News

POST TYPE

EDITORIAL

သမိုင်းရေးသူတို့၏ ကြီးမားသော တာဝန် (Daily, Vol-5/No-203)
05-Dec-2017 tagged as

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ရိုက်ကူး ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ တစ်ခုကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဦးဆောင်ဖွဲ့စည်းလိုက်သည့် သတင်းနှင့် ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်ဟူသည့် ရှစ်လေးလုံး သမိုင်းပြတိုက် တစ်ခုကို သုံးနှစ်အတွင်း တည်ဆောက်နိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရနှင့် ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့တို့ စီစဉ်လျက် ရှိသည်ဟူသော သတင်းနှစ်ပုဒ်ကို စာဖတ်သူများ ဖတ်ရှုလိုက်ရလိမ့်မည်ဟု ထင်ပါသည်။ သတင်းတစ်ပုဒ်မှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်းကို မှတ်တမ်း တင်မည့်ကိစ္စဖြစ်ပြီး နောက်တစ်ပုဒ်မှာ မြန်မာ့သမိုင်းကြောင်းတွင် မည်သို့မျှ မေ့ဖျောက်မရနိုင်သော ဖြစ်ရပ်ကြီးနှင့် ပတ်သက်သော အကြောင်းအရာများကို သမိုင်းပြတိုက်ဖြင့် မှတ်တမ်းထင်ထားမည့် ကိစ္စပင်ဖြစ်ပေသည်။ 

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၁ ခုနှစ်က စတင်စီစဉ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဗိုလ်ချုပ် နှစ်တစ်ရာပြည့် မွေးနေ့က ရုံတင်ပြသရန် တာစူခဲ့သော်လည်း ၁၁ မိနစ်စာ အမြည်း သဘောမျှသာ ပြသနိုင်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရသည်ဟု သိရပါသည်။ ဗိုလ်ချုပ်ရုပ်ရှင်မှာ သမိုင်းမော်ကွန်းဝင် ရုပ်ရှင် အမျိုးအစားဖြစ်ရာ ယင်းသို့ နှောင့်နှေး ကြန့်ကြာခဲ့ရသည်ကိုပင် ကျေးဇူးတင်ရမည်ဖြစ်ပေသည်။ အကြောင်းမှာ ထိုသို့သော ရုပ်ရှင်ဇာတ်ကားမျိုးဟူသည် ဖြစ်ကတတ်ဆန်း ပြီးစလွယ်ရိုက်ကူး၍ မည်သို့မျှ မဖြစ်နိုင်သည့် ဇာတ်ကားမျိုးဖြစ်ပြီး သမိုင်းကြောင်းထဲက ဖြစ်ရပ်မှန် အားလုံးကို ထင်ဟပ်စေရေးအတွက် သမိုင်းမှတ်တမ်းများကို အသေးစိတ် အချိန်ယူကာ ရိုက်ကူးရန် အထူးလိုအပ်သောကြောင့်ပင်ဖြစ်ပေသည်။

ထို့ပြင် သမိုင်းမော်ကွန်းဝင် ရုပ်ရှင်တို့ဟူသည် ဘုန်းတော်ဘွဲ့ကို အသားပေးသည့် သာမန်ညောင်ည ဇာတ်ကားမျိုး လုံးဝ မဟုတ်သည်ကိုလည်း အထူးပင် သတိချပ်သင့်သည်။ ဆိုလိုသည်မှာ သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦး၏ လူသိများသော အပိုင်း၊ တစ်နည်းအားဖြင့် ကောင်းသည့် အချက်အလက်များကိုသာ ဖော်ကျူးပြသရမည်ဖြစ်သလို အငြင်းပွားစရာများနှင့် အခြား အားနည်းချက်များကိုလည်း မဖြစ်မနေ ထည့်သွင်းမှသာ မော်ကွန်းဝင် ရုပ်ရှင်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။ အချိန်ရော ငွေပါ များစွာ ရင်းနှီးမြှုပ်နှံပြီးမှ ရိုက်ကူးရမည့် ဇာတ်ကားမျိုး  ဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ ဗိုလ်ချုပ်သည် မြန်မာ့သမိုင်းတွင် အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်လည်းကောင်း အချိန်ကြာကြာ ယူနိုင်လေ ကောင်းလေဟုပင် ဆိုချင်ပါသည်။ 

ရှစ်လေးလုံး အရေးတော်ပုံကိစ္စလည်း အလားတူပင်ဖြစ်ပါသည်။ ယနေ့ခေတ် အသက် ၄၀ နီးပါး လူလတ်ပိုင်းများ အပါအဝင် လူငယ် အတော်များများမှာ ၈၈ သမိုင်းကြောင်းကို ဂဃနဏ မသိကြသလို ယင်းသမိုင်းကြောင်းကို လေ့လာရန်မှာလည်း ထိုခေတ်ထိုအခါကို ဖြတ်သန်းခဲ့သည့် စာရေးဆရာကြီးများ၏ စာအုပ်အချို့ (ယနေ့ ခေတ်ကာလရောက်မှ ရေးသား ထုတ်ဝေခွင့်ရလာခြင်း ဖြစ်သည်)နှင့် လူကြီးမိဘများ၏ တစ်ဆင့်စကားမျှလောက်သာ ရှိကြသည်မဟုတ်ပါလော။ ရှစ်လေးလုံး သမိုင်းမှာ လွန်စွာကြီးသည့် သမိုင်းတစ်ခုဖြစ်ရာ စာပေပညာရှင်များနှင့် အခြားပညာရှင်များ သာမက အစိုးရနှင့် တပ်မတော်တို့ဘက်ကပါ လိုလိုလားလားနှင့် သမိုင်း အချက်အလက်များကို ပံ့ပိုးပေးရန် လိုအပ်ပေလိမ့်မည်။ ထို့အတူ ယနေ့ မြန်မာနိုင်ငံ၏ တက္ကသိုလ် အသီးသီးတွင် သမိုင်း ပညာရပ်ကို လေ့လာသင်ယူနေသူ ကျောင်းသားများနှင့် သမိုင်းပညာဌာန ပါမောက္ခများနှင့် ကထိကတို့ကလည်း ၈၈ သမိုင်းကြောင်းကို Academic ရှုထောင့်မှကြည့်ကာ ရေးသားပြုစုမှုများ ပြုလုပ်သင့်သည်ဟု တိုက်တွန်းလိုပေသည်။ ထို့အတူ အခြားသမိုင်းကြောင်းများဖြစ်သည့် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှု၊ ၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေး စသည်တို့ကိုလည်း သမိုင်းဌာနမှ တာဝန်ရှိသူများ အနေနှင့် သမိုင်းရေးသားကြရန် တစ်ဆက်တည်း တိုက်တွန်း လိုပေသည်။ 

သမိုင်းကို အချို့က လွမ်းဆွတ်အောက်မေ့ဖွယ် အတိတ်ဖြစ်ရပ်ဟု ဆိုကြပြီး အချို့က အငြင်းအခုံ (Argument) ဟု သတ်မှတ်ကြသည်။ အချို့ကမူ မျိုချ၍မရနိုင်သည့် အမှန်တရားဟုလည်း ဆိုသလို အချို့က စိတ်အနာတရများကို ပြန်လည် နှိုးဆွပေးသည့် အကြောင်းအရာအဖြစ် သတ်မှတ်ကြပါသည်။ မြန်မာနှင့် ကမ္ဘာသိ သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်းကမူ လူအလူနများ မဖြစ်စေရန် သမိုင်းကို လေ့လာကြရမည်ဟု သတိပေးခဲ့ဖူးပေသည်။ မည်သို့ပင် မတူညီသည့် မှတ်ချက်များ ရှိသည်ဖြစ်စေ၊ မတူညီသည့် နိုင်ငံရေး အရောင်အသွေးများ ရှိသည်ဖြစ်စေ သမိုင်းပညာရှင်များ သမိုင်းစိတ်ဝင်စားသူများအနေနှင့် မိမိတို့နိုင်ငံ၊ လူ့အဖွဲ့အစည်းတွင်း အမှန်တကယ် တွေ့ကြုံခဲ့ရသည့် ဖြစ်ရပ်များနှင့် အတွေ့အကြုံများကို ရာစုနှစ်ပေါင်း များစွာတိုင်အောင် ကမ္ပည်းထိုးနိုင်ရေးအတွက် ဘက်လိုက်မှုကင်းစွာ ရေးသားပြုစုကြရမည်သာ ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၄-၁၂-၂၀၁၇) 

  • TAGS