခဲ့ပါ။

မေယုမြစ်အတိုင်း တစ်နာရီကျော်ကျော် အမြန်ရေယာဉ်ငယ်များဖြင့် စုန်ဆင်းလာခဲ့ပြီးနောက် ရသေ့တောင်ဆိပ်ကမ်းသို့ နံနက် ဆယ်နာရီခွဲလောက်မှာ ရောက်ရှိသည်။ ရသေ့တောင်က ဘူးသီးတောင်နှင့် စစ်တွေအကြား ရေလမ်းခရီးတစ်ထောက်နားရာ မြို့ငယ်လေးဖြစ်သည်။ မေယုမြစ်ကို မေးတင်ထားပြီး စစ်တွေ-ဘူးသီးတောင်သွား ရေယာဉ်များ ပုံမှန်ဆိုက်ကပ်သည်။ စစ်တွေမြို့နှင့် မိုင်လေးဆယ်နီးပါးခန့်သာ ကွာဝေးသော်လည်း ကုန်းလမ်းခရီးထက် ရေလမ်းခရီးကိုသာ အဓိကထားသွားလာကြသည်။ မြို့အနီး မြစ်ဖြတ်တံတားကြီးတစ်စင်း တည်ဆောက်လျက်ရှိရာ ပြီးသွားလျှင် ရသေ့တောင်မှ စစ်တွေ၊ ရန်ကုန်မြို့များသို့ သွားလာနိုင်တော့မည်ဖြစ်သည်။

ရသေ့တောင် ဆိပ်ခံတံတားက မြစ်ရေနည်းချိန်ဖြစ်သဖြင့် အတော်မတ်စောက်သည်။ အမြန်ရေယာဉ်ငယ်များ ခဲရာခဲဆစ် ကမ်းကပ်ခဲ့ရသည်။ ကမ်းစပ်ရှိ တံတားတိုင်များ၊ လှေများပေါ် ကုတ်တွယ်တက်ပြီးမှ ဆိပ်ကမ်းပေါ်ရောက်သည်။ ရသေ့တောင် သင်္ဘောဆိပ်ကလေးက ပန်းချီကားတစ်ချပ်လို ချစ်စရာကောင်းသည်။ ကမ်းနားဆိပ်မှာ အနီရောင်အောက်ခံနှင့် “ရသေ့တောင်မြို့” ဆိုသော ဆိုင်းဘုတ်ကို တွေ့ရသည်။ ကမ်းနားတစ်လျှောက်မှာ အိမ်အို အိမ်ဟောင်းတွေ၊ တိုက်ခံအိမ်ငယ်လေးတွေ တန်းစီနေသည်။ သင်္ဘောဆိပ်တစ်ခုတည်းကိုသာ အမှီပြုရသော မြို့ငယ်တစ်မြို့၏ သဘာဝအတိုင်း ဆိပ်ကမ်းတစ်ဝိုက်မှာတော့ ကုန်သေတ္တာတွေ၊ ပစ္စည်းပစ္စယတွေ၊ ဈေးသည်တွေ၊ ဆိုက်ကားသမားတွေနှင့် စည်ကားနေသည်။ ရသေ့တောင်က ဆိုက်ကားတွေက မော်တော်ဆိုင်ကယ်ကို ဘေးတွဲထားသည့် ဆိုက်ကားတွေ ဖြစ်သည်။ သူ့မြို့နှင့်သူကတော့ ဟုတ်နေသည်။

ရသေ့တောင်တွင် ကျွန်တော်တို့အဖွဲ့ နေ့လယ်စာ စားကြမည်။ နေ့လယ်စာကို သင်္ဘောဆိပ်အနီးရှိ ထမင်းဆိုင်တစ်ဆိုင်မှာ ကြိုတင်မှာထားသည်။ သို့သော် အဆင်သင့်မဖြစ်သေး။ ချက်တုန်း ပြုတ်တုန်းပဲ ရှိသေးသည်။ ထို့ကြောင့် မီဒီယာအဖွဲ့တွေ ရသေ့တောင်ကမ်းနားတစ်ဝိုက် ရှော့ပင်းထွက်ကြ၊ ဓာတ်ပုံရိုက်ကြ၊ လေ့လာစူးစမ်းကြသည်။ ရသေ့တောင် ဆိပ်ခံတံတားပေါ်ကကြည့်လျှင် ကျောက်စိမ်းရောင်တောက်နေသော မေယုမြစ်ရေပြင်ကို မြင်ရသည်။ ရခိုင်ဒေသမြစ်များက မြစ်ဝကျွန်းပေါ်မြစ်များလို နုန်းရောင်ဖြင့် ညစ်မနေ။ ကြည်လင်ပြီး စိမ်းမြနေသည်။ လတ်ဆတ်သော ငါး၊ ပုစွန်တွေ ပေါများဖွယ်ရှိသည်။

မြစ်ဆိပ်နှင့်တွဲလျက် မြို့၏ဈေးရှိသည်။ ဈေးလမ်းက ကျဉ်းသော်လည်း တစ်ဖက်တစ်ချက်မှာ အိမ်ဆိုင်တွေ တန်းစီနေသည်။ စစ်တွေ၊ ရန်ကုန်မှလာသော လူသုံးကုန်၊ အဝတ်အထည်မျိုးစုံ တွေ့ရသည်။ ကောင်းဘွိုင်မြို့ ကလေးတစ်ခုလို ရသေ့တောင် ဈေးလမ်းကလေးက စည်ကားသည်။

ရသေ့တောင်မြို့နယ်ထဲမှာတော့ ရခိုင်တိုင်းရင်းသားတွေက လူများစုဟု ဆိုသည်။ မွတ်ဆလင် ဘင်္ဂါလီရွာ အနည်းအကျဉ်းပဲရှိပြီး ရခိုင်တိုင်းရင်းသားရွာတွေက ပိုများသည်။ များသောအားဖြင့် လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ဒေသဖွံ့ဖြိုးမှု အားနည်းချက်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့ကြောင့် ဤဒေသရှိ ရခိုင်လူငယ်အများအပြားမှာ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကြသည်။ အချို့ကလည်း ဖားကန့် ကျောက်စိမ်းတွင်းများသို့ သွားရောက်လုပ်ကိုင်ကြသည်ဟု ဆိုသည်။ ဖွံ့ဖြိုးမှုအားနည်းခြင်းက ရသေ့တောင်ဒေသခံ လူငယ်များ သူတို့ဒေသကို စွန့်ခွာသွားစေဖို့ တွန်းပို့ပေးနေသလိုပင်...။ 

ချစ်ဝင်းမောင်