News

POST TYPE

EDITORIAL

မြန်မာ့လွတ်လပ်ရေးနှင့် အတောင် မစုံသေးသည့် ချိုးဖြူငှက် (Daily, Vol-5/No-229)
04-Jan-2018 tagged as

မြန်မာနိုင်ငံနှင့် ပတ်သက်သော အထင်ကရ ရက်စွဲများအကြောင်း ပြောမည်ဆိုလျှင် ယနေ့ (ဇန်နဝါရီလ ၄ ရက်)လည်း မပါမဖြစ်သော ရက်တစ်ရက် ဖြစ်ပေသည်။ ကိုလိုနီခေတ်ကာလ ကုန်ဆုံးပြီး လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် မြန်မာတို့ ပြန်လည် ရပ်တည်လာနိုင်ခဲ့သည်မှာလည်း ယခုဆိုလျှင် နှစ် ၇၀ တိတိပြည့်သွားပြီဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မျိုးချစ်မြန်မာ ခေါင်းဆောင်များ ခဲရာခဲဆစ် ကြိုးပမ်း ပုံဖော်ခဲ့ရသည့် အစီအစဉ်များ ပြီးမြောက်အောင်မြင် သွားခဲ့သည်မှာ နှစ် ၇၀ ပြည့်ခဲ့ပြီဖြစ်သည်။ လူ့သက်တမ်းအရဆိုရလျှင် နှစ် ၇၀ ဆိုသည်မှာ လူတစ်ဦးအတွက် တစ်ဘဝစာနီးပါး ရှိသည့် အချိန်ကာလ အပိုင်းအခြားတစ်ခု လည်းဖြစ်ပေသည်။ 

ကျောင်းနေခဲ့ဖူးသော မြန်မာနိုင်ငံသားအားလုံး အခြေခံပညာသင်ယူစဉ် သမိုင်းဘာသာရပ်တွင် ကိုလိုနီခေတ်အကြောင်း၊ လွတ်လပ်ရေးအကြောင်း စသည်တို့ကို ကောင်းစွာ သိရှိခဲ့ပြီးဖြစ်ပါလိမ့်မည်။ သမိုင်းထဲတွင် လက်နက်အင်အား မမျှ၍၊ လူအင်အား မမျှ၍ စသည့် အကြောင်းပြချက် အမျိုးမျိုးဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပုံများကို ဝမ်းနည်းဖွယ်ဖြစ်အောင် စီကုံးရေးသားထားသည်ကိုလည်း ကျောင်းသားဘဝထဲက သိရှိခဲ့ကြပါလိမ့်မည်။ သမိုင်းဆရာတို့မည်သို့ပင် ဖွင့်ဆိုခဲ့ကြသည်ဖြစ်စေ သေချာသည့်အချက်မှာ တစ်ချိန်က မြန်မာများသည် ကိုလိုနီတို့၏ခြေလှမ်းများကို ကြိုတင်တွက်ဆနိုင် ခဲ့ခြင်းမရှိသလို အချင်းချင်းလည်း ညီညွတ်မှု မရှိခဲ့ခြင်းကြောင့် လွတ်လပ်ရေး ဆုံးရှုံးသွားခြင်းသာ ဖြစ်သည်ဟု ရှုမြင်မိပေသည်။ 

သို့သော် စည်းလုံးညီညွတ်အောင် စွမ်းဆောင်နိုင်သူအချို့ ပေါ်ပေါက် လာချိန်တွင်ပင် ဆုံးရှုံးခဲ့ရသည့် လွတ်လပ်ရေးကို အမိအရ ပြန်လည် ရယူနိုင်ခဲ့သည် မဟုတ်ပါလော။ လွတ်လပ်ရေးအတွက် ဗြိတိသျှကိုလိုနီတို့ကို မောင်းထုတ်ရန် ဖက်ဆစ်ဝါဒီတို့နှင့် ပေါင်းသင်းခဲ့ရသလို၊ နောက်တစ်ဖန် ဖက်ဆစ်တို့ကို မောင်းထုတ်ရန် ဗြိတိသျှတို့ အကူအညီ ပြန်ယူရပြန်လုပ်ခဲ့ကြရသည်။ သခင် ကိုယ်တော်မှိုင်း၏ စကားနှင့်ပြောရလျှင် အထင်ကြီး၍ ပင့်လာမိသော ဆရာကြီး (ဖက်ဆစ်တို့)ကို ပင့်လာသူတို့ကိုယ်တိုင်ပင် တာဝန်ယူမောင်းချခဲ့ကြရသည် မဟုတ်ပါလော။ မည်သို့ပင်ဖြစ်စေ လွတ်လပ်ရေးအတွက် ကောင်းမည်ထင်၍ လုပ်ခဲ့ကြသော အလုပ်ချည်းသာပင်ဖြစ်ရာ မည်သူကမျှ အပြစ်ဆိုမည် မဟုတ်ပေ။ လွတ်လပ်ရေးသည်သာ ပန်းတိုင်၊ လွတ်လပ်ရေးသည်သာ ပဓာနဖြစ်ခဲ့သည် မဟုတ်ပါလော။

မျိုးချစ်ပုဂ္ဂိုလ်တို့၏ အသက်ပေါင်း များစွာ စတေးခဲ့ပြီးမှ ရလာခဲ့သည့် ထိုလွတ်လပ်ရေးကြီးသည် မရခင်ကာလက မြန်မာတို့အတွက် ကြီးမားသည့် အိပ်မက်တစ်ခုဖြစ်ခဲ့ပါသည်။ သို့သော် ဇန်နဝါရီလ ၄ ရက်နေ့ နောက်ပိုင်းကာလ များမှစ၍ အခြားပန်းတိုင်များပေါ်လာသည်။ ပါလီမန် ဒီမိုကရေစီပန်းတိုင်၊ ဆိုရှယ်လစ်ပန်းတိုင်၊ ထို့နောက် ဒီမိုကရေစီပန်းတိုင် စသည်ဖြင့်။ ပန်းတိုင်များအနက် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ယနေ့အချိန်ကာလအထိ အိပ်မက်မက်နေရဆဲဖြစ်နေသည့် ပန်းတိုင်တစ်ခုဖြစ်သလို ယနေ့အထိ နိုင်ငံဖွံ့ဖြိုးရေးနှင့် နိုင်ငံတည်ဆောက်ရေး ကိစ္စကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ခြိမ်းခြောက်နေသည့် ပန်းတိုင်မှာ ပြည်တွင်းစစ် အဆုံးသတ်ရေး သို့မဟုတ် ပြည်တွင်း ငြိမ်းချမ်းရေးပင် ဖြစ်တော့သည်။ 

တစ်ချိန်က ကိုလိုနီနှင့် ဖက်ဆစ်တို့ကို မောင်းထုတ်နိုင်ရေးအတွက် လက်နက်ကိုင်ခဲ့ကြသည့်ကိစ္စ အဆုံးသတ်သွားသည်မှာ နှစ် ၇၀ ပြည့်ခဲ့ပြီ ဖြစ်သော်လည်း လွတ်လပ်ရေးရပြီးနောက် မညီညွတ်မှုများနှင့် သဘောထား ကွဲလွဲမှုများကြောင့်ဖြစ်သည့် ပြည်တွင်းစစ်ပွဲများအတွက် နောက်ထပ် ဘယ်နှနှစ်လောက် လက်နက် ဆက်ကိုင်ကြဦးမည်ကို မည်သူမျှ တပ်အပ်မပြောနိုင်ပေ။ မြန်မာနိုင်ငံထဲတွင် လွတ်လပ်ရေး မရခင်ကလည်း စစ်ပွဲများ ရှိခဲ့သလို လွတ်လပ်ရေး ရပြီးတော့လည်း စစ်ပွဲများရှိနေဆဲ ဖြစ်သည်မှာ ယခုအချိန်အထိပင်။ စစ်ဟူသည် မြန်မာတို့နှင့် မစိမ်းသည့်ကိစ္စဖြစ်ခဲ့သည်မှာ မဆန်းသော်လည်း စစ်ဝါဒီ၊ စစ်အတွေးအခေါ်များ ကြီးစိုးလာမည်ကိုတော့ အထူးပင် စိုးရိမ်မိပေသည်။ သေချာသည်မှာ မြန်မာ့လွတ်လပ်ရေး ဋီကာကို မည်သို့ပင် ချဲ့ကားနိုင်သည်ဖြစ်စေ မြန်မာနိုင်ငံတွင်ရှိသူ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး စည်းလုံးညီညွတ်မှု မရှိသေးသရွေ့၊ တစ်နည်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အယုံအကြည်မရှိသေးသရွေ့ အတောင် မစုံသေးသည့် ချိုးဖြူငှက်ကို အပျံသင် ခိုင်းနေသကဲ့သို့ပင် ရှိနေမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ  (၃-၁-၂၀၁၈)

  • TAGS