News

POST TYPE

EDITORIAL

ရွှေတိဂုံကို သက်သေတည်ပါ (Daily, Vol-5/No-228)
03-Jan-2018

၂၀၁၈ ခုနှစ်၏ ပထမဆုံးနေ့က ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်တွင် ကျင်းပပြုလုပ်သွားသည့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် သံဃာအပါး ၁၈၀ဝ၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို သတင်းမီဒီယာများတွင် သာမက လူမှုကွန်ရက်များပေါ်တွင်ပါ စိတ်ဝင်တစား ဖော်ပြကြသည်ကို တွေ့ရပါသည်။ သံဃာတော်အပါး ၁၈၀ဝ၀ ဟူသည့်အရေအတွက်မှာ ရန်ကုန်မြို့၏ သမိုင်းကြောင်း၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းတွင်သာမက မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း ထေရဝါဒ ဗုဒ္ဓဘာသာသမိုင်းကြောင်းတွင်ပါ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့်ဖြစ်ရပ်တစ်ခု ဖြစ်နေခြင်းကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ အထူး စိတ်ဝင်စားခဲ့ကြခြင်းပင် ဖြစ်ပေသည်။ 

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ဝ ကျော်ကာလ မဇ္ဈိမဒေသ (ယခုအိန္ဒိယနိုင်ငံ) က ဗောဓိညောင်ပင်အောက်တွင် သံသရာ အဆုံးသတ်နိုင်မည့်လမ်းစဉ်ကို သိမြင်သော အသိဉာဏ်ထူးရရှိသွားပြီးနောက် မြတ်ဗုဒ္ဓ၏ ဥဒါန်းကျူးရင့်သည့်စကားကို သံဃာပေါင်း ၁၈၀ဝ၀ က ရွတ်ဖတ်သရဇ္ဈာယ်သည်ဟူသောကိစ္စမှာလည်း မြန်မာနိုင်ငံအတွက် သာမက မြတ်ဗုဒ္ဓ၏ ကြီးမားသည့်အသိဉာဏ်နှင့် အဆုံးအမများကို ယုံကြည်ကြသူများအတွက် ထူးခြားလှသည်ဟုပင် ဆိုရပေမည်။ တစ်နည်းဆိုရလျှင် ကြောက်ရွံ့ ထိတ်လန့်မှုနှင့် စိုးရိမ်ကြောင့်ကြမှုတို့၏ နိုင်စားခြင်းကို အမြဲတစေ ခံနေကြရသော လူသားများအတွက် စစ်မှန်သည့် ငြိမ်းအေးမှု ရနိုင်မည့် နည်းလမ်းရှာတွေ့သွားခြင်းကြောင့် မြတ်ဗုဒ္ဓ ကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ ကျူးရင့်ခဲ့သည့် စကားကို သံဃာတော်များက ပြန်လည် ရွတ်ဆိုခြင်းသည် ထူးခြားသည့် မင်္ဂလာတစ်ပါးပင်ဖြစ်ပေသည်။ 

မြတ်ဗုဒ္ဓ၏ အဆုံးအမသည် လွန်စွာပင် ရိုးရှင်းသည်။ အယုတ်၊ အလတ်၊ အမြတ်မရွေးအပေါ် လူသား တစ်ဦးချင်းစီက မေတ္တာသက်ဝင်ကြရန်နှင့် ယင်းမေတ္တာမပျက်ယွင်းစေရေးအတွက် အချင်းချင်း သည်းခံစိတ်ထားကြရန် တိုက်တွန်းသည်။ မိမိ၏အတွင်း စိတ်ထဲမှ ယုတ်ညံ့သည့် သဘောတရားများကို တစ်ဦးချင်းစီ တွေ့မြင်နိုင်သည့် အရည်အချင်း သို့မဟုတ် သတိတရား ရှိပါမှ မိမိနှင့်တစ်ပါးသူ၏ နှစ်ဖြာသောအကျိုးကို ဆောင်နိုင်မည်ဟု ဆိုသည်။ Religion ဆိုသည့် ဘာသာတရားထဲတွင် ဗုဒ္ဓဘာသာ ပါဝင်သော်လည်း အမှန်တွင် ဗုဒ္ဓ၏ အဆုံးအမများနှင့် လမ်းစဉ်သည် ဘာသာတရားတို့၏ သဘောတရားနှင့် များစွာ ကွဲပြားကာ လွန်စွာ လက်တွေ့ကျလှသည့် လောကနေနည်းများဖြစ်သည်ဟု ပညာရှင် အတော်များများနှင့် ဘာသာရေး ခေါင်းဆောင်များက အကဲဖြတ်ကြပါသည်။ 

သို့တိုင်အောင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံရော၊ မြန်မာဗုဒ္ဓဘာသာဝင်များပါ ရုန့်ရင်းကြမ်းတမ်းသည့် နိုင်ငံတစ်ခု သို့မဟုတ် လူသားချင်း စာနာစိတ် မရှိသည့် လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ပုံဖော်စွပ်စွဲခံခဲ့ရသည်မှာ များစွာ ဝမ်းနည်းဖွယ် ကောင်းလှသည်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်သဘောမျိုးဖြစ်ခဲ့၍လော၊ မြေနိမ့်ရာ လှံစိုက်သည့် သဘောမျိုးလော၊ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ရလိုသည့် သဘောမျိုးရှိသူများကြောင့်လော ဟူသည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မပြောနိုင်ခဲ့သော်လည်း ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ဤနိုင်ငံ၏ ဂုဏ်သိက္ခာမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပြီဖြစ်ပေသည်။ မြန်မာအကြောင်း ကောင်းစွာ မသိသော နိုင်ငံခြားသားများဆိုလျှင် မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်သဖွယ် ဖော်ကျူးရေးသားနေကြသည်မှာ အထူးပင် ဝမ်းနည်းစရာ ဖြစ်ပေသည်။  

ထို့ထက်ပို၍ဆိုးသည်မှာ အဆိုပါ ရွှေတိဂုံစေတီတော်၌ ကျင်းပသွားသော ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့်ပတ်သက်၍ လူမှုကွန်ရက်များပေါ်၌ ကိုယ့်နိုင်ငံသားများ ကိုယ်တိုင်က သတင်းအတုများ၊ ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများဖြင့် မိမိနိုင်ငံနှင့် လူ့အဖွဲ့အစည်း သိက္ခာကျအောင် ပုတ်ခတ်စော်ကားနေကြခြင်းပင်ဖြစ်သည်။ အချို့မှာ လက်ရှိအစိုးရကို ထိုးနှက်လိုသည့် ဦးတည်ချက်သက်သက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး အချို့မှာ ဘာသာရေး ပဋိပက္ခဖြစ်ရန် ဦးတည်ချက်ဖြင့် လုပ်ဆောင်ကြခြင်းဖြစ်သည်ကို သတိပြုမိပါသည်။ ဗုဒ္ဓဘာသာဝင်များ အများစု နေထိုင်ရာနိုင်ငံတွင် သံဃာတော်ဦးရေ အမြောက်အမြား စုဝေးသည်ဆိုသည်မှာ လက်တွေ့ကျကျ စဉ်းစားလျှင် ဖြစ်သင့် ဖြစ်ထိုက်သည့်ကိစ္စသာ ဖြစ်ပေသည်။ ယင်းကိစ္စသည် နိုင်ငံရေးလည်း မဟုတ်သလို ပုဂ္ဂိုလ်ရေးနှင့် ပါတီရေးမဟုတ်သည်ကို အထူး သတိထား၍ ရှုမြင်သင့်ပေသည်။ ဆိုလိုသည်မှာ ဗုဒ္ဓဘာသာ အများစုရှိရာ မြန်မာနိုင်ငံမှ သံဃာတော်များသည် စစ်မှန်သည့် ငြိမ်းအေးမှုကို ရနိုင်သည့် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို လူသားအားလုံး နားလည်သဘောပေါက်စေရန် နည်းမှန် လမ်းမှန်ဖြင့် ကြိုးပမ်း နေသူများသာ ဖြစ်ကြောင်းနှင့် ယင်းအချက်ကို ကမ္ဘာ့နိုင်ငံများ လက်ခံယုံကြည်လာစေရန် ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသား အားလုံးက သက်သေပြကြရမည် ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၂-၁-၂၀၁၈)