News

POST TYPE

EDITORIAL

လူမိုက်တွေ များလာသလား (Daily Vol-4/No-83)
17-Jul-2016

မိတ်ဆွေတစ်ယောက်ရဲ့ အွန်လိုင်း လူမှုရေးစာမျက်နှာမှာ စာဖတ်ခြင်းနဲ့ ပတ်သက်တဲ့ ပို့စ်လေးတစ်ခု မျှဝေထားတာ ဖတ်ရတော့ ကမ္ဘာပေါ်မှာ စာအဖတ်ဆုံးက ဂျူးလူမျိုးတွေဆိုတာ သိရတော့ မြန်မာပြည်ရဲ့ စာဖတ်နှုန်းကိုလည်း သိချင်စိတ် ဖြစ်မိတယ်။

မူရင်းရေးသူက နိုင်းနိုင်းစနေပါ။ အဲဒီပို့စ်မှာ ဂျူးလူမျိုးတွေက တစ်နှစ်ကို ပျမ်းမျှ စာအုပ် ၆၄ အုပ် လောက်ဖတ်ပြီး ကိုရီးယားက ၁၁အုပ်၊ ဂျပန်က ၈ ဒသမ ၅ အုပ်နဲ့ ပြင်သစ်က ၈ ဒသမ ၄ အုပ် စသဖြင့် အစဉ်လိုက် ရှိနေသတဲ့။

သူတို့ နိုင်ငံတွေမှာတော့ ဘယ်ကိစ္စပဲဖြစ်ဖြစ် လက်တွေ့ သုတေသန ပြုထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေက မီဒီယာမျိုးစုံကနေ အလွယ်တကူ ရနိုင်တဲ့အတွက် တစ်ခုခုသိချင်တာနဲ့ အချက်အလက် ကိန်းဂဏန်းကို အခြေခံပြီး အတိအကျ ပြောလို့ ရတယ်။

သုတေသနလုပ်ငန်း တိမ်ကောနေတဲ့ မြန်မာပြည်မှာတော့ စာဖတ်နှုန်း ဘယ်လောက် ရှိမလဲဆိုတာ သိဖို့ခက်ပေမယ့် တစ်နိုင်ငံလုံး ခြုံပြောရရင် တစ်နှစ်ကို ပျမ်းမျှ တစ်အုပ်နှုန်းတောင် ရှိပါ့မလားလို့။ စာမဖတ်ဆုံး နိုင်ငံတွေကို တန်းစီ လိုက်ရင်တော့ ထိပ်ဆုံးနားမှာ ချိတ်မလားလို့လည်း ပြောင်းပြန် တွေးကြည့်မိတယ်။

စာဖတ်ဖို့ဆိုတာ အချိန်ပေးရတယ်။ အချိန်နဲ့အမျှ စားဝတ်နေရေးကို အသဲအသန် ရုန်းကန်နေတဲ့ နိုင်ငံတစ်ခုအဖို့ စာဖတ်ဖို့ အချိန် မပေးနိုင်တာက အခြေခံ အကျဆုံး အကြောင်းအရင်းပေါ့။

အစ္စရေးမှာ၊ ကိုရီးယားမှာ၊ ဂျပန်မှာ၊ ပြင်သစ်မှာ ကြည့်လိုက်ရင် ကလေးကနေ အသက်ကြီးတဲ့သူတွေအထိ တော်တော်များများမှာ သွားရင်း လာရင်း စာအုပ်ကလေးတွေ ကိုယ်စီပါနေတာ သတိထားမိတယ်။ ချမ်းသာ ကြွယ်ဝလာတာနဲ့အမျှ လူနေမှု အဆင့်မြင့် လာတာနဲ့အမျှ စာဖတ်ချိန် ပိုရလာတယ်လို့ ဆိုနိုင်တယ်။ နောက်တစ်ခုက စာဖတ်ဖို့ အချိန်ပေးကို ပေးရမယ်ဆိုတာ သိလာတာလည်း ပါတာပေါ့။

ဒီနေ့ခေတ်လို အင်တာနက်ခေတ်၊ မိုဘိုင်းဖုန်းခေတ်မှာ ကလေးတွေ၊ လူငယ်တွေ စာဖတ်အား နည်းလာတာ သိပ်တော့ မဆန်းဘူး။ ဒီလို အခြေအနေမှာ ဂျူးတွေ၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်တွေ စာ ဒီလောက် ဖတ်နေသေးတာ ချီးကျူးရမယ်။

ကျွန်တော်တို့ နိုင်ငံမှာတော့ အရင် လမ်းစဉ်ပါတီခေတ်နဲ့ ယှဉ်ရင်တောင် စာဖတ်နှုန်း အတော့်ကို ကျသွားတယ်လို့ ပြောရမယ်။ ကလေးစာပေ မဖွံ့ဖြိုးဘူး၊ အားမပေးဘူး။ မူလတန်း ဖတ်စာအုပ်တောင် ကလေးတွေ ကိုင်ချင်၊ ဖတ်ချင်အောင် လုပ်မပေးနိုင်ဘူး။ ကိုယ့်ဖတ်စာအုပ်ကို ချစ်ခင်မြတ်နိုးအောင်တောင် မလုပ်ပေးနိုင်ရင် စာအုပ်ကို ချစ်တဲ့၊ စာဖတ်တဲ့ အလေ့အထကို ခင်တွယ်တဲ့ မျိုးဆက်တွေ ဘယ်ဖြစ်နိုင်ပါ့မလဲ။

လူငယ်အရွယ်မှာ ဖတ်စပြုလာတဲ့ ရသစာပေလည်း ဘာထူးလဲ။ ဒီဘက် ခေတ်ရောက်လာလေ၊ အကျပိုင်း ရောက်လေပဲ။ အရင်က မြန်မာပြည် တစ်ဝန်းလုံးမှာ စာအုပ် အငှားဆိုင် ယဉ်ကျေးမှု အတော်ကြီး ခေတ်စားခဲ့တာ လူငယ်တွေ စာဖတ်လို့ပေါ့။ အခုနောက်ပိုင်း စာအုပ် အငှားဆိုင်တွေ လေပြင်း မုန်တိုင်းကျလို့ တဖြုတ်ဖြုတ် ကြွေသွားတဲ့ အသီးကင်းတွေလို မရှိသလောက် နည်းသွားပြီ။ စာဖတ်အား ကျသွားတာ သိသာတယ်။

စာအုပ်ပွဲတော်တွေ၊ စာပေပွဲတော်တွေ၊ စာအုပ်အရောင်းပွဲတွေ လုပ်ပြီး မြှင့်တင်နေပေမယ့် ကျွန်တော့်အထင် ထင်သလောက် ခရီးမပေါက်ဘူး။ အသက် ၃ဝ အောက် လူငယ် အတော်များများက စာဖတ် အလေ့အထကို အားမပေးတဲ့ ဒီဘက်ခေတ်ဆိုး၊ ခေတ်ကြပ်မှာ လူလားမြောက်လာကြတာလည်း ပါတာပေါ့။

အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး အချက်ကတော့ စာဖတ်တဲ့ နိုင်ငံတွေနဲ့ စာမဖတ်တဲ့ နိုင်ငံတွေရဲ့ ပညာရေးစနစ်ကြောင့်ပဲ။ စာဖတ်ချင်လာအောင် ဆွဲဆောင်ပေးတဲ့ ကလေးစာပေ ဘယ်လို အားပေးသလဲ၊ ဘယ်လောက် ထွန်းကားသလဲ၊ စာကြည့်တိုက်မှာ စာဖတ်ချင်လာအောင်၊ စာအုပ်ကို ဖတ်ပြီး ကိုးကားချင်လာအောင် ကျောင်းသင်ခန်းစာတွေက ဘယ်လို လေ့ကျင့်ပေးသလဲဆိုတာ အရေးကြီးတယ်။

ရှေးမြန်မာ ပညာရှိတွေက ဆိုရိုးစကား ထားခဲ့တယ်။ “အလိမ္မာ စာမှာရှိ”တဲ့။ အလိမ္မာဆိုတာ အသိဉာဏ်၊ ဆင်ခြင်ဉာဏ်၊ ဗဟုသုတ၊ အတွေးအခေါ်၊ ခံယူချက်၊ စိတ်ထား၊ ယဉ်ကျေးသိမ်မွေ့မှု၊ နိုင်ငံကြီးသား ပီသမှု၊ ကိုယ်ချင်းစာတရား စတဲ့အချက်တွေကို ပေါင်းရုံးပြီး တစ်လုံးတည်း ပြောလိုက်တာ။ စာမဖတ်ရင်တော့ မလိမ္မာတဲ့သူတွေ တစ်နည်းအားဖြင့် လူမိုက်တွေ များလာမယ်လို့ ပြောချင်တာ။

အယ်ဒီတာ (၁၆-၇-၂ဝ၁၆)