News

POST TYPE

EDITORIAL

မေယုကိုဆန်. . . မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၉)
မေယုကို စတင်စုန်ဆင်းခြင်း။

ဘူးသီးတောင်သို့ ရောက်ရှိချိန်မှာ နံနက် ၈ နာရီ ဝန်းကျင်မျှသာ ရှိသေးသည်။ ဘူးသီးတောင်က မေယုမြစ်ကမ်းဘေးကို မေးတင်ထားသော မြို့ငယ်ဖြစ်သည်။ မေယုမြစ်က ဒီနေရာမှာကျတော့ ပန်ဇင်းမြစ်ဟု ခေါ်တွင်သည်။ စစ်တွေ၊ ရသေ့တောင်မြို့များနှင့် ရေလမ်းတစ်ခုတည်းကိုသာ အားထားသွားလာရသော မြို့ဖြစ်သည်။ အနောက်ဘက်ခြမ်း ရခိုင်ပဋိပက္ခအကြောင်း ပြောသောအခါ မောင်တောနှင့်အတူ ဘူးသီးတောင်အမည်လည်း တစ်ဆက်တည်း ကြားရတတ်သည်။ ဒီနေရာကို ရောက်မလာခင်တုန်းကတော့ မောင်တောနှင့်ဘူးသီးတောင်က ဘယ်လိုထိစပ်နေသလဲ၊ ဘယ်လောက်ဝေးသလဲ မသိ။ ယခုရောက်လာတော့မှ မောင်တောနှင့်ဘူးသီးတောင်က မေယုတောင်တန်းတစ်ခုသာ ခြားထားသောမြို့တွေ ဖြစ်နေတာကို သတိထားမိသည်။ ဘူးသီးတောင်သည်လည်း ဘင်္ဂါလီ မွတ်ဆလင်အများစု လွှမ်းမိုးနေထိုင်သော မြို့နယ်ဖြစ်သည်။ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်က မွတ်ဆလင်တွေဖြစ်ပြီး ရခိုင်နှင့်တိုင်းရင်းသားက ၂၀ ရာခိုင်နှုန်း ထက်မပို။ မွတ်ဆလင် ဘင်္ဂါလီက လူများစုဖြစ်ပြီး ရခိုင်နှင့်တိုင်းရင်းသားများက လူနည်းစုဖြစ်သော ဘူးသီးတောင်မှာလည်း အဓိကစီးပွားရေးက ဘင်္ဂါလီတို့လက်ထဲမှာရှိသည်။ “အခု သူတို့တွေမရှိတော့ ကျွန်တော်တို့ အလုပ်အကိုင် အရင်လိုမကောင်းတော့ဘူး။ သူတို့ရှိနေတုန်းကတော့ အလုပ်အကိုင်ကောင်းတယ်”ဟု ဘူးသီးတောင်သား ကားဒရိုင်ဘာက ပြောသည်။ ဒီမှာ ဘာတွေဖြစ်ခဲ့သည်ကိုတော့ သူမပြောပါ။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်သုံးခုမှာ တိုက်ခိုက်မှုတွေ တစ်ပြိုင်နက်တည်း ဖြစ်ခဲ့တာမို့ သာမန်အရပ်သားတွေအနေနှင့် ဘာတွေဖြစ်ခဲ့သလဲ အားလုံးမသိနိုင်ပါ။ ယခုချိန်ထိ တွေ့ရသမျှ ဒေသခံတွေက အလွန်ကြောက်မက်ဖွယ်ကောင်းသော အရေးအခင်းကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး မိမိတို့ အသက်အန္တရာယ်အတွက် နှစ်ဖက်စလုံးက အလွန်အမင်း စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်းကိုသာ တူညီစွာပြောကြသည်။ အထူးသဖြင့် လူနည်းစု ဒေသခံတွေက လူများစု ဘင်္ဂါလီ မွတ်ဆလင် အကြမ်းဖက်သမားတို့၏ ရန်ကို ကြောက်ရွံ့ခဲ့ရသည်။ ရဲစခန်းများအား အာဆာအကြမ်းဖက်အဖွဲ့က မွတ်ဆလင် ကလေးသူငယ်များ၊ ယောကျာ်း၊ မိန်းမများကို အသုံးချကာ တိုက်ခိုက်မှုမပြုလုပ်မီကပင် ဒေသခံ ရခိုင်ရွာသားအချို့ လည်လှီးသတ်ဖြတ်ခံရမှုတွေ မကြာခဏဖြစ်နေသည်။ မွတ်ဆလင် ဘင်္ဂါလီရွာများသည် အာဆာအဖွဲ့၏ အစွန်းရောက် ဘာသာရေး အတွေးအခေါ်များ သွတ်သွင်းခံထားရသည်။ အထူးသဖြင့် အာရဗီဘာသာရေး စာသင်ကျောင်းများမှာ အစွန်းရောက် အကြမ်းဖက် အတွေးအခေါ်ရိုက်သွင်းရာ နေရာများဖြစ်ခဲ့သည်။ လူများစု မွတ်ဆလင်များအပေါ် အစိုးရအာဏာပိုင်များကလည်း တရားဥပဒေစိုးမိုးမှုဖြင့် မလွှမ်းမိုးနိုင်ခဲ့။ ထိုအခြေအနေသည် အကြမ်းဖက် အာဆာများက ရဲတပ်ရင်းများကို တစ်ပြိုင်တည်း ဝင်တိုက်ချိန်တွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ ဩဂုတ်လ ၂၄ ရက်ညက ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုတွင် ဒေသခံ မွတ်ဆလင် ဘင်္ဂါလီများက အလုံးအရင်းနှင့်ပါဝင်ခဲ့သည်။ တိုက်ခိုက်မှုတွေ ဖြစ်လာလျှင် နိုင်ငံတစ်ခု၏ လုံခြုံရေးကို တာဝန်ယူထားသည့် အဖွဲ့အစည်းများက တရားဥပဒေစိုးမိုးရေးအတွက် လက်တုံ့ပြန်ရသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ ဩဂုတ်လ ၂၇ ရက်နေ့တွင် အစိုးရတပ်များက အခြေအနေထိန်းသိမ်းရန် Clearing Operation ဆင်နွှဲသောအခါ စစ်ဆင်ရေးတို့၏ သဘာဝအရ ထိခိုက်မှုတွေ၊ သေဆုံးမှုတွေ၊ ဒဏ်ရာကြီးငယ်ရရှိမှုတွေ ဖြစ်လာခဲ့သည်။ ထိုဖြစ်စဉ်တွင် ဘင်္ဂါလီ မွတ်ဆလင် မည်မျှသေဆုံး၊ ထိခိုက် ဒဏ်ရာရခဲ့သည်ကို မည်သူမျှ မသိနိုင်ပါ။

“ကိုယ်က အစိုးရကို သွားတိုက်ရင်တော့ အစိုးရက ပြန်တိုက်မှာပဲ။ အစိုးရလုပ်တာကို အပြစ်ပြောလို့တော့မရဘူး”ဟု ငါးခူရစခန်းမှ ဦးအီဆွတ် ပြောလိုက်တာကို ပြန်ကြားနေမိသည်။

ဘူးသီးတောင်မြို့နယ်မှာ အစိုးရတပ်က အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားအများအပြား သေဆုံးခဲ့သည့် သတင်းတွေက နောက်ပိုင်းမှာ ပေါ်ထွက်ခဲ့သည်။ ကျွန်တော်တို့ရောက်ရှိခိုက် တွေ့ဆုံခဲ့သမျှ လူတွေကတော့ ယခုဖြစ်ရပ်တွင် အစိုးရလုံခြုံရေးတပ်များ၏ လုပ်ဆောင်ချက်အပေါ် အထူးအထွေ စောဒကတက်သံ မကြားရပါ။

ပြည်ပမီဒီယာတို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများက တစ်ဆင့်ခံကြားရသည့် ပုံပြင်များကို မီးမောင်းထိုးအကျယ်ချဲ့ကာ မြန်မာစစ်တပ်က ဘင်္ဂါလီရွာသားများအား အစုအပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ရွာများမီးရှို့ခြင်း ပြုလုပ်ခဲ့သည်ဟု တွင်တွင်ပြောကြ ရေးကြသည်။ ထိုသတင်းများကို အခြေခံကာ အမေရိကန်၊ ဥရောပနှင့် မွတ်ဆလင်နိုင်ငံတွေက မြန်မာကို လူမျိုးတုံးသတ်ဖြတ်နေသည်ဟု လက်ညှိုးထိုးလာကြသည်။ အနောက်နိုင်ငံ မီဒီယာများ ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်ခွင့်မရခြင်းကို အကြောင်းပြု၍ မြန်မာအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အယုံအကြည် ကင်းမဲ့လာသည်။ မြန်မာကို လူ့အခွင့်အရေးချိုးဖောက်သူအဖြစ် လုံခြုံရေးကောင်စီတွင် အရေးဆိုသည်အထိ ဖြစ်ခဲ့သည်။ အနောက်မီဒီယာတို့ စွပ်စွဲလေ့ရှိသည့် အချက်များတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ရွာလုံးကျွတ် မီးရှို့မှုများပါဝင်သည်။ ထိုကျူးလွန်မှုများကို စစ်တပ်နှင့်အတူ ဗုဒ္ဓဘာသာ ရခိုင်တွေကလည်း တညီတညာတည်းလိုက်လုပ်သည်ဟု ရေးကြသည်။ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတို့မှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် လိုက်လံမေးမြန်းထားသည့် အထောက်အထားမဲ့ နှုတ်ထွက်စကားတွေ ဖြစ်သလို ရွာများမီးရှို့သည်ဆိုသော အချက်မှာလည်း ဂြိုဟ်တုဓာတ်ပုံ အထောက်အထားအရပဲ ဖြစ်သည်။ တကယ်လည်း အပြင်မှာ ရွာလုံးကျွတ် မီးလောင်ထားသည့်အတွက် မီးရှို့ခံရသည်ဟု ဆိုနိုင်သော်လည်း တရားခံမှာ ဘင်္ဂါလီ မွတ်ဆလင်တွေလည်း ပါဝင်နေသည်ကို နိုင်ငံတကာမီဒီယာတွေ မဖော်ပြကြပါ။ မြေပြင်မှာတွေ့ရသည့် အနေအထားအရ ယခုပဋိပက္ခမှာ အထိတ်လန့်ဆုံး ဖြစ်ခဲ့ရသူများနှင့် သတ်ဖြတ်ခံရသူများမှာ လူနည်းစု ရခိုင်နှင့်တိုင်းရင်းသားတွေ ဖြစ်သော်လည်း နိုင်ငံတကာမီဒီယာမှာ မပေါ်လွင်ခဲ့ပါ။ အစုအပြုံသတ်ဖြတ်၊ မုဒိမ်းကျင့်၊ မီးရှို့ဟူသော စွပ်စွဲချက်တွေသာ နိုင်ငံတကာ မီဒီယာတွေမှာ လွှမ်းမိုးနေခဲ့သည်။ ဒေသခံအချို့၏ အဆိုအရ အကြမ်းဖက် အာဆာအဖွဲ့ကို ဩဂုတ်လ ၂၇ ရက်နောက်ပိုင်း အစိုးရတပ်များက အလုံးအရင်းနှင့် စစ်ဆင်ရေးလုပ်ပြီး ရှင်းလင်းရေးလုပ်ခဲ့သည်မှာ မှန်သည်။ စစ်ဆင်ရေးဖြစ်သောကြောင့် အသေအပျောက်တော့ရှိသည်။ ဘယ်လောက် သေဆုံးသည်ကတော့ မည်သူမျှ တပ်အပ်မသိ။

ကျွန်တော်တို့ ရောက်ရှိသွားခဲ့သည့် မောင်တောတောင်ပိုင်း၊ မြောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ်တွေမှာ ရွာတွေအားလုံး မီးရှို့ဖျက်ဆီးခံထား ရသည်မှာ မျက်မြင်ဖြစ်၍ အမှန်ပဲဖြစ်သည်။ ဘင်္ဂါလီ မွတ်ဆလင်တွေလည်း မရှိသလောက် နည်းသွားသည်။ ထိုအချက်အရ တစ်ဖက်နိုင်ငံသို့ ဘင်္ဂါလီ မွတ်ဆလင် ခြောက်သိန်းကျော် ထွက်ပြေးသွားသည်ဆိုသော အချက်မှာ မှန်နိုင်သည်။ အစိုးရ စစ်ဆင်ရေးကာလ လွန်မြောက်သွားသည့်တိုင် ဘင်္ဂါလီတွေ တစ်ဖက်နိုင်ငံဘက်သို့ အစုအပြုံလိုက် ထွက်ခွာနေဆဲဖြစ်သည်။ သတ်ဖြတ်မှုတွေ စစ်ဆင်ရေးကာလအတွင်း ရှိနိုင်သော်လည်း မုဒိမ်းကျင့်သည်ဆိုသော စွပ်စွဲချက်က ယုတ္တိမတန်။ တိုက်ခိုက်မှု မဖြစ်မီကာလများအထိ ဘင်္ဂါလီ မွတ်ဆလင်အများစုနှင့် ဒေသခံရခိုင်တိုင်းရင်းသားတို့ အတူတကွ ပြဿနာမရှိ နေထိုင်ခဲ့ကြသည်။

ဘူးသီးတောင် နံနက်ခင်းက နှင်းမြူတွေကြားမှာ ငြိမ်သက်နေသည်။ မေယုမြစ်ကမ်းနဖူးပေါ်ရှိ ဘူးသီးတောင်မြို့ငယ်လေးကို ဖြတ်သန်းမောင်း နှင်လာခဲ့ကြသည်။ မြို့က ယခုတော့လည်း ဘာမှမဖြစ်ခဲ့သလိုမျိုး။ မောင်တောနှင့်စာလျှင် ဒီမြို့က အသက်နည်းနည်းဝင်သည်။ မြစ်၏ မြို့ရှိသောဘက် ကမ်းနှင့်တစ်ဖက်ကမ်းကို ဆက်သွယ်ထားသည့် ပန်ဇင်းတံတားပေါ် ကားရပ်ပြီး တက်ကြည့်ကြသည်။ ဝါးဖောင်များ၊ မော်တော်များ၊ လှေများဆိုက် ကပ်ထားသည့် ဘူးသီးတောင်ဆိပ်ကမ်းကို ခပ်ဝေးဝေး နှင်းမြူတွေကြားမှာ မြင်ရသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်က ဆိပ်ခံတံတားရှိသော မြို့ငယ် တွေလိုပဲ ကုက္ကိုပင်တွေ၊ ရှေးဟောင်းအိမ်ကြီးတွေကို ဘူးသီးတောင် မြစ်ကမ်းနားတစ်လျှောက် မြင်ရသည်။ တစ်ဖက်မှာ မေယုရိုးမ၊ တစ်ဖက်မှာ လွင်ပြင်၊ မြစ်ညာမှာ သစ်တော၊ ဝါးတောတွေနှင့် ဘူးသီးတောင်ကလည်း သယံဇာတ ရေမြေကောင်းသည့် မြို့ငယ်ဖြစ်သည်။ ပန်ဇင်းတံတားက မေယုမြစ်၏ အရှေ့ဘက်ခြမ်းကို ဆက်သွယ်ပေးထားသော တံတားသစ်ကြီးဖြစ်သည်။ မေယုအရှေ့ဘက်ခြမ်းမှာ လမ်းတွေကောင်းသွားလျှင် ရသေ့တောင်၊ ပုဏ္ဏား ကျွန်းမှတစ်ဆင့် စစ်တွေထိသွားနိုင်မည်။ ယခုထိတော့ လမ်းတွေက မပြီးသေးပါ။

အစီအစဉ်အရ ဘူးသီးတောင်မှ စစ်တွေအထိ အသင့်ငှားထားသော အမြန်ရေယာဉ်ငယ် (Speed Boats) များနှင့် ခရီးဆက်ကြမည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားသည့် ဘူးသီးတောင် ဆိပ်ခံတံတားပေါ်ကတစ်ဆင့် အမြန်ရေယာဉ်ငယ်ပေါ် တက်ကြသည်။ စုစုပေါင်း လေးစင်း။ လူခွဲပြီး တက်ကြသည်။ ကျွန်တော်တို့ မေယုကို စတင်စုန်ဆင်းကြပြီ။ အမြန်ရေယာဉ် (Speed Boat) က ကုန်းပေါ်မှာ မော်တော်ယာဉ်တစ်စင်း မောင်းသလောက် မြန်သည်။ မြစ်ဆိပ်က စထွက်ကတည်းက မေယုမြစ်ရေပြင်ကို အဟုန်ဖြင့် ထိုးခွဲကာပြေးသည်။ ရေမှုန်ရေမွှားများ လွင့်စဉ်လျက် ထောင်နေသော ဦးပိုင်းက ထိုးခွဲလိုက်သည့် လှိုင်းများနှင့်အတူ အေးမြလတ်ဆတ်သော မြစ်လေများက ပွေ့ဖက်သွားသည်။ ဂျိမ်စ်ဘွန်းမင်းသား ဇာတ်ကားထဲမှာ စပိဘုတ်စီးသလိုမျိုး မေယုမြစ်ပေါ်မှာ ကျွန်တော်တို့အဖွဲ့ စပိဘုတ်ဖြင့် ခရီးဆက်နေကြသည်။ 

ချစ်ဝင်းမောင်