News

POST TYPE

EDITORIAL

ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲအတွက် စစ်တွေတွင် ကိုယ်စားလှယ်များ ရွေးချယ်
04-Feb-2018

စစ်တွေ၊ ဖေဖော်ဝါရီ ၃

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲပြုလုပ်ရန်အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ကစ၍ ရခိုင်အမျိုးသားပါတီရုံးတွင် မြို့နယ်ကိုယ်စားလှယ် ၆၀ ဦး ရွေးချယ်လိုက်သည်။

အဆိုပါ လူထုဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်း စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်များအပြင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ ပူးပေါင်း ပြုလုပ်မည်ဖြစ်ကြောင်း၊ ပထမဆုံးအနေနှင့် စစ်တွေခရိုင်၌ ယခုလ ၉ ရက်နေ့ကစ၍ ပြုလုပ်မည်ဖြစ်သောကြောင့် ကိုယ်စားလှယ်များ ရွေးချယ်ရခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးခိုင်ကောင်းစံက ပြောကြားသည်။

နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ စသည့်များကို ဆွေးနွေးရန် အမျိုးသမီး ကိုယ်စားလှယ် ၁၈ ဦး၊ လူငယ်ကိုယ်စားလှယ် ၁၂ ဦး၊ မသန်စွမ်း ကိုယ်စားလှယ်နှစ်ဦး၊ နယ်ကိုယ်စားလှယ် လေးဦး၊ အရပ်ဘက် အဖွဲ့အစည်း (CSO) ကိုယ်စားလှယ် ၁၈ ဦးနှင့် တိုင်းရင်းသားမျိုးနွယ်စုမှ နှစ်ဦးစသည်ဖြင့် စစ်တွေမြို့နယ်၌ ရွေးချယ်ခဲ့ကြောင်း၊ ယင်းအပြင် ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်မှ ကိုယ်စားလှယ် ၂၀ ဦးစီးရွေးချယ်ခဲ့ပြီး ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ ဦးဖြင့် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ ဦးဆောင်ကော်မတီထံမှ သိရသည်။

တတိယအကြိမ် ကျင်းပမည့် ၂၁ ပင်လုံငြိမ်းချမ်းရေး ညီလာခံ၌ ရခိုင်တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ စာတမ်းတင်ပြဆွေးနွေးနိုင်ရန် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခွင့်မရခဲ့သော်လည်း ရခိုင်လူထု၏ အသံများပါရှိရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးခိုင်ကောင်းစံက ထပ်မံပြောဆိုသည်။

“ပင်လုံက ဘယ်နေ့ကျင်းပမယ်ဆိုတာ မသိရသေးဘူး။ သူတို့ဘယ်နေ့ပဲ ကျင်းပပါစေ ကျွန်တော်တို့ဘက်ကတော့ ရခိုင်လူထုအသံပါအောင်လို့ ခရိုင်အလိုက် လူထုဆွေးနွေးပဲ ကျင်းပမယ်။ အောက်ခြေ ပြည်သူတွေရဲ့ အသံပါအောင်လို့ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းတာပေါ့”ဟုလည်း ၎င်းက ရှင်းပြသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် သက်ဆိုင်သည်ဟု လူ့အဖွဲ့အစည်း၌ ထင်မြင်နေကြကြောင်း၊ ငြိမ်းချမ်းရေးသည် လူသားတိုင်းနှင့် သက်ဆိုင်ကြောင်း ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ ဦးဆောင်ကော်မတီဝင်များက ပြောဆိုသည်။

လူထုဆွေးနွေးပွဲများကို ရခိုင်ပြည်နယ်၌ ယခုလအတွင်း အပြီးပြုလုပ်ရန် စီစဉ်ထားသည်။

R-22