News

POST TYPE

EDITORIAL

အိုးမဲသုတ်ခံလိုက်ရတဲ့ လူ့အဖွဲ့အစည်း (Daily, Vol-5/No-255 )
05-Feb-2018

လူသတ်သမားတစ်ယောက်ကို အများပြည်သူ မြင်ကွင်းမှာ ထောက်ခံဝန်းရံကြောင်း ပြတယ်ဆိုတာ အဲဒီလူ့အဖွဲ့အစည်းရဲ့ လူ့ကျင့်ဝတ်စံနှုန်းတွေ တစ်ခုခုတော့ လွဲချော်နေပြီလို့ ဆိုရမယ်။ ပါဏာတိပါတာဆိုတဲ့ သူ့အသက်ကို ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ဆိုတဲ့ သီလတမင်ချိုးဖောက်ထားသူကို ပြောင်ပြောင်တင်းတင်း ထောက်ခံအားပေးတဲ့သဘောပဲ။

ဦးကိုနီနှင့် တက္ကစီဆရာ ကိုနေဝင်းတို့နှစ်ယောက်ကို လူမြင်ကွင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ကြည်လင်းကို ဒီနေ့ ရုံးထုတ်လာတဲ့အခါ ကြည်လင်း ပြောတယ်လို့ အွန်လိုင်း လူမှုကွန်ရက်မှာ နာမည်ထွက်နေတဲ့ “မင်းတို့ ထမင်းဝအောင် စားထား”ဆိုတဲ့စကားပါ တီရှပ်တွေဝတ်ပြီး ကြည်လင်းကိုဝန်းရံကြောင်း ပြခဲ့တာ တော်တော်ကို အံ့အားသင့်စရာ ကောင်းတယ်။

ကိုယ်ပိုင် ယဉ်ကျေးမှုစံနှုန်းတွေ၊ ရင်းနှီးဖော်ရွေ၊ ခင်မင်နှစ်လိုဖွယ် လူမှုဆက်ဆံရေးတွေ၊ ရိုင်းပင်း၊ ကူညီ၊ စာနာ၊ ထောက်ထားတတ်တဲ့ စရိုက်သဘာဝတွေကို ကိုယ့်ဘာသာ ဂုဏ်ယူဝင့်ကြွား၊ တလေးတစား ရှိလာခဲ့တဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီလိုအဖြစ်အပျက်က သိပ်ကို အရုပ်ဆိုးလွန်းတယ်။

အင်မတန်ကို စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ အဆုံးအမတွေကို ဆက်ခံ ယုံကြည်ကိုးကွယ်လာခဲ့ကြတယ်လို့ ယုံကြည်နေကြတဲ့ မြန်မာလူ့အဖွဲ့အစည်းမှာ လူသိရှင်ကြား၊ နိုင်ငံသိ၊ ကမ္ဘာသိ တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လုပ်ကြံထားတဲ့သူ တစ်ယောက်ကို ပေါ်ပေါ်တင်တင် ဝန်းရံ ထောက်ခံတယ်ဆိုတာ အံ့ဩတုန်လှုပ်စရာ ကောင်းတယ်။

ပိုဆိုးတာက ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေး၊ စီရင်ချက်ချပေးတဲ့ တရားရုံးလို နေရာမျိုးမှာ ဒီလို လူသတ်တရားခံတစ်ယောက်ကို မျက်နှာပြောင်ပြောင်နဲ့လာပြီး ဝန်းရံအားပေးတယ်ဆိုတာ တော်ရုံတန်ရုံ မဟုတ်ဘူး။ ဒီလို ထောက်ခံသူတွေရဲ့ နောက်ကွယ်မှာ ဘယ်လောက် အင်အားကြီးတဲ့သူတွေ ရှိနေသလဲဆိုတာ စောကြောစရာ ဖြစ်နေတယ်။

တကယ်တော့ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တဲ့သူတွေကို ပြည်ထဲရေးဝန်ကြီးဌာနက ထိပ်တန်းတာဝန်ရှိသူကတောင် လူငယ်သဘာဝမို့ မျိုးချစ်စိတ်လွန်ကဲပြီး ကျူးလွန်မိသွားတာပါဆိုတဲ့ မှတ်ချက်မျိုး လူသိရှင်ကြား ပေးထားတဲ့အပြင် အခုအချိန်အထိ ဒီအမှုမှာ ဖော်ထုတ်ထားသလောက် တရားခံ အောင်ဝင်းခိုင်ကို မမိသေးဘူး။ ဒါတွေပြောရင် ပိုရှုပ်သွားမယ်။ 

ဒီနေရာမှာ ပြောချင်တာက ဒီကနေ့ ကမ္ဘာ့အသိုင်းအဝိုင်းကပါ ရခိုင်ပြဿနာနဲ့ဆက်စပ်ပြီး သံသယအမြင်နဲ့ စောင့်ကြည့်နေတဲ့အချိန်မျိုးမှာ အင်မတန် နူးညံ့သိမ်မွေ့ပြီး မေတ္တာတရားကို အခြေခံထားတဲ့ ဗုဒ္ဓရဲ့ အဆုံးအမအောက်မှာရှိတဲ့ လူ့အဖွဲ့အစည်းအတွက် သိပ်ကို အန္တရာယ်ကြီးတယ် ဆိုတာပါ။

ဒီကိစ္စက စဉ်းစားကြည့်လေ ရှုပ်ထွေးလေ၊ သံသယ ဖြစ်စရာတွေများလေ၊ ထိတ်လန့်အံ့ဩစရာ ကောင်းလေ၊ မလုံ ခြုံတဲ့ခံစားမှုတွေ ရလာလေပဲ။ ဒီလို လူသတ်တရားခံတွေကို ဒီလောက် အတင့်ရဲရဲ လူသိရှင်ကြားလာပြီး ဝန်းရံ ထောက်ခံတာ လူသတ်အားပေးတာနဲ့ အတူတူပဲ မဟုတ်လား။ မကောင်းမှု ဒုစရိုက်၊ အကုသိုလ်အမှုကို အားပေးအားမြှောက်လုပ်တာ မဟုတ်ဘူးလား။ 

လူသတ်တရားခံကို အားပေးတဲ့ ဒီမဆိုစလောက် လူတချို့ရဲ့ လုပ်ရပ်က တကယ်တော့ ကြည်လင်း ကြိမ်းဝါးသလို တရားရုံးကိုလာတဲ့ သတင်းထောက် တွေ၊ ရှေ့နေတွေနဲ့ တခြားလူပုဂ္ဂိုလ်တွေကို မထီမဲ့မြင် လုပ်ရုံတင် မဟုတ်ဘဲ တရားဥပဒေမဏ္ဍိုင်ကြီး တစ်ခုလုံးနဲ့ ပြည်သူတစ်ရပ်လုံးကို စော်ကားနေသလိုပဲ။

ဒီလူသတ်မှုနောက်ကွယ်မှာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ရောယှက်နေတဲ့အတွက် ဒီလို စော်ကားမော်ကားနိုင်တဲ့ လုပ်ရပ်မျိုးကို ဥပဒေကြောင်းအရ မတားဆီး၊ မထိန်းသိမ်းနိုင်ရင် မြန်မာလူ့အဖွဲ့အစည်း တစ်ခုလုံး မျက်နှာမဖော်ဝံ့အောင်၊ အရှက်ရစရာ ဖြစ်သွားအောင် အိုးမဲသုတ်လိုက်သလိုပဲဆိုတာ သိစေလိုရင်းပါ။

အယ်ဒီတာ (၃-၂-၂၀၁၈)