News

POST TYPE

EDITORIAL

အာဏာပိုင်တွေကို ကြောက်တဲ့စိတ် (Daily, Vol-5/No-231)
07-Jan-2018 tagged as

အာဏာပိုင်တွေကို ကြောက်တဲ့စိတ် (Daily, Vol-5/No-231)

မကြာသေးခင်၊ ဒီဇင်ဘာလကုန်ပိုင်းက လွိုင်ကော်မှာ ပြုလုပ်သွားတဲ့ လူငယ်ငြိမ်းချမ်းရေးစကားဝိုင်းမှာ လူငယ်တွေရဲ့ မေးမြန်းချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဆွေးနွေးဖြေကြားသွားရာမှာ အစိုးရအရာရှိကြီးတွေကို ဟင်းတွေအများကြီး ချက်ကျွေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတိပေးပြောဆိုသွားတာကို တွေ့ရသလို အစိုးရအရာရှိတွေ မတရားလုပ်တာတွေ ရှိခဲ့ပါကလည်း တိုင်ကြားကြဖို့ အသိပေးသွားတာကိုလည်း သတိပြုမိပါတယ်။ အဲဒီ ဟင်းအများကြီးချက်တဲ့ ကိစ္စရယ်၊ မတရားလုပ်တာတွေကို ငြိမ်ခံမနေဘဲ ကိုယ့်ဘက်က တိုင်စရာရှိတာတိုင်ဖို့ဆိုတာရယ်ဟာ တကယ်တမ်းတော့ အာဏာပိုင်ဆိုရင်၊ အရာရှိဆိုရင် သူ့အလိုလို ကြောက်နေတတ်တဲ့စိတ်ကြောင့် ဖြစ်လာတယ်လို့ပဲ ဆိုရမှာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ ဟင်းကိစ္စကတော့ မကုန်သင့်တာ မကုန်ရအောင်၊ တစ်မျိုးပြောရရင် အလဟဿမဖြစ်အောင် စီမံကြဖို့နဲ့ အစိုးရအရာရှိကြီးတွေဆိုတိုင်း လိုတာထက်ပိုပြီး မျက်နှာသာမပေးကြဖို့ သတိပေးတဲ့သဘောလို့ ထင်မြင်မိပါတယ်။ မတရားမှုတွေလုပ်တာကို တိုင်တန်းဖို့ဆိုတာကျတော့ နိုင်ငံသားတွေဘက်က အနည်းဆုံး တာဝန်တသိနဲ့ တိုင်တန်းပါမှ အကျင့်ပျက်နေတဲ့ အရာရှိတွေ၊ ဝန်ထမ်းတွေကို ထိန်းမတ်ပေးနိုင်မှာဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုတာပဲလို့ ထင်ပါတယ်။ ဟုတ်ပါတယ်၊  မတရားလုပ်တာ၊ အာဏာပြတာ၊ အပြုအမူ အပြောအဆိုရိုင်းပျတာ စတာတွေကို တိုင်တန်းတာမှမရှိရင် အရေးယူတယ်ဆိုတာလည်း ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ။

ခက်တာက ဒီနေရာမှာ တိုင်တန်းတာဆိုတာထက် တိုင်တန်းရဲတဲ့ သတ္တိတို့၊ တိုင်တန်းခွင့်ရှိတယ်ဆိုတဲ့ အသိတရားတို့ ရှိနေဖို့လိုပါတယ်။ မြန်မာတွေဟာ အာဏာပိုင်ဆိုရင် နဂိုကတည်းက ကြောက်တတ်တဲ့ဉာဏ်ရှိခဲ့ကြတာပါ။ အာဏာပိုင်တွေ၊ အစိုးရအရာရှိတွေနဲ့ တော်ရုံတန်ရုံ ပြဿနာမဖြစ်ချင်ကြပါဘူး။ ဗျူရိုကရေစီ ယန္တရားအကြောင်း နားမလည်တာကတစ်ကြောင်း၊ ဝန်ထမ်းတွေရဲ့ စည်းမျဉ်းစည်းကမ်းကို မသိတာကတစ်ကြောင်း၊ ပြဋ္ဌာန်းထားတဲ့ဥပဒေအရ ကိုယ့်ဆီမှာ ဘယ်လိုရပိုင်ခွင့်တွေ ရှိနေတယ်ဆိုတာကို မသိတာကတစ်ကြောင်း စတဲ့ အကြောင်းတွေကြောင့်လည်း အာဏာပိုင်တွေနဲ့ အရာရှိတွေဆိုရင် Complain တက်ဖို့နေနေသာသာ၊ မရှင်းလင်းတဲ့ကိစ္စတွေကိုတောင် မေးမြန်းဖို့ ဝန်လေးတတ်ခဲ့ကြတာပါ။

နောက်ပြီး ခေတ်အဆက်ဆက်မှာ အကျင့်ပျက်တဲ့အရာရှိတွေကို လူသိရှင်ကြားအရေးယူပြတာတို့၊ ပြစ်ဒဏ်ချမှတ်တာတို့ လုပ်ပြတာလည်း မရှိသလောက် ဖြစ်ခဲ့တယ်ဆိုတော့ အစိုးရအာဏာပိုင်ဆိုတာနဲ့ ကိုယ့်ထက်အများကြီး အာဏာရှိတဲ့သူ၊ ကိုယ့်ကိုဒုက္ခရောက်အောင် လုပ်နိုင်စွမ်းရှိတဲ့သူတွေလို့ပဲ ထင်မှတ်ခဲ့ကြတာချည်းပါပဲ။ အစွန်အဖျား ပြည်နယ်ဒေသတွေမဆိုထားနဲ့၊ မြို့ကြီးပြကြီးမှာနေပြီး ဗဟုသုတရှိတဲ့သူတွေတောင် တော်ရုံတန်ရုံနဲ့ အာဏာပိုင်တွေနဲ့ ပြဿနာမတက်ချင်ကြပါဘူး။ အဲဒါကြောင့် စစ်ဆေးရေးအဖွဲ့တွေ၊ ဘာတွေလာပြီဆိုရင် သူတို့ဟာ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် သူ့အလုပ်သူလုပ်နေတဲ့သူလို့ မမြင်နိုင်တော့ဘဲ သူတို့ကြောင့် ကိုယ်ပြဿနာဖြစ်မှာစိုးတာရယ်၊ သူတို့ငြိုငြင်မှာ၊ ရစ်မှာကြောက်တာရယ်ကြောင့် ဟင်းတွေအများကြီး ချက်ကျွေးကြတဲ့အထိ ဖြစ်ကုန်ကြတာနေမှာပါ။ တစ်ခေတ်တစ်ခါက ရန်ကုန်ဆိပ်ကမ်းမှာ ကွန်တိန်နာတွေ အသွင်းအထုတ်လုပ်ခဲ့ဖူးသူတွေကြားမှာ ပြောစမှတ်တွင်လောက်တဲ့ စကားတစ်ခွန်းရှိပါတယ်။ ကွန်တိန်နာတွေစစ်ပေးဖို့အတွက် ပိုက်ဆံလေးပေးရ၊ ပုစွန်တုပ်ဟင်းနဲ့ ထမင်းလည်းကျွေးရ၊ ဂျော်နီဝေါ့ကားလည်းတိုက်ရ၊ အနင်းအနှိပ်ပါ လုပ်ပေးရဆိုတဲ့ စကားပါ။ တစ်ခေတ်တစ်ခါက ရှိခဲ့တာတွေရှိပါစေတော့။ အခုဆက်မရှိဖို့ဘဲလိုတာပေါ့။

တစ်ခုတော့ရှိတာပေါ့၊ ကိုယ့်ဘက်က ဘာမှအမှားမလုပ်ထားဖို့ လိုသလို သက်ဆိုင်ရာဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ ကိုယ်ရှိနေတဲ့အချက်ကို သိထားဖို့လည်းလိုပါမယ်။ ဥပမာ-သွင်းကုန်၊ ထုတ်ကုန် လုပ်နေတဲ့သူတွေအနေနဲ့ ကုန်သွယ်ရေးဆိုင်ရာစည်းမျဉ်းဥပဒေတွေ၊ အကောက်ခွန်ဥပဒေတွေကို မဖြစ်မနေသိထားရမှာပေါ့။ တည်ဆဲဥပဒေအကြောင်းတွေကို တစ်လုံးတလေမျှ မသိထားဘူးဆိုရင်တော့ ရစ်တတ်တဲ့၊ ပြဿနာရှာတတ်တဲ့ အာဏာပိုင်တွေ ပြုသမျှ နုဖို့သာရှိတော့တာပေါ့။ အဓိကက ကိုယ်မှန်နေဖို့ပါပဲ။ ကိုယ်ကမှန်နေမယ်ဆိုရင် အာဏာပိုင်မကလို့ မိုးပေါ်က မိုးနတ်မင်းပဲဆင်းလာသည်ဖြစ်စေ ထိတ်လန့် တုန်လှုပ်နေစရာမလိုပါဘူး။ နောက်တစ်ခုက ကိုယ်ကစပြီး အကျင့်မဖျက်မိစေဖို့ပါ။

မြန်မာအများစုဟာ အာဏာပိုင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်လာရင် အခါခပ်သိမ်းရေလောင်း (ပိုက်ဆံပေးခြင်း) မှ၊ ဂါရဝပြုမှ အဆင်ပြေနိုင်မယ်ဆိုတဲ့ အတွေးက အရိုးစွဲနေကြပါတယ်။ အဲဒီတော့ ရေလေးမှမလောင်းမိရင် ငါးပါးမှောက်လိမ့်မယ်ထင်ပြီး ရေလောင်းတဲ့ကိစ္စကို မဖြစ်မနေလုပ်ရမယ့်တာဝန်လို့ ယူဆလေ့ရှိကြပါတယ်။ တစ်ခုတော့ရှိတာပေါ့၊ ကိုယ်က အင်မတန်သဒ္ဓါတရား လွန်ကဲနေလို့ ပေးကမ်းချင်တယ်ဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်၊ တကယ်ပြောရမယ်ဆိုရင် အာဏာပိုင်တွေ၊ အရာရှိမင်းတွေဆိုတာ ကြောက်စရာမဟုတ်ပါဘူး၊ သူတို့ဟာ နိုင်ငံ့တာဝန်၊ နိုင်ငံသားတွေရဲ့တာဝန်ကို ထမ်းဆောင်ဖို့ နိုင်ငံတော်က ထိုက်သင့်တဲ့ခံစားခွင့်ပေးပြီး ခန့်အပ်ခြင်းခံထားရသူတွေ သက်သက်ပါပဲ။ အဲဒါကို ငါ့မှာ လုပ်ပိုင်ခွင့်ရှိတယ်၊ ငါက နိုင်ငံတော်ကို သစ္စာစောင့်သိတယ်၊ နိုင်ငံတော်ကို လုပ်ကျွေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူတွေရဲ့ အထက်ကနေ ခေါင်းတစ်လုံးအသာစီးရဖို့ လုပ်နေတဲ့ အာဏာပိုင်တွေကြောင့်သာ နိုင်ငံတော်လည်း နာမည်ပျက်၊ နိုင်ငံသားတွေလည်း အရှုံးထွက် ဖြစ်ခဲ့ကြရတာပါ။ အရေးအကြီးဆုံးက အဲဒီလိုဆိုးသွမ်းတဲ့ အာဏာပိုင်တွေကို မဖော်ထုတ်ဘူး၊ အရေးယူနိုင်အောင် မတိုင်တန်းဘူးဆိုရင် လူဆိုးတွေမင်းမူတာကို ခေါင်းငုံ့ခံရတဲ့ဘဝရောက်သွားပြီး ဒီမိုကရေစီဆိုတာလည်း အခေါ်အဝေါ်တစ်ခု သက်သက်သာဖြစ်နေမယ်ဆိုတဲ့အကြောင်း သတိပေးလိုတာပဲဖြစ်ပါတယ်။ 

အယ်ဒီတာ (၆-၁-၂၀၁၈)

  • TAGS