News

POST TYPE

EDITORIAL

ဥပဒေအထက်တွင် ရောက်နေသော လမ်းပေါ်မှ တုံးများ (Daily Vol-4/No-82)
15-Jul-2016
ရန်ကုန်မြို့တော်ရှိ လမ်းမကြီးများပေါ်တွင် မောင်းနှင်နေကြသည့် ကားများ စည်းကမ်းမလိုက်နာခြင်းကြောင့် လမ်းလယ်နှင့် အစွန်ယာဉ်ကြောတို့တွင် ကွန်ကရစ် ဘလောက်တုံးများချပြီး ကန့်သတ်ခဲ့သည်ကို မှတ်မိကြပေမည်။

ထိုသို့ ကွန်ကရစ် ဘလောက်တုံးများ ချလိုက်ခြင်းမှာ ဘတ်စ်ကားအများစု စည်းကမ်းချိုးဖောက်ကာ အခြားယာဉ်ကြောများအတွင်း လုမောင်းခြင်း၊ ပြောင်းပြန် ယာဉ်ကြောအတွင်း ဝင်မောင်းခြင်းတို့ကြောင့် အဓိက ပိုင်းခြားပေးလိုက်ခြင်း ဖြစ်သည်။

ဘတ်စ်ကားများနှင့် အငှားယာဉ်ငယ်များ စည်းကမ်းချိုးဖောက်မှု အများဆုံး ဖြစ်နေခြင်း နောက်ကွယ်တွင် အကြောင်းတရားများစွာ ရှိသော်လည်း လတ်တလော အထူးပြု ပြောလိုသော အချက်မှာ တစ်ပါးသူ၏ အခွင့်အရေးကို ထိပါးနှောင့်ယှက်နေသည့် စည်းကမ်းချိုးဖောက်မှု ကိစ္စ ဖြစ်သည်။

ထိုနည်းတူစွာ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော် အပါအဝင် မြို့ကြီးအများစုတွင် လမ်းမြေ၊ ပလက်ဖောင်းမြေ၊ အများပိုင်မြေကို မိမိတို့ပိုင် မြေအလား ကျူးကျော်ပိုင်စိုးထားသော ကွန်ကရစ်တုံးများ၊ သစ်ပင်၊ ပန်းပင်များ၊ ဝါးလုံးတန်းများ၊ ကားတာယာများ၊ ခြံခတ်အပင်စိုက်ထားခြင်းများ၊ သံဆူးကြိုးတန်းများ၊ ဆိုင်ခင်း ရောင်းချခြင်းများကလည်း အများနှင့်ဆိုင်သော လမ်းပေါ်တွင် သွားလာနေသူများ၏ အခွင့်အရေးကို ထိပါးနှောင့်ယှက်နေသည့် စည်းကမ်းချိုးဖောက်မှုများပင် ဖြစ်သည်။

ရန်ကုန်မြို့တော် ဧရိယာအတွင်းရှိ ဒဂုံမြို့သစ် မြောက်ပိုင်းကဲ့သို့ နေရာမျိုးတွင်ပင် လမ်းမြေကို ပြောင်ပြောင်တင်းတင်း ကျူးကျော်ကာ အခိုင်အမာ အိမ်ဆောက်ထားသည်အထိ အတင့်ရဲစွာ ပြုမူနေကြခြင်းမှာ စည်းကမ်းမလိုက်နာသည့် အဆင့်သာမက ဥပဒေ ချိုးဖောက်သည့် အဆင့်သို့ ရောက်ရှိနေပေသည်။

ထိုသို့ ချိုးဖောက်သူ အများစု နေထိုင်သော ရပ်ကွက်ကိုကြည့်လျှင် ပြည်ထဲရေး ဝန်ကြီးဌာနကဲ့သို့ အာဏာအသုံးပြုခွင့် ရရှိခဲ့ပြီး ဥပဒေအရ အရေးယူ ဖမ်းဆီးခွင့်ပါ ပေးအပ်ထားသော အရာထမ်းကြီးများကို သီးသန့်ချပေးသည့် ရပ်ကွက်ဖြစ်နေခြင်းမှာ များစွာ အရုပ်ဆိုးလှသည်။

ဥပဒေ ဆိုသည်မှာ နိုင်ငံတော်အတွင်း နေထိုင်သည့် မည်သည့်အဆင့်အတန်းတွင် ရှိသည့် နိုင်ငံသားမဆို လေးစားလိုက်နာရန် ရေးဆွဲပြဋ္ဌာန်းထားသော စည်းမျဉ်း၊ စည်းကမ်းများ ဖြစ်ပြီး မည်သူမျှ ဥပဒေအထက်တွင် မရှိပေ။

သို့သော် အာဏာရှင် အုပ်ချုပ်မှု နှစ်ငါးဆယ်ကျော်ကာလ အတွင်း ဥပဒေအထက်တွင် တစ်စုံတစ်ဦး၊ တစ်ဖွဲ့ ရှိနေသကဲ့သို့ ဖြစ်ခဲ့သောကြောင့် ယင်းစနစ်အောက်တွင် ပြည်သူကို ဝန်ဆောင်မှုများ ပေးရမည့် ပြည်သူ့ဝန်ထမ်းများ ကိုယ်တိုင် အာဏာရှင်များ၏ စရိုက်ဆိုးများ ကူးစက်ကာ ဥပဒေအထက်တွင် နေချင်သည့် ရောဂါ ရရှိသွားခဲ့သည်။

အကျိုးဆက်အားဖြင့် လူအများစု၏ အမြင်တွင် ဥပဒေ ဆိုသည်မှာ လူအပေါ် မူတည်ပြီး ပြောင်းလဲကျင့်သုံးနိုင်သည်ဟု ထင်မြင်ယူဆသွားစေပြီး အကြောင်းသင့်ပါက ဥပဒေ၊ စည်းကမ်းများ ချိုးဖောက်ရန် ဝန်မလေးကြတော့ဘဲ၊ သာမန်ပြုနေကျ ထမင်းစားရေသောက် ကိစ္စပမာ ပြုမူလာကြတော့သည်။

လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးကာ ဥပဒေ စည်းကမ်းများကို ချိုးဖောက်သည့် အလေ့အထ ပြည်သူအများထံသို့ နည်းမျိုးစုံဖြင့် ကူးစက်နေခြင်းသည် နေ့စဉ်နှင့်အမျှ တစ်ပါးသူနှင့် အများပြည်သူတို့၏ ကိုယ်ပိုင်အခွင့်အရေး အလိုအလျောက် ရရှိထားသည့် အများအခွင့်အရေးကို ထိပါးနှောင့်ယှက်ခြင်းပင် ဖြစ်သည်။

ဒီမိုကရေစီကို ဦးတည်သော အစိုးရလက်ထက်သို့ ရောက်ရှိစ ယနေ့အချိန်မျိုးတွင် လမ်းမများပေါ်ရှိ ကွန်ကရစ် ဘလောက်တုံးများနှင့် လမ်းသွယ်များ အတွင်းရှိ အများပိုင် လမ်းမြေပေါ်တွင် ကျူးကျော်နေသော ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံငယ်ကလေးများကို အများနည်းတူ စည်းကမ်း၊ ဥပဒေဘောင်အောက်တွင် မထည့်နိုင်သေးသမျှ လူတိုင်းအတွက် တရားဥပဒေစိုးမိုးရေး မဖြစ်နိုင်သေးကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၄-၇-၂၀၁၆)