News

POST TYPE

EDITORIAL

ပြာသာဒ် မီးလောင်စေလိုခြင်းလော (Daily, Vol-5/No-253)
01-Feb-2018 tagged as

ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရန် ဆန္ဒပြသော နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ သိပ္ပံအသီးသီးမှ ကျောင်းသားများအား ကျောင်းထုတ်လိုက်ခြင်း သည် ပြဿနာ ဖြေရှင်းခြင်းထက် ပြဿနာကို ပိုကြီးသွားစေရန် မီးထိုးပေးသည့်သဘော သက်ရောက်သွားပေသည်။

ယခုအခါ ကျောင်းထုတ်ခံရသည့် ကျောင်းသား အရေအတွက် ၅၆ ဦး အထိရှိလာပြီး ယင်းကျောင်းသားများ ကျောင်းပြန်တက်ခွင့် ရရှိရန်နှင့် ကျောင်းထုတ်နေခြင်းကို ရပ်တန့်ပေးရန် စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများက ဆန္ဒဖော်ထုတ်ခဲ့ခြင်းမှာ မီးတောက်ပွားလာခြင်းပင်ဖြစ်သည်။

ဆန္ဒပြသော ကျောင်းသားများသည် အစိုးရကို ဦးတည်ရမည်ဖြစ်သော်လည်း သက်ဆိုင်ရာ တက္ကသိုလ် ပရိဝုဏ်အတွင်းရှိ တာဝန်ရှိသူ ဆရာ၊ ဆရာမများအပေါ် မယဉ်မကျေး ပြုမူပြောဆိုမှုများ ရှိနေခြင်း၊ ဆန္ဒပြမှုတွင် မပါဝင်သော အခြားကျောင်းသူ၊ ကျောင်းသားများအား အနှောင့်အယှက် ဖြစ်စေခြင်းတို့မှာ များစွာ လွဲချော်နေပေသည်။

ဆန္ဒပြသော ကျောင်းသားများ နောက်ကွယ်တွင် ဖိအားများနှင့် ပြဿနာများ ကြုံနေရသည့် အစိုးရကို အကျပ်အတည်း ပိုတွေ့စေရန် စေတနာဆိုးများ ရှိသူ၊ အစွန်းရောက် နိုင်ငံရေး သဘောထား ခံယူချက်ရှိသူ အချို့က သွေးထိုးလှုံ့ဆော်ပေးနေကြောင်း ဝေဖန်ပြောဆိုမှုများလည်းရှိသည်။

မည်သို့ပင်ဖြစ်စေ ယင်းကျောင်းသားများကို ကျောင်းထုတ် အရေးယူခြင်းမှာလည်း မှန်ကန်သောဖြေရှင်းနည်းဟု မဆိုနိုင်ပေ။ ထိုသို့ ကျောင်းထုတ်ခြင်းကိုလည်း ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုမှုမှာလည်း ဥပဒေကို ကောင်းစွာ နားလည်မှုမရှိကြောင်း ပေါ်လွင်ထင်ရှားနေပေသည်။

ပြဿနာများ ဖြစ်ပေါ်တိုင်း အကြမ်းနည်းဖြင့် ဖြေရှင်းခဲ့သောကြောင့် နိုင်ငံ့သမိုင်းတွင် ပြန်ဖျက်မရသော အမည်းစက်များစွာ စွန်းထင်းခဲ့သည်ကို လက်ရှိ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး တာဝန်ယူထားကြသူများ ကောင်းစွာ သိရှိပြီးဖြစ်သည်။

ဆန္ဒပြကျောင်းသားများဘက်က လွန်ကျူးသော အပြုအမူ၊ အပြောအဆိုများ ရှိနေလျှင်ပင် ၎င်းတို့ထက် ပို၍အထက်တန်းကျပြီး ပို၍ပါးနပ်လိမ္မာသော နည်းလမ်းများဖြင့် ၎င်းတို့ကို ချွေးသိပ်ပေးသင့်ပေသည်။ 

သို့သော် ရိုင်းပျလွန်ကျူးသော၊ တိကျပြတ်သားမှုမရှိ၊ ယေဘုယျဆန်သော၊ ရိုးသားမှုမရှိဟု ယူဆဖွယ်ရာရှိသော ဆန္ဒပြပွဲတစ်ရပ်ကို ဖြေရှင်းပုံ၊ ဖြေရှင်းနည်းသည် ဆန္ဒပြသူများနှင့် ထူးမခြားနား ဖြစ်သွားသည့်အတွက် မည်သည့်ဘက်က အလွန်၊ မည်သည့်ဘက်က အမှန်ဆိုသည်ကို ပြောရခက်သွားစေခဲ့သည်။

ပြောရလျှင် ယခင် အာဏာရှင်စနစ်တစ်လျှောက်လုံး ကျင့်သုံးခဲ့သော ဖြေရှင်းနည်းများအတိုင်း ဖြစ်နေခြင်းမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသည့် အရပ်သားအများစုပါဝင်သော အစိုးရတစ်ရပ်အတွက် များစွာ အရုပ်ဆိုးလှသည်။

စင်စစ်အားဖြင့် ဤမျှရိုးစင်းသော ပြဿနာကို ဖြေရှင်းသည့် ပုံစံသည် ပင်လျှင် မရိုးသားမှုများ ပါကောင်းပါနိုင်ပေရာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ကောလိပ်၊ သိပံ္ပများသို့ ကူးစက်သွားကာ ပြာသာဒ် မီးလောင်စေလိုသော ရည်ရွယ်ချက်များ ရှိနေ၍ပေလောဟု သံသယဖြင့် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း သတိပြုမိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၃၁-၁-၂၀၁၈)

  • TAGS