News

POST TYPE

EDITORIAL

အထက်က ညွှန်ကြားချက်ကိစ္စ (Daily, Vol-5/No-236)
12-Jan-2018

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းထားသလောက် ဝင်မလာခဲ့ရသည့်ကိစ္စတွင် အခြေခံ အဆောက်အဦများ အားနည်းပြီး မူဝါဒပိုင်း မရှင်းမလင်းဖြစ်သည့် အကြောင်းသာမက ဥပဒေတစ်ခု ပြဋ္ဌာန်းပြီးနောက် ထပ်မံ ရေးဆွဲထုတ်ပြန်ရမည့် နည်းဥပဒေ အားနည်းသည့်ကိစ္စလည်း အဓိက အကြောင်းအရင်းတစ်ခုဖြစ်နေသည် ဆိုသောအချက်ကို လွန်ခဲ့သည့် နှစ်ရက်က ဤခေါင်းကြီးပိုင်းတွင် ဖော်ပြခဲ့သည်ကို စာဖတ်သူများ မှတ်မိနေဦးမည်ဟု ထင်ပါသည်။ နည်းဥပဒေ မရှိသည့် အနေအထားတွင် သက်ဆိုင်ရာ ဌာနများတွင် ညွှန်ကြားရေးမှူး အဆင့်ရှိသော ပုဂ္ဂိုလ်များက လိုအပ်သလို ညွှန်ကြားလွှာ (Directive) များ ထုတ်ပြန်ရခြင်းကြောင့် စီးပွားရေး လုပ်ငန်းရှင်များ သာမက သာမန်ပြည်သူများပါ မိမိနှင့် သက်ဆိုင်သော ခံစားခွင့်  မည်မျှအတိုင်းအတာအထိ ရှိသည်ဟူသောအချက်ကို ရှင်းရှင်းလင်းလင်း သိခွင့်ရမည်မဟုတ်သည်မှာ သေချာပါသည်။

မြန်မာနိုင်ငံ တရားဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်အရ ဥပဒေတစ်ရပ်ကို လွှတ်တော်ကမဲခွဲကာ အတည်ပြု ပြဋ္ဌာန်းလိုက်ပြီဆိုပါက နည်းဥပဒေကို ရေးဆွဲရမည့်တာဝန်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် အပြည့်အဝ ရှိပေသည်။ အဆိုပါ ဝန်ကြီးဌာနများက ရေးဆွဲလိုက်သော နည်းဥပဒေကို လွှတ်တော်သို့ ပြန်လည်တင်ပို့ပြီး အားနည်းချက်ရှိပါက လွှတ်တော်က ပြန်လည်ပြင်ဆင် သို့မဟုတ် ဖြည့်စွက်ပေးရမည်သာ ဖြစ်သည်။ သို့သော် ဥပဒေတစ်ရပ် ထွက်လာပြီးနောက် နည်းဥပဒေ ရေးဆွဲအတည်ပြုရမည့် Process တွင် မဖြစ်မနေပါဝင်ကြသော လွှတ်တော်၊ သမ္မတရုံးနှင့် ဥပဒေရုံးများ၌ နှောင့်နှေးကြန့်ကြာမှုများရှိနေခြင်းကြောင့်သာ သက်ဆိုင်ရာ ဌာနအသီးသီး၌ ညွှန်ကြားလွှာများ လိုအပ်သလို ထုတ်ပြန်ကာ စီမံအုပ်ချုပ်နေခြင်း ဖြစ်ပေသည်။ 

ဤနေရာတွင် အရေးကြီးသည့်အချက်မှာ လိုသလို ရေးဆွဲထုတ်ပြန်သည့် ညွှန်ကြားလွှာနှင့် ညွှန်ကြားချက်တို့ကို သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ထိတွေ့ရသော စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများ မည်မျှအတိုင်းအတာအထိ သိရှိခွင့်ရနိုင်မည်နည်း ဆိုသည်ပင်။ အကြောင်းမှာ ညွှန်ကြားလွှာတွင် ဘာရေးထားသည်ကို မသိပါက ယင်းညွှန်ကြားလွှာကို အကြောင်းပြု၍ အဂတိ တရားများ ဖြစ်ပေါ်လာနိုင်ခြေ ရှိနေခြင်းကြောင့်ပင်။ 

ဥပမာ - ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်သော လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်နှင့် အမှာစာများ စသည်တို့ကို တရားရုံး အသီးသီးသို့ ထုတ်ပြန်ပေးသော်လည်း ၂ နှစ် သို့မဟုတ် ၃ နှစ်လောက်ရောက်မှသာစုစည်းပြီး စာအုပ်အဖြစ် ထုတ်ဝေလေ့ရှိရာ ယင်းညွှန်ကြားချက်များကို အမှုအခင်း ရင်ဆိုင်နေရသူများ မဆိုထားနှင့်၊ ရှေ့နေကဲ့သို့သော ဥပဒေလောကသားများသည်ပင် သိနိုင်ရန် ခက်ခဲမည်ဖြစ်ပေသည်။ တရားရုံးနှင့် ခင်မင်မှုနားလည်မှု ရထားသူလောက်သာ ညွှန်ကြားလွှာများအကြောင်းကို သိနိုင်မည့် အခြေအနေတွင်ရှိမည်ဟု ယူဆမိပေသည်။ အခြား ဌာနအသီးသီးတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်နေလိမ့်မည်ဟု ထင်မြင်မိသည်။ 
 
အမှန်စင်စစ် နည်းဥပဒေ အားနည်းနေချိန်တွင် ညွှန်ကြားလွှာများကို လူသိရှင်ကြား ထုတ်ပေးသည်မှာ မှန်သော်လည်း ယင်းကိစ္စသည် အရေးပေါ်ကာလအတွက် လတ်တလော ဖြေရှင်းသည့် သဘောမျှသာ ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် သဘာဝဘေးအန္တရာယ် သို့မဟုတ် ကပ်ဘေးတစ်ခုခု ကျရောက်နေမှုအပေါ် မူတည်ပြီး လတ်တလော ဖြေရှင်းရမည့် အခြေအနေမျိုးတွင် ညွှန်ကြားလွှာ ထုတ်ပြန်ရခြင်းသာဖြစ်သည်။ သို့သော် နည်းဥပဒေနှင့် တရားဝင် စည်းကမ်းဥပဒေများ ထုတ်ပြန်မှုအပိုင်း အလွန် အားနည်းလာရာက အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးလိုလို ညွှန်ကြားလွှာနှင့် ခရီးဆက်ခြင်းကြောင့်သာ “အထက်က ညွှန်ကြားထားပါတယ်”ဟူသည့်ကိစ္စမျိုးနှင့် ပြည်သူများ မကြာခဏ ရင်ဆိုင်နေကြရခြင်းပင် ဖြစ်တော့သည်။ သို့အတွက်ကြောင့် ဥပဒေများ ရှိနေသော်လည်း နည်းဥပဒေပိုင်း အားနည်းခြင်းကြောင့် ဥပဒေမဲ့ ခရီးဆက်နေရသည့်ပုံစံ ဖြစ်နေသည့် အနေအထားမျိုးကို အမြန်ဆုံး ပြောင်းလဲနိုင်မည့် နည်းလမ်းကောင်းများကို တရားဥပဒေ ရေးဆွဲရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ တာဝန်ရှိသူများအနေနှင့် မဖြစ်မနေ ရှာဖွေသင့်ပြီဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၁၁-၁-၂၀၁၈)