News

POST TYPE

EDITORIAL

လူစားလဲဖို့ အချိန်တန်ပြီလား
22-Dec-2017

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်ကစပြီးတော့ ဂြိုဟ်တုစလောင်း အသုံးပြုကြည့်ရှုရတဲ့ ရုပ်သံလိုင်းတွေ ပေါ်လာပြီးနောက်ပိုင်း အခကြေးငွေယူပြီးပြသတဲ့ ဗီဒီယိုရုံတွေမှာ နိုင်ငံခြား ဘောလုံးပွဲတွေကို သွားကြည့်ကြတဲ့ အလေ့အကျင့် ခေတ်စားလာပါတယ်။ အဲဒီ ရုပ်သံစလောင်းတွေကပြတဲ့ ကမ္ဘာ့ဖလားပွဲ၊ ဥရောပ ဖလားပွဲတွေအပါအဝင် အင်္ဂလန်၊ စပိန်၊ အီတလီ၊ ပြင်သစ်နဲ့ ဂျာမနီတို့မှာကျင်းပတဲ့ ပြည်တွင်းပြိုင်ပွဲတွေကို အားကစား ဝါသနာအိုးတွေဟာ အစွဲအလမ်းကြီးစွာ ကြည့်ရှုလာကြတာကို တွေ့မြင်ကြရပါတယ်။ (အခုဆိုရင်တော့ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ထိုင်ရာမထ ကြည့်ရှုနိုင်သူတွေ များလာကြပါပြီ)။

အဲဒီကနေတစ်ဆင့် သိလာကြရတာကတော့ နာမည်ကြီး အားကစားသမားတွေပဲ ဖြစ်ပါတယ်။ အားကစား ဝါသနာရှင်တွေအနေနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ကောင်းလို့ သဘောကျ နှစ်သက်ကြသလို တချို့ကစားသမားတွေဆိုရင် ရုပ်ရှင်မင်းသားလို ချောမောလှပကြတာကြောင့် ပျိုမေတို့ရဲ့ အသည်းစွဲဖြစ်ခဲ့ကြပြီး ဘောလုံးပွဲဝါသနာ မပါသူတွေတောင် သူတို့ပါတဲ့ပွဲဆိုရင် မလွတ်တမ်း ကြည့်ရှုလာကြပါတယ်။ ဒေးဗစ်ဘက်ခမ်းတို့၊ မိုက်ကယ်လ်အိုဝင်တို့ဆိုရင် အဲဒီအချိန်က လူကြီးလူငယ်၊ ပျိုပျိုအိုအိုတို့ နှုတ်ဖျားမှာ ရေပန်းစားတဲ့အထိ ဖြစ်လာကြပါတယ်။

ဝါသနာရှင်တွေအနေနဲ့ ဒီလိုဘောလုံးသမား အစွဲအလမ်းကနေ ဘောလုံးသမား တစ်ဦးချင်းရဲ့ ကစားနည်း ကစားဟန်၊ သူတို့ရဲ့ကျွမ်းကျင်မှုတွေကိုလည်း လေ့လာသိရှိကြပြီး ဘယ်သူကတော့ ဂိုးသွင်းကောင်းတယ်၊ ဘယ်သူကတော့ အလိမ်အခေါက် ကောင်းတယ်၊ ဘယ်သူကတော့ တစ်ကိုယ်ကောင်းဆန်တယ်၊ ဘယ်သူကတော့ အကွက်ဆင်ပေးတာ ကောင်းတယ် ဆိုတာတွေပါ သိရှိနားလည်လာကြပါတယ်။ အဲဒီကနေ ဘယ်သူ့ကိုတော့ ဘယ်လိုပွဲမျိုးမှာ ထည့်သုံးသင့်တယ်၊ ဘယ်သူနဲ့ ဘယ်သူကိုတော့ တိုက်စစ်အတွဲမှာ ထားသင့်တယ် ဆိုတာတွေအထိ ပွဲကြည့်ရည် ဝလာကြပါတယ်။

နည်းပြဆရာ၏ အခန်းကဏ္ဍ

ဘောလုံးသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ နေရာချထားပုံကနေတစ်ဆင့် နာမည်ကြီး နည်းပြဆရာကြီးတွေကိုပါ ရင်းနှီးကျွမ်းဝင်လာကြပြီး နည်းပြဆရာ အစွဲအလမ်းလည်း ဖြစ်လာကြပါတယ်။ ဘယ်နည်းပြကတော့ လူရွေးချယ်နေရာချထားပုံ ကောင်းတယ်၊ ဘယ်နည်းပြကတော့ တိုက်စစ်အားပြုတဲ့ ကစားနည်းကို အားသန်တယ်၊ ဘယ်နည်းပြကတော့ ခံစစ်အားပြုတဲ့ ကစားနည်းကို အားသန်တယ် ဆိုတာတွေအထိပါ လေ့လာသိရှိ နားလည်လာကြပြီး ဝေဖန်မှုတွေ ပြုလာကြတဲ့အထိ ဘောလုံးအားကစားနည်းကို ထဲထဲဝင်ဝင် စူးစူးစိုက်စိုက် ရှိလာကြပါတယ်။

အဲဒီမှာ ဘာကိုပိုပြီး သတိထားမိကြသလဲဆိုရင် ကစားသမားတစ်ယောက်ဟာ ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ၊ အရင်ပွဲတွေမှာ ဘယ်လောက် ပွဲစွမ်းဆောင်ရည် ကောင်းနေပါစေ လက်ရှိပွဲမှာ သူ့ရဲ့ကစားပုံဟာ အားရစရာမကောင်းဘူး၊ စွမ်းဆောင်ရည် ကျဆင်းနေတယ်၊ ပွဲနဲ့အံမဝင်ဘူး၊ ဂိုးပေါက်ပျောက်နေတယ်၊ တခြားကစားသမားတွေနဲ့ အတွဲမမိဘူး၊ အချိတ်အဆက် လွဲချော်နေတယ်ဆိုရင် အဲဒီကစားသမားကို လူစားလဲလှယ်ပါတော့တယ်။ ဒီလိုလူစားလဲဖို့အတွက်လည်း အစားထိုးလဲလှယ်မယ့် ကစားသမားကို ကွင်းအပြင်မှာ သွေးပူလေ့ကျင့်ခန်းကို ပြုလုပ်ထားစေပါတယ်။ ဒီတော့ လူစားလဲဝင်လာတဲ့ ကစားသမားဟာ ကွင်းထဲကိုရောက်တယ်ဆိုတာနဲ့ ခြေစွမ်းပြတော့တာပါပဲ။

ဘယ်လောက်အထိ ခြေစွမ်းပြသလဲဆိုရင် အဲဒီလူစားဝင်ကစားသမား တော်တော်များများဟာ ဂိုးတွေသွင်းနိုင်ကြပြီး အရှုံးကနေ အနိုင်ရလဒ်ရတဲ့အထိ စွမ်းဆောင်နိုင်ကြတယ်ဆိုတာ ဝါသနာရှင် တော်တော်များများ သိကြမှာ ဖြစ်ပါတယ်။ ကျွန်တော် မှတ်မိသလောက် ဒီနည်းစနစ်ကို စတင်အသုံးပြုခဲ့တာ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဆရာ(ဟောင်း) ကြီး ဆာအဲလက်စ်ဖာဂူဆန်ပဲ ဖြစ်ပါတယ်။ သူက ရှရင်ဂန်နဲ့ဆိုးရှားတို့ နှစ်ယောက်ကို ပထမဆယ့်တစ်ယောက် (First Eleven) မှာ ထည့်သုံးလေ့မရှိဘဲ မိမိအသင်း အခြေအနေမကောင်းတဲ့ အချိန်တွေမှာ လူစားလဲလှယ်ပြီး အစားထိုး ဝင်ရောက်ကစားစေခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကလည်း အစားထိုး ဝင်ရောက်ကစားရတဲ့ ပွဲတိုင်းလိုလိုမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းနိုင်ခဲ့ကာ မန်ယူအသင်းကို အရှုံးမှသည်အနိုင်သို့ ပြောင်းလဲခဲ့တဲ့ ပွဲစဉ်တွေလည်း မနည်းပါဘူး။ ဒါကြောင့် ဒီနည်းစနစ်ဟာ နာမည်ကျော်ကြား လူကြိုက်များလာပြီး နောက်ပိုင်းမှာ နည်းပြဆရာတိုင်းလိုလိုက ကျင့်သုံးဆောင်ရွက်ခဲ့ကြပါတယ်။

ကွင်းလယ်မှာပဲ တဝဲဝဲလည် 

ဘောလုံး ဝါသနာအိုးတွေ၊ ဘောလုံး ဝေဖန်သူတွေ ပေါများလှတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရာရာကို ဘောလုံးအားကစားနည်းနဲ့ နှိုင်းယှဉ်ချိန်ထိုး ဝေဖန်ပြောဆိုလေ့ ရှိကြပါတယ်။ အထူးသဖြင့် ယနေ့အချိန်အခါမှာ နိုင်ငံရေးလောကနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုကြတဲ့အခါ အများဆုံး ဝေဖန်သုံးသပ်ပြောကြားလေ့ ရှိပါတယ်။ ဘောလုံးပွဲတစ်ပွဲမှာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကိုယ်အားပေးတဲ့ အသင်းနိုင်စေချင်ကြတာ လူ့သဘာဝဖြစ်သလို နိုင်ငံရေးလောကမှာလည်း ကိုယ်ရွေးချယ် တင်မြှောက်လိုက်တဲ့ နိုင်ငံရေးပါတီ၊ အစိုးရကို အောင်မြင်စေချင်တာ မဲဆန္ဒရှင်တွေ အားလုံးရဲ့ဆန္ဒပဲဖြစ်ပါတယ်။

ပြည်သူတွေဟာ ၂၀၁၅ ခုနှစ်မှာ မိမိတို့ လိုလားအားပေးတဲ့ နိုင်ငံရေးပါတီကို တစ်ခဲနက် ထောက်ခံဆန္ဒမဲ ပေးခဲ့ကြပြီး ပါတီက ဦးဆောင်ဖွဲ့စည်း တာဝန်ပေးခဲ့တဲ့ အစိုးရကိုလည်း ယုံကြည်မျှော်လင့်ခြင်းကြီးစွာနဲ့ အားကိုးခဲ့ကြတာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင်လည်း အားကောင်းမောင်းသန် လူငယ်ခြေတက်တွေ မဟုတ်ကြပေမယ့် နိုင်ငံတကာ အတွေ့အကြုံ ကြွယ်ဝတဲ့ သမ္ဘာရင့်၊ ဝါရင့် ပုဂ္ဂိုလ်ကြီးတွေက များပါတယ်။ သမ္ဘာရင့် ဝါရင့်တွေပီသစွာပဲ ပထမဦးစွာ မိမိရဲ့နောက်တန်းကို ဦးစွာပထမ လုံခြုံအောင် အထိုင်ချကြပါတယ်။ ဒီကမှတစ်ဆင့် တိုက်စစ်ဆင်ဖို့အတွက် ကွင်းလယ်ကစားကွက်ကို တည်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ကွင်းလယ်ကစားကွက်ကို တည်လို့မရသေးဘဲ ဘောလုံးဟာ ကွင်းလယ်မှာပဲ တစ်ဝဲလည်လည် ဖြစ်နေတဲ့အတွက် မိမိအသင်းကို အနိုင်ရစေချင်တဲ့ (မဲဆန္ဒရှင်) ပရိသတ်တွေကတော့ အားမလို အားမရဖြစ်နေကြပါပြီ။

တစ်ခါတစ်ရံ ရှေ့ကိုရောက်လာတဲ့ ဘောလုံးဟာ လူပေးမှားတာတွေ၊ နားလည်မှု လွဲမှားတာတွေ၊ ဂိုးပေါက် လွဲချော်တာတွေကြောင့် ပွဲကြည့်ပရိသတ်တွေအနေနဲ့ အားမလိုအားမရ မကျေမနပ် ပြစ်တင်ပြောဆိုမှုတွေကြားမှာ ကျိုးတိုးကျဲတဲ ဆဲသံဆိုသံလေးတွေလည်း ကြားလာရပါတယ်။ စိတ်ရှည်ကြတဲ့ လူကြီးပရိသတ်တွေက စောင့်ကြည့်ပါဦး၊ အချိတ်အဆက် မမိသေးလို့ပါ၊ အရှိန်မရသေးပါလို့ ဖျောင်းဖျပြောဆိုကြပေမယ့် လူငယ်တွေအပါအဝင် ပရိသတ်အများစုကတော့ စိတ်မရှည်နိုင်ကြတော့ဘဲ လူစားမလဲသေးဘူလား ဆိုတဲ့ စိတ်မရှည် လက်မရှည် ပြောသံဆိုသံ ဝေဖန်သံတွေကတော့ ပလူပျံနေကြပါပြီ။ ဆိုရရင်တော့ ဂိုးပေါက်ပျောက်နေတဲ့ ရှေ့တန်းကစားသမားတွေကို လူစားလဲစေချင်သလို စွမ်းဆောင်ရည် မပြနိုင်သေးတဲ့၊ ကောင်းမွန်တဲ့ရလဒ်ကို မဖော်ဆောင်နိုင်သေးတဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်တချို့ရဲ့ နေရာတွေမှာ ယခုထက်ပိုပြီး စွမ်းဆောင်ရည် ထက်မြက်တဲ့၊  ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချမှတ်ရဲတဲ့ ပုဂ္ဂိုလ်တွေနဲ့ အစားထိုး တာဝန်ပေးစေချင်ကြတာပဲ ဖြစ်ပါတယ်။

လူစားလဲဖို့ အချိန်တန်ပြီလား

ဘောလုံးပွဲတစ်ပွဲမှာတော့ အများဆုံး လူစားလဲကြတဲ့ အချိန်ဟာ အားလပ်ချိန်ပေးတဲ့အချိန်နဲ့ အားလပ်ချိန်ပေးပြီး ဆယ်မိနစ်လောက်အကြာ (ပွဲပြီးဖို့ နာရီဝက်လောက်အလို) မှာ လူစားလဲလေ့ ရှိပါတယ်။ တချို့နည်းပြတွေကတော့ နိုင်နိုး၊ နိုင်နိုးနဲ့ စောင့်နေပြီး ပွဲပြီးခါနီးမှကပ်ပြီး လဲကြတာမျိုးလည်း ရှိတတ်ကြပါတယ်။ အဲဒီလို နောက်ကျမှ လူစားလဲလို့ ပွဲပြီးခါနီးမှ အနိုင်ဂိုး သွင်းလိုက်ရင်တော့ နည်းပြဆရာကို ဝိုင်းဝန်းချီးကျူး ပြောဆိုကြပေမယ့် လူစားလဲနောက်ကျလို့ နိုင်ပွဲမရဘဲ ရှုံးပွဲနဲ့ကြုံရတဲ့ အခါမျိုးမှာတော့ နည်းပြဆရာကို ဝိုင်းဝန်းဩဘာပေးကြတဲ့ ဆဲသံဆိုသံတွေက ပလူပျံသွားတာပါပဲ။ ဒါကြောင့် ဘောလုံးပွဲတစ်ပွဲမှာ လူစားလဲသင့် မသင့် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲသလို ဘယ်အချိန်မှာ လူစားလဲရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ကလည်း ပိုပြီးခက်ခဲတတ်ပါတယ်။

ဘောလုံးပွဲ တစ်ပွဲနဲ့ နှိုင်းယှဉ်ပြောပြ ဥပမာပေးရပေမယ့် တကယ်တမ်းကျတော့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်ဆိုတာ အားကစားပွဲ တစ်ပွဲနဲ့ ထပ်တူ၊ ထပ်မျှ မတူညီပါဘူး။ အင်မတန်မှ နူးညံ့သိမ်မွေ့ပြီး ခက်ခဲနက်နဲပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည် တက်မလာတဲ့၊ နိုင်ငံနဲ့ပြည်သူကို အကျိုးမပြုနိုင်တဲ့၊ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့မချမှတ်ရဲတဲ့ သူမျိုးတွေကိုတော့ လူစားလဲသင့်ရင် လဲရမှာပဲဖြစ်ပါတယ်။ ဘောလုံးပွဲတစ်ပွဲရှုံးရင် သက်ဆိုင်ရာအသင်းနဲ့တကွ အားကစားသမားတွေ၊ လောင်းကစားသမားတွေနဲ့ အကျိုးသက်ဆိုင်သူတွေသာ နစ်နာကြမှာဖြစ်ပေမယ့် အစိုးရတစ်ရပ်ဟာ ရည်မှန်းချက်တွေ၊ ကတိတွေကို အကောင်အထည် မဖော်နိုင်ရင် နစ်နာရမှာက နိုင်ငံနဲ့ နိုင်ငံသား ပြည်သူတွေပဲဖြစ်ပါတယ်။

နည်းပြဆရာ၏ အဆုံးအဖြတ်

ဘောလုံးပွဲတစ်ပွဲမှာ ပရိသတ်တွေက ဘယ်လောက်ပဲ အော်ဟစ်တောင်းဆိုနေပါစေ၊ နည်းပြဆရာက သူလဲသင့်တယ်လို့ ထင်တဲ့အချိန်ကျမှ လဲကြတာဖြစ်ပါတယ်။ တချို့ နည်းပြဆရာတွေကျတော့လည်း လူစားလဲသင့်တာ မှန်ပေမယ့် တမင်သက်သက် ခေါင်းမာပြီး လဲသင့်လျက်နဲ့ မလဲဘဲ၊  ပွဲပြီးဆုံးလို့ ရှုံးသည်အထိ မူလ လူစာရင်းအတိုင်းပဲ မပြောင်းမလဲ ကစားကြတာကိုလည်း တွေ့ဖူးပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက နည်းပြဆရာအနေနဲ့ အရေးကြီးတဲ့ နောက်ပွဲတစ်ပွဲ ကစားစရာရှိတာကြောင့် လူစားမလဲဘဲ အရှုံးခံကစားခဲ့တာ ရှိသလို၊ ဒဏ်ရာရ ကစားသမားတွေ များနေတာကြောင့် ကြံ့ခိုင်မှုမပြည့်ဝလို့ လဲစရာလူ မရှိတာမျိုးလည်း ရှိတတ်ပါတယ်။

ပြောရမယ်ဆိုရင် ပရိသတ်အနေနဲ့ ပြိုင်ပွဲတိုင်းကိုနိုင်စေချင်တာ မှန်ပေမယ့် နည်းပြဆရာအနေနဲ့က ပြိုင်ပွဲတစ်ပွဲချင်းထက် ပြိုင်ပွဲရှည်ကြီး တစ်လျှောက်လုံးကို ထည့်သွင်းစဉ်းစားရတာမို့ တချို့ပွဲတွေကို အရှုံးခံလိုက်ရတာမျိုးလည်း ရှိပါတယ်။

ရာသီအကုန်မှာ ချန်ပီယံဖြစ်ဖို့အတွက်

ဘောလုံးပွဲ တစ်ပွဲချင်းကိုမပြောဘဲနဲ့ ရာသီအလိုက်ကိုပဲ ဥပမာပေးပြီးပြောရရင် ပထမရာသီဝက်မှာ အခြေအနေမကောင်းတဲ့ ဘောလုံးအသင်းတွေဟာ ကျန်တဲ့ ရာသီဝက်မှာ ပန်းဝင်ကောင်းဖို့အတွက် လူသစ်ဝယ်ဖို့ ကိစ္စတွေ၊ လူဟောင်းတွေထဲက တချို့ကိုထုတ်ရောင်းမယ့် ကိစ္စတွေကို စတင် ဆွေးနွေးတိုင်ပင်နေကြပြီ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ရာသီအနေနဲ့ပြောရရင် အခုအချိန်ဟာ နိုင်ငံရေးတစ်ရာသီ ( ၅ နှစ်) ရဲ့ တစ်ဝက်ကျိုးခါနီးပြီ ဖြစ်ပါတယ်။ မကြာမီမှာ နိုင်ငံရေး ရာသီတစ်ဝက်ကျိုးလို့ ပြည်ထောင်စု လွှတ်တော် နာယကနေရာတောင် အပြောင်းအလဲ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အုပ်ချုပ်ရေးဘက်ကရော အပြောင်းအလဲ မလုပ်သင့်ဘူးလား၊ လုပ်သင့်လား ဆိုတာကတော့ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်နည်းပြများဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အနေနဲ့ များစွာ စဉ်းစားသုံးသပ်ရတော့မှာ ဖြစ်ပါတယ်။

မကြာမီကပြုလုပ်ခဲ့တဲ့ DVB Debate အစီအစဉ်တစ်ခုမှာ တစ်ဖက်ကနေ “အစိုးရအဖွဲ့အနေနဲ့ ဗဟိုချုပ်ကိုင်မှု များလွန်းနေကြောင်းနဲ့ ဝန်ကြီးတွေဟာ အမှားတွေ့မှာစိုးလို့ မလုပ်ရဲ မကိုင်ရဲဖြစ်နေကြောင်း” ပြောဆိုချက်ကို NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “လူကြီးတွေအနေနဲ့ ဝန်ကြီးတွေကို ဘာမလုပ်ရ၊ ညာမလုပ်ရ စသည်ဖြင့် တားမြစ်ချုပ်ကိုင်ထားတာ မရှိသလို၊ ဘယ်လိုလုပ်ရင်၊ ဘယ်လိုပြောရင် အရေးယူမယ်လို့ ပြောဆိုထားတာ မရှိကြောင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းက လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားကြောင်း” ပြောဆိုပါတယ်။ သူက ဆက်ပြောတာက “ဝန်ကြီးတွေကိုယ်တိုင်က မှားသွားမလားဆိုပြီး ရဲရဲတင်းတင်း မလုပ်ရဲမကိုင်ရဲတာသာ ဖြစ်ကြောင်း” စသည်ဖြင့် ဆက်လက်ပြောဆိုပါတယ်။

ဒီအတိုင်းသာ မှန်ခဲ့မယ်ဆိုရင်တော့ ပြည်ထောင်စုဝန်ကြီးတွေကို မူဝါဒဘောင်အတွင်းက ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ကိစ္စရပ်တစ်ခုချင်းကို လွတ်လပ်စွာ ဆုံးဖြတ်ပြီး ရဲရဲတင်းတင်း လှုပ်ရှားဆောင်ရွက်ခွင့်တွေ ပိုမိုပေးအပ်မှာလား၊ ဒါမဟုတ် အသင်းနဲ့ အံဝင်ခွင်ကျ မရှိသူ၊ အများနဲ့ချိတ်ဆက်ကစားရာမှာ အားနည်းသူ၊ ခြေစွမ်းကျ နေသူတွေကို ရဲရဲတင်းတင်း လဲလှယ်ခြင်းဖြင့် လက်ကျန်ပွဲစဉ်တွေကို အနိုင်ကစားပြီး ရာသီကုန်မှာ ချန်ပီယဆုကြီးကို လက်ဝယ်ပိုင်ပိုင်ရယူနိုင်မလား ဆိုတာကတော့  နည်းပြဆရာများ အပေါ်တွင်သာ မူတည်နေကြောင်းပါ...။

သိန်းထက်အောင်

  • VIA