News

POST TYPE

EDITORIAL

၂၀၁၇ က ပေးသော သင်ခန်းစာ

နှစ်သစ်တစ်နှစ် ကူးပြောင်းခဲ့ပါပြီ။ ၂၀၁၇ နှစ်သည် အတိတ်တွင်ကျန်ရစ်ခဲ့ပြီး နောင်တစ်ချိန်တွင် သမိုင်းမှတ်တမ်းများအဖြစ် နောင်လာနောင်သားများ သုံးသပ်အကဲဖြတ်ကြပေလိမ့်မည်။ အတိတ်ကာလ၏ ကောင်းခြင်း၊ ဆိုးခြင်းများကို မေ့ပျောက်သွားသူများရှိသလို သတိရနေသူများ၊ သင်ခန်းစာယူသူများလည်း ရှိနေပါလိမ့်မယ်။ ပစ္စုပ္ပန်မှာကျင်လည်နေဆဲ ကျွန်တော်တို့အနေနဲ့ ကုန်လွန်ခဲ့တဲ့ ၂၀၁၇ အတွင်း အဖြစ်အပျက်များအနက် မည်သည့်အကြာင်းအရာတွေကို သင်ခန်းစာယူပြီး ၂၀၁၈ မှာ မည်သို့ အသုံးပြုမလဲဆိုသည်ကိုတော့ များစွာအာရုံစိုက်မိပါတယ်။ 

နှစ်တစ်နှစ်သည် သမိုင်းမှတ်တမ်းတစ်ခု၊ လူ့ဘဝသက်တမ်းတစ်ခုနှင့် နှိုင်းယှဉ်လျှင် သာမန်အချိန်ကာလ အတိုင်းအတာတစ်ခုဖြစ်ပေမယ့် နိုင်ငံတစ်ခုရဲ့ အစိုးရတစ်ရပ် သက်တမ်းတစ်ခုနဲ့ နှိုင်းယှဉ်လျှင် အလွန်တရာအရေးပါလှသော အချိန်အတိုင်းအတာတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ၅ နှစ်သက်တမ်းရှိသော အစိုးရတစ်ရပ်အတွက် အချိန်ကာလတစ်နှစ်ဟာ သက်တမ်း၏ ၅ ချိုး ၁ ချိုးဖြစ်လို့ အကျိုးရှိရှိအသုံးချလျှင် ထိရောက်မှုရှိနိုင်သလို အကျိုးရှိရှိ အသုံးမချနိုင်ပါကလည်း နောင်လာမည့်သက်တမ်းအတွက်ပါ အကျိုးသက်ရောက်မှုရှိနိုင်မည်ကို သတိထားရမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက်၊ မြန်မာပြည်သူများအတွက် အကောင်း၊ အဆိုး ခပ်ကြမ်းကြမ်းရင်ဆိုင်ခဲ့ရတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ စနစ်အကူးအပြောင်း၊ ဘာသာရေး၊ နိုင်ငံတကာဆက်ဆံရေး စသည့်စသည့် ပြည်တွင်းပြည်ပ အရွေ့များ တိုးတက်သွားသည်၊ ဆုတ်ယုတ်သွားသည်၊ ရပ်တန့်နေသည်တို့ကို မဖြစ်မနေ ပြန်လည်သုံးသပ်ရမှာပါ။ မူဝါဒပိုင်းဆိုင်ရာ၊ လူပိုင်းဆိုင်ရာ၊ အကောင်အထည်ဖော်မှုဆိုင်ရာများ အားနည်းချက်၊ အားသာချက်များကို သုံးသပ်အဖြေထုတ်နိုင်မှသာလျှင် ၂၀၁၈ ကို ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 

၂၀၁၇ ခုနှစ်အတွင်း ပြည်သူများရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ နေ့စဉ်စီးပွားရေးဘဝ ကျပ်တည်းမှုက ထိပ်ဆုံးကဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ဟာ ပြည်သူများအတွက် ဖိအားကြီးမားသလို တည်ဆဲအစိုးရအနေနဲ့လည်း ဖိအားကြီးမားပါလိမ့်မယ်။ နိုင်ငံရဲ့လူအများစုဖြစ်တဲ့ လက်လုပ်လက်စား လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားများ၊ ဝန်ထမ်းများ၊ တောင်သူလယ်သမားများဟာ ပုံမှန်ဝင်ငွေနဲ့သာ နေ့စဉ်စားဝတ်နေရေးကို ရင်ဆိုင်နေကြရပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းရဲ့အရေးလို့ ဆိုပါလျှင် ပြည်သူများရဲ့ နေ့စဉ်စားဝတ်နေရေးကိုလည်း နိုင်ငံရေးလို့ ဆိုရပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံသားအားလုံးရဲ့ နေ့စဉ်စီးပွားရေးဘဝနဲ့ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး ရေရှည်ရည်မှန်းချက်များ၊ ရေတိုရည်မှန်းချက်များကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်လျက်ရှိနေပါတယ်။ ရေတို၊ ရေရှည် စီးပွားရေး ရည်မှန်းဆောင်ရွက်ချက် ရှိမှသာလျှင် ပြည်သူများ ၂၀၁၈ ကို အဆင်ပြေပြေ ဖြတ်သန်းနိုင်မှာဖြစ်သလို နိုင်ငံတည်ဆောက်ရေးကို အထောက်အကူဖြစ်ပါလိမ့်မယ်။

ကမ္ဘာ့ဘဏ်၏ ၂၀၁၇ ခုနှစ် စီးပွားရေးလုပ်ဆောင်ရန်လွယ်ကူသည့် နိုင်ငံများစာရင်း ၁၉၀ မှာ မြန်မာနိုင်ငံရဲ့အဆင့်ကတော့ ကမ္ဘာ့အဆင့် ၁၇၁ မှာရောက်ရှိနေပြီး အာရှအဆင့်မှာ နိုင်ငံပေါင်း ၂၃ နိုင်ငံအနက် အဆင့် ၂၂ မှာ ရောက်ရှိနေတာ တွေ့ရပါတယ်။ နီပေါနိုင်ငံဟာ ကမ္ဘာ့အဆင့် ၁၀၅၊ အာရှအဆင့် ၁၅၊ သီရိလင်္ကာနိုင်ငံကတော့ ကမ္ဘာ့အဆင့် ၁၁၁၊ အာရှအဆင့် ၁၆၊ လာအိုနိုင်ငံဟာ ကမ္ဘာ့အဆင့် ၁၄၁၊ အာရှအဆင့် ၂၀ မှာ ရှိနေတာ တွေ့ရပါတယ်။ နီပေါ၊ သီရိလင်္ကာနဲ့ လာအိုနိုင်ငံတွေဟာ စီးပွားရေးလုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံထက် ပိုမိုလွယ်ကူနေတာကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတက်ရေးဆောင်ရွက်မှုနဲ့ စပ်လျဉ်းပြီး အိမ်နီးချင်း တရုတ်နိုင်ငံကို လေ့လာမိပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံရေးစနစ်အားဖြင့် ကွန်မြူနစ်စနစ်ဖြစ်ပေမယ့် စီးပွားရေးကို အခြေခံဦးစားပေးတည်ဆောက်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်ကို အဆင့်ဆင့် တည်ဆောက်လာတာကို လေ့လာရပါတယ်။ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် (Deng Xiaoping) က Black cat, white cat, what does it matter what color the cat is as long as it catches mice.  လို့ပြောခဲ့တာကို လက်တွေ့ကျသောစကားအဖြစ် အတုယူရမှာပါ။ တရုတ်နိုင်ငံအနေနဲ့ စီးပွားဖွံ့ဖြိုးဖို့ တစ်နိုင်ငံလုံးကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့တာမဟုတ်ဘဲ ဒေသအလိုက်၊ အပိုင်းလိုက် တစ်ဆင့်ချင်း ဆောင်ရွက်တာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ၁၉၇၉ မှာ စတင်ခဲ့တာပါ။ ဗဟိုအစိုးရအနေနဲ့ တောင်သူလယ်သမားတွေအတွက် လယ်ယာပိုင်ဆိုင်မှု၊ သီးနှံဈေးနှုန်းများနဲ့ပတ်သက်ပြီး မက်လုံးများပေးခဲ့ပါတယ်။ တောင်သူလယ်သမားများရဲ့ ထွက်ကုန်များကိုလည်း လွတ်လပ်သောဈေးကွက်သို့ ရောင်းချနိုင်စေဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံများ ဝင်လာစေဖို့၊ ပြည်ပသို့ ပို့ကုန်တင်ပို့နိုင်ဖို့နဲ့ အဆင့်မြင့်နည်းပညာများ တရုတ်နိုင်ငံအတွင်း ဝင်ရောက်လာစေဖို့အတွက် အထူး စီးပွားရေးဇုန် လေးခုကိုလည်း တည်ထောင်ခဲ့ပါတယ်။ စီးပွးရေးဆိုင်ရာ ကဏ္ဍအလိုက် အထူးသဖြင့် ကုန်သွယ်ရေးအတွက် မူဝါဒချမှတ်ရာမှာ ဗဟိုချုပ်ကိုင်မှုကို လျှော့ချခဲ့ပါတယ်။ ဗဟိုချုပ်ကိုင်မှုအစား ဒေသဆိုင်ရာ အုပ်ချုပ်ရေးများအဖွဲ့များသို့ ပေးအပ်ခဲ့ပြီး လွတ်လပ်သော ဈေးကွက်မူဝါဒများနဲ့အညီ ဆောင်ရွက်စေခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူလူထုကိုလည်း ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အစိုးရက အားပေးကူညီခဲ့ပါတယ်။ ကမ်းရိုးတန်းဒေသများ၊ မြို့များကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖို့အတွက် လွတ်လပ်သောဈေးကွက် ပြုပြင်ပြောင်းလဲမှုများ၊ မက်လုံးများပေးပြီး စီးပွားရေးဒေသများ၊ မြို့များအဖြစ် ပြောင်းလဲခဲ့ပါတယ်။ နိုင်ငံတော်က ဈေးနှုန်းများ ထိန်းချုပ်ထားမှုကိုလည်း ဖြေလျှော့ခဲ့ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့ပေးမှုများဟာ တရုတ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကဆောင်ရွက်ချက်အဖြစ် တွေ့ရပါတယ်။ ကုန်သွယ်ရေးအတွက် အဟန့်အတားဖြစ်နေတာတွေကို ဖယ်ရှားပေးခြင်းအားဖြင့် ပြိုင်ဆိုင်မှုရှိသော ဈေးကွက်ဖြစ်လာသည့်အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ စဉ်ဆက်မပြတ် တိုးတက်လာခဲ့တာကို တွေ့ရပါတယ်။ ယခုလို နိုင်ငံစီးပွားရေး အဆင့်ဆင့် ပြုပြင်ပြောင်းလဲခြင်းနဲ့ပတ်သက်ပြီး တိန့်ရှောင်ဖိန်က Crossing the river by touching the stones. လို့ ပြောကြားခဲ့တာဟာ လက်တွေ့ အကောင်အထည်ဖော် အောင်မြင်မှုစကားလို့ မှတ်ယူရမှာပါ။ အလားတူပါပဲ အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဟာလည်း ၂၀၁၈ ခုနှစ်မှာ ဗြိတိန်နှင့်ပြင်သစ်ကို ကျော်တက်ပြီး ပဉ္စမမြောက် အကြီးဆုံးစီးပွားရေး ဖြစ်လာမည်လို့လည်း သိရှိရပါတယ်။

မိသားစုတစ်ခုအတွက် စီးပွားရေးဟာ အသက်သွေးကြောဖြစ်သလို နိုင်ငံတစ်နိုင်ငံအတွက်လည်းပဲ အသက်သွေးကြောပဲ ဖြစ်ပါတယ်။ စီးပွားရေးခိုင်မာမှုမရှိပါဘဲ နိုင်ငံရေးအင်အားကြီးနိုင်ငံအဖြစ် မတည်ဆောက်နိုင်သလို စစ်ရေးအင်အားကြီး နိုင်ငံအဖြစ်လည်း မတည်ဆောက်နိုင်ပါဘူး။ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာဆိုသလို နိုင်ငံစီးပွားရေး မတိုးတက်သမျှ ပြည်သူများရဲ့ နေ့စဉ်စားဝတ်နေရေး အခြေအနေတိုးတက်ရန် ခက်ခဲနေပါလိမ့်ဦးမယ်။ နိုင်ငံ၏ ပို့ကုန်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ အသေးစား အလတ်စားလုပ်ငန်းများ၊ လယ်ယာကဏ္ဍများ၊ စက်မှုလုပ်ငန်းကဏ္ဍများ တိုးတက်လာမှသာ နိုင်ငံရဲ့ဝင်ငွေတိုးတက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ဝင်ငွေ နည်းနေဦးမယ်ဆိုရင် နိုင်ငံတော်ရဲ့ ဝင်ငွေ၊ သုံးငွေမှာလည်း လိုငွေပြနေဦးမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုငွေပြသည်မှာ အပြုသဘောဆောင်သော်လည်း စီးပွားရေးတိုးတက်မှုမရှိဘဲ နှစ်စဉ် လိုငွေဖြစ်ပေါ်နေခြင်းကတော့ ရေရှည်မှာ အကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်မယ်လို့ ယူဆပါတယ်။ ဝင်ငွေမရှိလို့ ထွက်ငွေနည်းစေဖို့ ခြိုးခြံချွေတာတဲ့နည်းလမ်းနဲ့ ကုစားခြင်းကတော့ အကြံကုန်၊ ဂဠုန်ဆားချက်သည့် နည်းလမ်းလို့သာ မြင်ပါတယ်။ 

နိုင်ငံ၏စီးပွားရေးကဏ္ဍကို ထိပ်တန်းဦးစားပေးအဆင့်သို့ လက်ရှိအချိန်အထိ ရောက်ရှိမလာသေးတာကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီလို့ တိုက်တွန်းလိုပါတယ်။ စီးပွားရေး ဆောင်ရွက်တယ်ဆိုရာမှာလည်း နတ်ရေကန်အတွင်း ပစ်ချသလို နေချင်းညချင်း တိုးတက်လာနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ အချိန်ယူရပါလိမ့်မယ်။ နိုင်ငံတော်စီးပွားရေး ဆောင်ရွက်နေမှုများနဲ့ပတ်သက်ပြီး အားနည်းချက်၊ ချို့ယွင်းချက်များကို အချိန်မီ ပြင်ဆင်နိုင်မှသာ ၂၀၁၈ မှာ အစကောင်းမယ်လို့ မျှော်လင့်ရပါတယ်။ ဥပဒေပြုရေး အပိုင်းမှလည်း စီးပွားရေးမူဝါဒများ ပြန်လည်ဆန်းစစ်ခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းများကို ထိထိရောက်ရောက်  ဆောင်ရွက်ပေးဖို့ လိုနေပါပြီ။ 

ပြည်သူများအနေနဲ့ ၂၁၀၈ ကို မည်သို့မည်ပုံ ဖြတ်သန်းရမယ်ဆိုတာကတော့ ၂၀၁၇ ကပေးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး နိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ မည်သည့်မူဝါဒများ ပြင်ဆင်မလဲ၊ မည်သည့် မူဝါဒများ ဆက်လက်ကျင့်သုံးမလဲ၊  မည်သည့်အရာများ ယူဆောင်သွားမလဲ၊ မည်သည့်အရာများ ချန်ထားခဲ့မလဲ၊ မည်သူ့ကိုခေါ်ဆောင်သွားပြီး မည်သူ့ကို ချန်ထားခဲ့မလဲဆိုတဲ့ ပြောင်းလဲမှုအပေါ်မှာသာ မူတည်မယ်လို့ ယူဆမိပါတော့တယ်။

သိန်းထွန်း (IR)