News

POST TYPE

EDITORIAL

ယဉ်ကျေးလူ့ဘောင်၏ အန္တရာယ် (Daily, Vol-5/No-257)
06-Feb-2018

အကြမ်းဖက်ခြင်းဆိုသည့် စကားလုံးကို ယခုနောက်ပိုင်းတွင် အစွန်းရောက်ဆိုသော စကားဖြင့်တွဲဖက်၍ အစွန်းရောက်အကြမ်းဖက်ဟု သုံးနှုန်းလာကြသည်။ 

အစွန်းရောက်ခြင်းသည်လည်းကောင်း၊ အကြမ်းဖက်ခြင်းသည်လည်းကောင်း အနုတ်လက္ခဏာဆောင်သော စကားလုံးများ ဖြစ်သည့်အတွက် ယင်းစကားလုံးနှစ်ခု တွဲစပ်ထားခြင်းဖြင့် ယတိပြတ် အနုတ်လက္ခဏာ အဓိပ္ပာယ်ဆောင်သည်။ 

အကြမ်းဖက်ခြင်းသည် တစ်နည်းအားဖြင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းနှင့် ဆန့်ကျင်ဘက် အပြုအမူဖြစ်ပြီး တစ်ဖက်သားအပေါ် ထိခိုက်ပျက်စီးစေလိုသည့်သဘောဖြင့် ကာယကံမြောက် ထိပါးတိုက်ခိုက်ခြင်းဟုလည်း အနက်ကောက်နိုင်သည်။ 

လူတစ်ဦးနှင့်တစ်ဦးအကြား သာမက လူအုပ်စု တစ်စုနှင့်တစ်စုအကြား၊ လူမျိုးစု တစ်စုနှင့်တစ်စုအကြား၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြားတွင်ပါ အကြမ်းဖက်မှုများ ရှိနေတတ်သည်။ 

လူတစ်ဦးနှင့်တစ်ဦးအကြား ကိုယ်ထိလက်ရောက် တိုက်ခိုက်ကြခြင်းမှသည် လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲ၊ စစ်ပွဲများသည်လည်း အကြမ်းဖက်နေကြခြင်းသာ ဖြစ်သည်။ 

အကြမ်းဖက်သည်ဟုဆိုရာတွင် အင်အားဗလကြီးသူက အင်အားငယ်သူအပေါ် ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်းမှသည် အားကြီးသူနှင့် အားသေးသူအကြား အပြန်အလှန် တိုက်ခိုက်သတ်ဖြတ်နေကြခြင်းအထိ အကျုံးဝင်သည်။ 

ထိုသို့ အကြမ်းဖက်ကြသည့်အခါ မည်သူကမှားသည်၊ မည်သည့်ဘက်က မှန်သည်ဆိုခြင်းထက် နှစ်ဖက်စလုံး အပြန်အလှန် အကြမ်းဖက်နေကြခြင်းဟုလည်း ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်သည်။ 

မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို အကြမ်းဖက်မှုကို အကြမ်းဖက်သည့်နည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်းနေသမျှ ငြိမ်းချမ်းမှု မရှိနိုင်ပေ။ ထို့ကြောင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတိုင်း အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ရှုတ်ချကာ ငြိမ်းချမ်းရေးတရား ပေါ်ပေါက်စေကြောင်း တိုက်တွန်းတောင်းဆိုကြခြင်း ဖြစ်သည်။ 

လူသတ်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ အချင်းချင်းအကြား စစ်ပွဲများ ဖြစ်ပွားနေခြင်းကဲ့သို့ အကြမ်းဖက်မှုများကို အားပေးထောက်ခံခြင်းသည် တစ်နည်းအားဖြင့် အကြမ်းဖက်ခြင်းကို သဘောတူလက်ခံခြင်းဟု ဆိုနိုင်သည်။ 

ဘာသာတရားများ၏ အဆုံးအမများအောက်တွင် ရှိနေသည့် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်မှုများကို လူသိရှင်ကြား အားပေး၊ အားမြှောက်ပြုလာခြင်းသည် ယဉ်ကျေးသော၊ ငြိမ်းချမ်းဖွံ့ဖြိုး သော၊ သာယာချမ်းမြေ့သော လူ့ဘောင်တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။ 

အယ်ဒီတာ (၅-၂-၂၀၁၈)