News

POST TYPE

EDITORIAL

နည်းဥပဒေများ အားနည်းနေသည့်ကိစ္စ (Daily, Vol-5/No-233)
09-Jan-2018

မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)များ ထင်သလောက် မဝင်နိုင်ဘဲဖြစ်ခဲ့ရခြင်းသည် အစိုးရ၏ ဆုံးဖြတ်ပုံများနှင့် ရှင်းလင်းမှု မရှိသည့် မူဝါဒများကြောင့်ဖြစ်သည် ဟူသောအချက်ကို မကြာသေးခင်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ လုပ်ငန်းရှင်များက ဝေဖန်ပြောဆိုသွားကြသည်ကို တွေ့ရပေသည်။ အဆိုပါ လုပ်ငန်းရှင်များ၏ ထောက်ပြချက်အရ ပြည်ပမှ စိတ်ဝင်တစား လာရောက် စုံစမ်းဆွေးနွေးမှု များစွာရှိခဲ့သည့်တိုင် ဥပဒေပိုင်း အားနည်းချက်နှင့် လုပ်ထုံးလုပ်နည်း အားနည်းချက်တို့က မြန်မာတွင် စီးပွားရေး လာရောက် လုပ်ကိုင်လိုစိတ်၊ တစ်နည်းအားဖြင့် Business Confidence ကို ကျဆင်းသွားစေခြင်း ဖြစ်နေပေသည်။ တစ်မျိုး ထပ်ပြောရလျှင် ရှင်းလင်းပြတ်သားမှုမရှိသော မူဝါဒများနှင့် ယင်းဥပဒေ အားနည်းချက်တို့က နိုင်ငံစီးပွားရေး တိုးတက်မှုကို ဆိုးဆိုးရွားရွား ဟန့်တားထားသည့် သဘောမျိုးဖြစ်နေခြင်းပင်။ 

UMFCCI သည် ယခုအစိုးရလက်ထက်တွင် မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် ယခင်ကာလများထက် တက်တက်ကြွကြွ ရှိလာသည်ကို တွေ့မြင်ရသလို အရေးပါသည့် သုတေသန စစ်တမ်းများနှင့် စီးပွားရေး မူဝါဒကောင်းများ ချမှတ်နိုင်ရေးအတွက် သွင်းအားစုများကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ အစောပိုင်းကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုအပေါ် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်စိတ်ချမှု သိသာစွာကျဆင်းသွားသည်ဟု သတိပေးထားသော စစ်တမ်း တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သေးသည်။ မြန်မာနိုင်ငံစီးပွားရေးအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ကျဆင်းသွားရသည့် အကြောင်းများအနက် အဓိက အချက်ကိုပြောရလျှင် နိုင်ငံ၏ အခွန်ကောက်ခံမှုစနစ်၌ အားနည်းချက်များရှိရုံမျှမက အခွန်ကောက်မှုများ မြင့်မားနေခြင်း၊ သို့မဟုတ် Overlap ဖြစ်နေခြင်းတို့ရှိနေသလို ဘဏ်လုပ်ငန်း အခန်းကဏ္ဍကိုလည်း ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုလုပ်ရန် များစွာလိုအပ်နေသည်ဟု စီးပွားရေးပညာရှင် အများစု က ထောက်ပြခဲ့ပါသည်။ 

ဤနေရာတွင် အကြောင်းတိုက်ဆိုင်၍ပြောလိုသည်မှာ ပြည်ပရင်းနှီးမြှုပ်နှံ သူများသာမက ပြည်တွင်း လုပ်ငန်းရှင်များအတွက် နောက်ထပ်ကြီးမားသည့် အဟန့်အတားတစ်ခုသည် နည်းဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်မှုပိုင်းတွင် အားနည်းချက်များ ရှိနေသည့်ကိစ္စပင်ဖြစ်သည်။ ဥပဒေတစ်ခု ရေးဆွဲပြဋ္ဌာန်းပြီးတိုင်း လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတွက် နည်းဥပဒေများ လိုက်ပါရေးဆွဲကြရသည် ဖြစ်သော်လည်း အဆိုပါအပိုင်းတွင် အားနည်းချက် များစွာရှိနေသည်ကို သတိပြုမိပါသည်။ သို့အတွက်ကြောင့် စီးပွားရေးလုပ်လိုသူ ပြည်တွင်း၊ ပြည်ပမှပုဂ္ဂိုလ်များ သာမက အခြားသာမန်ပြည်သူများသည်ပင် မိမိထိတွေ့ရမည့်ကိစ္စနှင့်ပတ်သက်သော ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ကောင်းစွာ သိရှိနားလည်သဘောပေါက်ခွင့် မရဘဲဖြစ်နေခြင်းပင်။ ဥပမာ-အထူး ကုန်စည်ခွန်ကိစ္စအတွက် အခွန်ဌာနနှင့် ထိတွေ့ရသည့် လုပ်ငန်းရှင်တစ်ဦးအနေနှင့် နည်းဥပဒေ အသေးစိတ်ကို သိရှိခွင့်မရနိုင်ဘဲ အခွန်ဌာနတွင်း လျှို့ဝှက်စာ သဘောမျိုး ထုတ်ပြန်ထားပြီး အခွန်အရာရှိက တစ်ဆင့်ပြန်ပြောပြသည့် ညွှန်ကြားလွှာလောက်သာ သိရှိခွင့်ရခြင်းမျိုးဖြစ်သည်။ 

အမှန်တကယ်တွင် အခွန်ကိစ္စတစ်ခုတည်း မဟုတ်ပါ။ အစိုးရဌာန အတော်များများတွင် နည်းဥပဒေပိုင်း အားနည်းချက်ကြောင့် ညွှန်ကြားလွှာများသာ ထုတ်ပြန်ပြီး စီမံအုပ်ချုပ်မှုများ ပြုလုပ်နေသည်ကို တွေ့ရပေသည်။ စီးပွားရေး လုပ်ငန်းရှင် မဆိုထားနှင့်၊ သာမန်ပြည်သူ တစ်ဦးအနေနှင့်ပင် ညွှန်ကြားလွှာ ပြဿနာကို အပြည့်အစုံ သိရှိခွင့်မရပါက နိုင်ငံသားတစ်ယောက်အနေနှင့် မည်သည့်အပိုင်းတွင် မိမိ၏ခံစားပိုင်ခွင့် ရှိသည်ဟူသောအချက်ကို သိနိုင်မည် မဟုတ်သလို အစိုးရ၏ မူဝါဒနှင့် ဥပဒေများကိုလည်း မလွဲမသွေ သံသယဝင်မည်သာ ဖြစ်ပေသည်။ ပို၍ဆိုရလျှင် နည်းဥပဒေ ထုတ်ပြန်မှုပိုင်း အားနည်းပြီး ညွှန်ကြားလွှာများဖြင့် အရေးကိစ္စများကို ဖြေရှင်းနေခြင်းသည် မူဖြင့်မအုပ်ချုပ်ဘဲ လူဖြင့် အုပ်ချုပ်သည့်သဘောသို့လည်း သက်ရောက်နေပေရာ မြန်မာ့စီးပွားရေး တိုးတက်မှုကို အဟန့်အတားဖြစ်စေမည့် အရာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် အဆိုပါ နည်းဥပဒေကိစ္စကိုလည်း သက်ဆိုင်သူများက အမြန်ဆုံး ဖြေရှင်းပေးရတော့မည့်အကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ (မှတ်ချက်။ နောင်ရက်များတွင် ယင်းညွှန်ကြားလွှာများကိစ္စကို အထူးအလေးပေး ရေးသားဖော်ပြပါဦးမည်) 

အယ်ဒီတာ (၈-၁-၂၀၁၈)