News

POST TYPE

EDITORIAL

ဥပါယ်တံမျဉ်ကထိုးတဲ့ ခေါင်းလောင်း (The Voice Daily, Vol-5/No-256)
05-Feb-2018 tagged as

“မြန်မာပေါကားများရပ်”ဆိုသည့် လှုပ်ရှားတောင်းဆိုတွန်းအားပေးမှု ပေါ်ထွက်လာသည်အထိ မြန်မာ့ရုပ်ရှင်လောက အခြေအနေ ကျဆင်းနေခြင်းကို ဥပါယ်တံမျဉ်ဇာတ်ကားက လှုပ်နိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

မြန်မာရုပ်ရှင်လောကနှင့်များစွာ မရင်းနှီးသေးသော အသက်ငယ်ရွယ်သူ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာတစ်ဦး စီစဉ်ညွှန်ကြားထားသော ရုပ်ရှင်ဇာတ်ကားဖြစ်နေခြင်းက “ဥပါယ်တံမျဉ်” ဇာတ်ကားကို ပို၍ထူးခြားသွားစေသည်။

ထို့အပြင် နာမည်ကျော် ဝါရင့်ဒါရိုက်တာကြီးအချို့က ချီးကျူး အသိအမှတ်ပြုထားပြီး ပရိသတ်၏ တုံ့ပြန်မှုအများစုက များစွာ အားရကျေနပ် သဘောကျသည့်အသံများ ဖြစ်နေခြင်းကလည်း ဥပါယ်တံမျဉ်ကို ပို၍ စိတ်ဝင်စားစေသည်။

နှစ်အတော် ကြာခဲ့သည်အထိ စက်ပစ္စည်းကြောင့်၊ ဆင်ဆာစနစ်ကြောင့်၊ ဈေးကွက်ကြောင့်ဟူသော အကြောင်းပြချက် များစွာဖြင့် ပရိသတ်အကြိုက် ဇာတ်ကားများ ဖန်တီးနေရပါသည်ဟု ဆိုထားသော ရုပ်ရှင်လောကသားအချို့ကို ဥပါယ်တံမျဉ်က ဆွံ့အသွားစေခဲ့သည်။

စင်စစ်အားဖြင့် မြန်မာရုပ်ရှင်ကြည့် ပရိသတ်သည် နိုင်ငံတကာမှ ရုပ်ရှင်ပရိသတ်ကဲ့သို့ပင် အဆင့်အတန်းရှိသော၊ သဘာဝကျသော၊ အနုပညာဆန်ဆန် ဖျော်ဖြေနိုင်သော ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုခံစားလိုကြသည်။

သို့သော် မြန်မာရုပ်ရှင် ဖန်တီးသူအချို့သည် အကန့်အသတ်သာရှိနေသည့် စဉ်းစားတွေးခေါ်မှု၊ ဖန်တီးတီထွင်မှု၊ အတတ်ပညာတို့အပေါ် ဖောက်ထွက်နိုင်ခြင်းမရှိဘဲ ၎င်းတို့ဘာသာ တံတိုင်းကာထားသည့် ဥခွံအတွင်းမှ ပရိသတ်နှင့် ဈေးကွက်အပေါ် ရမည်ရှာထားခဲ့သည်။

ယနေ့ ခရစ်တီးနားခီ အပါအဝင် လူငယ်ဒါရိုက်တာအချို့၏ ဆန်းသစ်သော ဖန်တီးမှုတို့ဖြင့် ထွက်ပေါ်လာသော ရုပ်ရှင်ဇာတ်ကားအချို့အပေါ် ပရိသတ်၏ အားပေးလက်ခံမှုက အထက်ဆိုခဲ့ပါ အကြောင်းပြချက်များ မမှန်ကြောင်း သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။

စင်စစ်အားဖြင့် ဥပါယ်တံမျဉ် ရုပ်ရှင်သည်ဝါရင့်များ မဟုတ်ကြသည့် သရုပ်ဆောင်အချို့တွင် အားနည်းချက် မဆိုစလောက် ရှိနေသော်ငြား သမားရိုးကျ မြန်မာရုပ်ရှင်ဇာတ်ကားများနှင့်မတူခြားနားစွာ၊ သဘာဝကျစွာ ဖောက်ထွက်ထားသည့်ဇာတ်ကား ဖြစ်နေခြင်းကြောင့် အသစ်ကို တောင့်တနေသော မြန်မာပရိသတ်များ၏ အသည်းနှလုံးကို သိမ်းပိုက်သွားခြင်းဖြစ်သည်။

ထို့အတူ “မြန်မာပေါကားများရပ်”ဆိုသော လှုပ်ရှား၊ တောင်းဆို၊ တွန်းအားပေးခံနေရသော မြန်မာရုပ်ရှင်လောကအတွင်းမှ ရွေးချယ်စရာ မရှိသောကြောင့် ဖျော်ဖြေရေးသက်သက် ဇာတ်ကားများ ဖန်တီးထုတ်လုပ်နေသူများအတွက် “ဥပါယ်တံမျဉ်”က ကျယ်ကျယ်ထိုးလိုက်သည့် ခေါင်းလောင်းဖြစ်ကြောင်း ပြောလိုရင်းဖြစ်သည်။

အယ်ဒီတာ (၄-၂-၂၀၁၈)

  • TAGS