News

POST TYPE

EDITORIAL

KNPP တပ်ဖွဲ့ဝင်လေးဦး အသတ်ခံရမှုကို အရေးယူပေးရန် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး တောင်းဆို
25-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)တပ်ဖွဲ့ဝင်လေးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူများကို အရေးယူပေးရန်လိုကြောင်း တပ်မတော်သို့ ကယားပြည်နယ်အစိုးရအဖွဲ့  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတီရယ်က တောင်းဆိုလိုက်သည်။

“နိုင်ငံရေးနည်းအရ ဖြေရှင်းစေချင်တယ်။ လက်နက်နဲ့ မဖြေရှင်းစေချင်ဘူး။ ဖြစ်ပြီးတဲ့ကိစ္စမှာ ပြစ်ဒဏ်ပေးစေချင်တယ်။ တပ်မတော်ဘက်ကလည်း ကျူးလွန်သူကို အရေးယူပေးဖို့ ပြောချင်တယ်” ဟု ၎င်းက ပြောဆိုသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် တပ်မတော် ရိက္ခာတင်ယာဉ်များ၌ သစ်များတင်ဆောင်လာခြင်းကြောင့် လွိုင်ကော်မြို့ရှိ ၇ မိုင် ယာယီဂိတ်၌ KNPP တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ပြီးနောက် တပ်မတော်က KNPP တပ်ဖွဲ့ဝင်လေးဦးနှင့် ဒေသခံရွာသားလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တပ်မတော်ဘက်ကနေ၍ KNPP တပ်ဖွဲ့ဝင်များ၏ အရိုးပြာအိုးများ ပြန်လည်ပေးပို့ခဲ့ကြောင်း KNPP က ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ KNPP တပ်ဖွဲ့ဝင်များ အသတ်ခံရခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကရင်နီလူငယ်အချို့နှင့် အရပ်ဘက်လူငယ်များက ဥပဒေမဲ့ ကျူးလွန်မှုကိုကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုကဲ့သို့ KNPP တပ်ဖွဲ့ဝင်များ အသတ်ခံရခြင်းနှင့် ပတ်သက်၍ လက်ရှိအာဏာရအစိုးရနှင့် တပ်မတော်က တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ပြီး အမှန်တရား ပေါ်ပေါက်ရေးအတွက် ပွင့်လင်းမြင်သာမှုရှိသော တရားစီရင်ရေးစနစ်ဖြင့် ဖော်ထုတ်ပေးရန် KNPP က ဒီဇင်ဘာ ၂၂ ရက်တွင် သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့သည်။

J-07

  • VIA