News

POST TYPE

EDITORIAL

မေယုကိုဆန် မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၁၀)
06-Feb-2018

ဝါးမျိုခံခဲ့ရသော သမိုင်းထဲက ဘူးသီးတောင်

စပိဘုတ်အင်ဂျင်သံ တဝုန်းဝုန်းနှင့်အတူ မေယုမြစ်ပြင်ကို ထိုးခွဲလျက် စုန်ဆင်းခဲ့ကြသည်။ ရှေ့နောက် ရေယာဉ်လေးစင်း မလှမ်းမကမ်းမှ တန်းစီပြီးမောင်းလာကြရာ လှိုင်းလုံးတွေက မြစ်ကမ်းနားကို တဝုန်းဝုန်း ရိုက်ခတ်သည်။ ရှေ့ရေယာဉ်မှ ထိုးခွဲလိုက်သောလှိုင်းနှင့် နောက်ရေယာဉ် ငြိသွားသည့်အခါ စပိဘုတ်က လေထဲမြှောက်တက်သွားသဖြင့် အသည်းတယားယား ရှိလှသည်။ မြစ်ကမ်းနှစ်ဖက်မှာ မြူတွေဆိုင်းနေသဖြင့် ဘာကိုမျှမမြင်ရ။ ဒီနေရာက မေယုမြစ်၏ မြစ်ညာဖြစ်ပြီး မေယုဟု မခေါ်ဝေါ်သေးပါ။ ပန်းဇင်းမြစ် (သို့မဟုတ်) ပန်းဇင်းချောင်းဟုသာ ခေါ်သည်။ မြစ်က သိပ်မကျယ်လှသေး။ နာရီဝက်ခန့်မောင်းပြီးတော့ မြစ်က ပိုကျယ်လာသည်။ ကမ်းနဖူးကိုပင် ရေးရေးမျှမြင်ရသည်။ ထိုနေရာကျတော့မှ မေယုဖြစ်လာ သည်။ ဘူးသီးတောင်မြို့နယ်က မေယုမြစ်၏ အရှေ့နှင့်အနောက်၊ စိုင်းဒင်တောင်နှင့် မေယုတောင်တန်းအကြား လွင်ပြင်ဒေသဖြစ်၍ မြေဩဇာကောင်းသည်။ ယခု ကျွန်တော်တို့ စုန်ဆင်းနေသည်မှာ မေယုမြစ်လွင်ပြင်အတိုင်း ဖြစ်သည်။

ဘူးသီးတောင်အကြောင်း ပြောကြသောအခါ အမည်ကအစ စိတ်ဝင်စားဖွယ်ကောင်းသည်။ ဘူးသီးတွေပေါသောတောင်ကို အစွဲပြု၍ ခေါ်သလား၊ ဘူးသီးနှင့်တူသောတောင်ကို အစွဲပြု၍ ခေါ်သလား။ မသိပါ။ မြန်မာနိုင်ငံရှိ အခြားသောမြို့ရွာများ၏ အမည်လိုပဲ ဘူးသီးတောင်အမည်ကလည်း ဒဏ္ဍာရီပုံပြင်ဆန်သည်။ ရှေးက မူလရွာဟောင်းအနီး တောင်ကုန်း ၉၉ လုံး ရှိရာတွင် အနောက်တောင်အရပ်ရှိ တောင်တွင် ရွှေဘူးသီးကြီးတစ်လုံးရှိပြီး ဘူးစေ့များမှာ ကျောက်သံပတ္တမြားများဖြစ်ကြောင်း သိုက်ဆရာတို့၏ သိုက်ကျမ်းတွင် ဖော်ပြကြောင်း။ ထိုရွှေဘူးသီးကို အကြောင်းပြု၍ ဘူးသီးတောင်ဖြစ်လာကြောင်း ဒဏ္ဍာရီဆန်ဆန် ပြောကြသည်။

ခရစ်နှစ် ၁၈၄၀-၅၀ ဝန်းကျင်တွင် ရွာငယ်တစ်ရွာသာ ဖြစ်ခဲ့သော်လည်း ဗြိတိသျှလက်ထက် ၁၉၀၈ ခုနှစ်တွင် မြို့အဖြစ် စတင်သတ်မှတ်ခဲ့သည်ဟု ဆိုသည်။ ၁၉၁၁ ခုနှစ်အထိ မြို့ပေါ်၌ အိမ်ခြေ ၂၈၁၊ လူဦးရေ ၁၁၂၃ ဦးသာ ရှိခဲ့သည်။ ၁၉၂၀ ခုနှစ် ဘူးသီးတောင်-မောင်တော မီးရထားလမ်း ဖောက်လုပ်ပြီးနောက် လူဦးရေ တဖြည်းဖြည်း တိုးတက်များပြားလာခဲ့သည်။ ထိုစဉ်က လူဦးရေ သုံးပုံနှစ်ပုံမှာ အိန္ဒိယတိုင်းရင်းသားများဖြစ်၍ ကျန်သူတို့မှာ ရခိုင်တိုင်းရင်းသားများဖြစ်သည်။ အာရ်ကန် ဖလိုတီလာ ကုမ္ပဏီသည် စစ်တွေမှ ဘူးသီးတောင်အထိ မီးသင်္ဘောများပြေးဆွဲခဲ့ပြီး ဘူးသီးတောင်-မောင်တော ရထားလမ်းမှတစ်ဆင့် ကုန်းလမ်းခရီးဖြင့် အိန္ဒိယသို့ သွားကြသည်။

၁၉၄၁-၄၂ ခုနှစ်တွင် ဘူးသီးတောင်မြို့၌ ရခိုင်အိမ် ၃၄၆ လုံး၊ ဘင်္ဂါလီ အိမ် ၁၇ လုံး၊ ဟိန္ဒူအိမ် ၅ လုံး၊ မဏိပူရအိမ် ၃၀ လုံး၊ တရုတ်အိမ် ၆ လုံးရှိပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း သုံးကျောင်း၊ ဗလီတစ်ခု၊ မဏိပူရ ကသည်းဘုရားကျောင်း တစ်ခု၊ ဟိန္ဒူဘုရားကျောင်းတစ်ခု ရှိခဲ့သည်ဟု မှတ်တမ်းများတွင် ဖော်ပြသည်။ ဟိန္ဒူဘုရားကျောင်းနေရာမှာ နောင်တွင် ဗလီကျောင်း ဖြစ်လာသည်ဆို၏။ ၁၉၂၂ သန်းခေါင်စာရင်းအရ ဘူးသီးတောင်မြို့နယ်တွင် ရွာပေါင်း ၉၄ ရွာ၊ လူဦးရေ ၇၈,၄၉၇ ဦးရှိပြီး ရခိုင်တိုင်းရင်းသား ၂၉,၅၄၉ ဦး၊ မွတ်ဆလင်ဦးရေ ၄၂,၈၅၄ ရှိခဲ့သည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် လယ်ကူလီလုပ်ရန် အင်္ဂလိပ်တို့ခေါ်လာသော ဘင်္ဂါလီများစာရင်းကိုပါ ထည့်သွင်းထားသည်ဟု ဆိုသည်။ ထိုစဉ်က ရခိုင်တိုင်းရင်းသားများ နေထိုင်သော ရွာ ၂၂၄ ရွာရှိပြီး ဘင်္ဂါလီရွာ ၄၂ ရွာသာ ရှိသည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။ ၁၉၀၅ ခုနှစ် စာရင်းအရ ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂါလီ မွတ်ဆလင်များ ဝင်ရောက်အခြေချခဲ့သည့် ကျေးရွာ ၁၁ ရွာ ရှိပြီး ထိုရွာများမှာ ခြင်းသမား၊ တပ်မင်းချောင်း၊ လက်ဝဲဒက်ပြင်ရှည်၊ ကကျဘက်၊ နန်းရာကုန်း၊ မောင်နှမ၊ လက်သာရွာ၊ စိမ့်ညှင်းပြာ၊ ဒိုးတန်း (ဘုရားပြင်)၊ ဂူတာပြင်နှင့် သိမ်တောင်တို့ဖြစ်သည်။

၁၉၄၂ ခုနှစ်တွင် မွတ်ဆလင်-ရခိုင် အဓိကရုဏ်းကြီး ဖြစ်ပွားခဲ့ရာ ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားကျေးရွာအားလုံး မီးရှို့ဖျက်ဆီးခံရပြီး ရခိုင်နှင့် တိုင်းရင်းသားလူမျိုး အများအပြား သတ်ဖြတ်ခံခဲ့ရသည်။ ကြောက်ရွံ့ထိတ်လန့်နေသော ရခိုင်တိုင်းရင်းသားများသည် မိမိတို့ကျေးရွာများကို စွန့်ခွာလျက် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့များသို့ တိမ်းရှောင်ထွက်ပြေးခဲ့ရသည်။ စစ်ပြီးခေတ်တွင် ဗြိတိသျှအစိုးရသည် ရခိုင်တိုင်းရင်းသားများအား ဘူးသီးတောင်မြို့နယ်တွင် ပြန်လည်အခြေချနေထိုင်ရန် စီစဉ်ပေးသော်လည်း အများစုမှာ ပြန်မလာတော့ပေ။ ထိုအချိန်မှစ၍ ဘူးသီးတောင်နယ်မြေမှာ ဘင်္ဂါလီတို့ လွှမ်းမိုးသွားခဲ့သည်။

ဘူးသီးတောင် သမိုင်းက စိတ်ဝင်စားစရာကောင်းသည်။ ဘင်္ဂါလီတို့ အစုလိုက်အပြုံလိုက် ရောက်ရှိလာမှုမှာ လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်တွင်လည်း ဖြစ်ပွားခဲ့သည်။ ဖဆပလ အစိုးရအဖွဲ့ဝင်များတွင် တရားရေးဝန်ကြီး ဦးခင်မောင်လတ် (အဒူလတစ်) နှင့် ဦးရာရှစ်တို့ ပါဝင်သည်။ တရားရေးဝန်ကြီး ဦးခင်မောင်လတ်အနေနှင့် နိုင်ငံသားကိစ္စ၊ လူဝင်မှုကိစ္စများကို အဆုံးအဖြတ်ပေးနိုင်သော အာဏာရှိသဖြင့် ရွေးကောက်ပွဲတွင် ဖဆပလပါတီ အနိုင်ရရေးအတွက် ထိုကာလအတွင်း စစ်တကောင်းနယ်မှ ဘင်္ဂါလီအများအပြားကို မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ထုတ်ပေးခဲ့သည်ဆို၏။ ထိုစဉ်က ရခိုင်ပြည်နယ်တွင် ရခိုင်မျိုးချစ်များ၏ ရတည ပါတီ ပေါ်ပေါက်ခဲ့ပြီး လူကြိုက်များခဲ့သည်။ ထိုပါတီကို အန်တုရန် ဖဆပလက ဘင်္ဂါလီများအား မှတ်ပုံတင်ထုတ်ပေးခြင်းဖြစ်သည်ဟု ဘူးသီးတောင်မှတ်တမ်းတွင် ဖော်ပြထားသည်။ တစ်ဖက်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေခြင်း၊ ဘင်္ဂါလီများ အလွယ်တကူ ဝင်လာနိုင်ခြင်းတို့ကြောင့် ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂါလီဦးရေ သိသိသာသာ တိုးပွားလာခဲ့သည်။

ရခိုင်မြောက်ပိုင်း သမိုင်းဖြစ်စဉ်များကို ပြောသောအခါ ဒုတိယကမ္ဘာစစ်အတွင်း ပေါ်ပေါက်ခဲ့သော မွတ်ဆလင်-ရခိုင် အဓိကရုဏ်းကြီးက အဓိကကျသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ခဲ့သည်။ တစ်ဖက်က ဆုတ်ခွာသွားသော ဗြိတိသျှအစိုးရ၊ တစ်ဖက်က ဝင်ရောက်လာသော ဂျပန်တပ်များနှင့် ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ တစ်ဖက်က မွတ်ဆလင် သောင်းကျန်းသူများနှင့် တစ်ဖက်က ရခိုင်တိုင်းရင်းသားများ။ မွတ်ဆလင် ဘင်္ဂါလီများကို နောက်ကွယ်မှ အားပေးသူမှာ ဗြိတိသျှအင်္ဂလိပ်ဖြစ်၍ ရခိုင်တိုင်းရင်းသားများက ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် လက်တွဲခဲ့သည်။

စစ်တွင်းကာလဖြစ်၍ ခေတ်ပျက်ဟုလည်း ခေါ်နိုင်သည်။ အင်္ဂလိပ်တို့ စစ်တွေမှ ဆုတ်ခွာသွားသောအခါ မြို့တွင် အင်္ဂလိပ်စစ်တပ်မှ ကျန်ခဲ့သော မွတ်ဆလင်ပုလိပ်များနှင့် မွတ်ဆလင်များ သောင်းကျန်းခဲ့သည်။ စစ်တွေမြို့မှ စစ်ဘေးရှောင်လာသော ရခိုင်တိုင်းရင်းသားများကို လမ်းတွင် လုယက်တိုက်ခိုက်ကြသည်။ ပဋိပက္ခအစမှာ မြေပုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ မွတ်ဆလင်တို့၏ သောင်းကျန်းမှုကိုမခံနိုင်သော သိန်းကျော်အောင်နှင့် မောင်ကျော်ယ ခေါင်းဆောင်သည့် ရခိုင်တပ်ဖွဲ့သည် ရက်ချောင်းအမည်ရှိ မွတ်ဆလင်ရွာကို ဝင်ရောက်မီးရှို့တိုက်ခိုက်ရာမှ အဓိကရုဏ်းကြီးမားလာပြီး မြေပုံမြို့နယ်မှတစ်ဆင့် မင်းပြား၊ မြို့ဟောင်း၊ ကျောက်တော်မြို့များသို့ ကူးစက်သွားခဲ့သည်။ ရခိုင်-မွတ်ဆလင် အဓိကရုဏ်းကြောင့် မွတ်ဆလင်များ ဘူးသီးတောင်၊ မောင်တောနယ်များသို့ ဆုတ်ခွာပြီး ထိုဒေသရှိ မွတ်ဆလင်များနှင့် ပူးပေါင်းကာ ရခိုင်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ရခိုင်လူမျိုးများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ရခိုင်တိုင်းရင်းသားများ ဘူးသီးတောင်၊ မောင်တောနယ်မြေမှ ထွက်ပြေးခဲ့ရသည်။

၁၉၄၂ ခုနှစ် စစ်တွင်းကာလ မွတ်ဆလင်-ရခိုင် အဓိကရုဏ်းကြီးဖြစ်စဉ်နှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်သမိုင်းတွင် ဖော်ပြထားသည့် ဖြစ်စဉ်တစ်ခုကို အောက်ပါအတိုင်း ဖတ်ရှုခဲ့ရသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ မွတ်ဆလင် ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှု အကြီးအကျယ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းတို့၏ လွှမ်းမိုးမှုမှာလည်း ကြီးထွားလာခဲ့သည်။ ထိုအချိန်မှစ၍ ဒေသခံ ရခိုင်တိုင်းရင်းသားလူဦးရေ လျော့နည်းလာခဲ့သလို လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်လည်း ထိုဒေသကို ထိန်းချုပ်နိုင်ရန် တောက်လျှောက် ကြိုးပမ်းလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

ချစ်ဝင်းမောင်