News

POST TYPE

EDITORIAL

လိမ္မာရေးခြားရှိသူများ (Daily, Vol-5/No-201)
04-Dec-2017 tagged as

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလက အာရှရေးရာ ကျွမ်းကျင်သူနှင့် ဖွံ့ဖြိုးရေးပညာရှင် ကီးရှိုးမာဘူဘာနီဆိုသူက “အာရှသားတွေ မစဉ်းစားတတ်သေးပါဘူး”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးပြီး အနောက်နိုင်ငံ လူ့အဖွဲ့အစည်းတွေထဲ ရောက်သွားတဲ့ အာရှသားတွေ အတွေးအခေါ်တွေ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ထူးချွန်ထက်မြက်တဲ့သူတွေ ဖြစ်သွားတယ်လို့ ထောက်ပြခဲ့တာကို စာဖတ်နာသူအချို့ မှတ်မိကောင်း မှတ်မိပါလိမ့်မယ်။ ပညာရှင်ကီးရှိုး အဓိက ထောက်ပြချင်တာက အာရှသားတွေဟာ ကွန်ဖြူးရှပ် အတွေးအခေါ်က ဆင်းသက်လာတဲ့ ဆရာဖြစ်သူ၊ မိဘ၊ ဒါမှမဟုတ် ညွှန်းတမ်းဖတ် စာအုပ်ထဲမှာ ဖော်ပြထားတာတွေ အမြဲမှန်တယ်ဆိုတဲ့ အတွေးအခေါ် လောင်းရိပ်ကြောင့် အသိဉာဏ်ပိုင်း၊ အတွေးအခေါ်ပိုင်းမှာ တခြားသူတွေနဲ့ယှဉ်ရင် ပေါက်ပေါက်မြောက်မြောက် မဖြစ်ဘဲ ရှိနေတယ်ဆိုတဲ့အချက်ပါ။ 

ကီးရှိုးထောက်ပြခဲ့တဲ့အချက် မှန်သည်၊ မှားသည်ကို ဤနေရာတွင် မငြင်းလိုပါ။ ဒါပေမဲ့ အလေးအနက် စဉ်းစားစရာ ကောင်းနေတာက မြတ်ဗုဒ္ဓရဲ့ လောက နေထိုင်နည်းနဲ့ သံသရာက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းစဉ်တွေကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ မြတ်ဗုဒ္ဓ ဟောကြားတဲ့ ကာလာမ သုတ္တန်လို လွန်စွာ လက်တွေ့ ကျနလှတဲ့ အတွေးအခေါ်၊ အယူအဆမျိုး ဘာကြောင့် အားနည်းနေရသလဲ ဆိုတာပါ။ ချစ်ရသူ၊ ယုံကြည်ရသူ၊ ကြည်ညိုလေးစားရသူ လူပုဂ္ဂိုလ်တွေ သာမက အင်မတန် စိတ်ချရတယ်လို့ ယူဆရတဲ့ စာအုပ်စာပေတွေ၊ ကျမ်းကြီး ကျမ်းငယ်တွေ၊ ဘဝ အတွေ့အကြုံတွေက ရလာတဲ့ ဘယ်လိုအရာပဲဖြစ်ဖြစ် အသိဉာဏ်နဲ့ယှဉ် ပိုင်းဖြတ်ပြီးမှ လက်ခံယုံကြည်ဖို့ ဟောထားတဲ့ တရားမျိုးကို ပညာရေးနဲ့ ဘာသာရေး နယ်ပယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူ အဆက်ဆက်က ကာလာမသုတ္တန်ကို လူငယ်တွေ၊ မျိုးဆက်သစ်တွေ ထဲထဲဝင်ဝင် သိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အချက်ကလည်း အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ပါ။ သိလျက်နဲ့ မေ့ဖျောက်ထားခဲ့တာလား၊ ကိုယ့်ကိုပြန်ပြီး ဆရာလုပ်မှာ ကြောက်လို့လား သို့မဟုတ် ဒါတွေဟာ ဘာသာရေးနဲ့ ဆိုင်တာပဲဆိုပြီး အမှန်တကယ်ပဲ အမှုမဲ့၊ အမှတ်မဲ့ သဘောထားခဲ့မိတာလားလို့လည်း မေးစရာ ဖြစ်နေပါတယ်။ 

ကီးရှိုးပြောတဲ့ကိစ္စနဲ့ ကာလာမသုတ္တန်ကိစ္စကို အသာထားပြီး မြန်မာတွေမှာ အတွေးအခေါ်ပိုင်းအရရော၊ လူမှုဆက်ဆံရေးအရပါ မလွတ်လပ်သလို ဖြစ်စေတဲ့ အလေ့အထနဲ့ စံတန်ဖိုးတွေ ရှိနေတာကတော့ အမှန်ပါပဲ။ အဲဒီထဲမှာ ယေဘုယျကြည့်မယ်ဆိုရင် လိမ္မာရေးခြား ရှိ၊ မရှိ ဆိုတာတို့က ရှေ့ဆုံးက ပါမယ် ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေဟာ လိမ္မာရေးခြားရှိတဲ့ ကလေး၊ တပည့်၊ နောက်လိုက်ဆိုရင် အင်မတန် မေတ္တာရှိကြပြီး ချီးမြှောက်ချင်ကြပါတယ်။ မှန်လည်း မှန်ပါတယ်၊ မိုက်တဲ့သူကို ဘယ်သူက မေတ္တာရှေ့ထားနိုင်မှာလဲ။ ဒါပေမဲ့ သေချာတွေးကြည့်ရင် လိမ္မာတယ်ဆိုတာနဲ့ ထူးချွန်ထက်မြက်တဲ့ လူကောင်း ဖြစ်၊ မဖြစ်ဆိုတာက သီးခြားစီပါ။ ကျွန်တော်တို့ရဲ့ ဓလေ့ကို ကြည့်မယ်ဆိုရင် ကိုယ်နှစ်သက်တဲ့အရာ၊ ကိုယ်ဖြစ်စေချင်တဲ့အရာကို လုပ်ပေးတတ်တဲ့ သားသမီးနဲ့ နောက်လိုက်တပည့်ဆိုရင်၊ တစ်မျိုး ပြောရပါက ကိုယ့်ကို မဆန့်ကျင်တဲ့သူဆိုရင် လိမ္မာရေးခြားရှိတဲ့သူလို့ သတ်မှတ်လေ့ ရှိကြပါတယ်။ တကယ်တော့ လိမ္မာတာနဲ့ အကျင့်စာရိတ္တ ကောင်းတာနဲ့က သီးခြားစီပါ။ အကျင့်စာရိတ္တ မကောင်းတာကို ဖုံးကွယ်ထားပြီး လိမ္မာအောင် နေပြလို့ရသလို မလိမ္မာပေမယ့် အကျင့်စာရိတ္တ ကောင်းတဲ့သူတွေလည်း အများကြီး ရှိကြတာပါပဲ။ အဲဒါကြောင့်လည်း တချို့ သားသမီးတွေက လိမ်ညာတာ မကြိုက်ဘူးဆိုရင် အမှန်အတိုင်း ပြောတာကို လက်ခံပေးပါဆိုပြီး အကွန့်တက်တတ်ကြတာပါ။ 

အဲဒီလိုတွေးပုံ၊ ခေါ်ပုံကြောင့်လည်း လုပ်ငန်းဌာနကြီးတွေအထိ ကိုယ့်ရှေ့မှာ တပည့်ကောင်းတစ်ယောက်လို လိမ္မာပြ၊ အချိန်မှန်မှန် လက်ဆောင်ပစ္စည်းတွေနဲ့ ဂါရဝပြုပြပေမယ့် နောက်ကွယ်မှာ စိတ်တိုင်းကျ အလွဲသုံးစား လုပ်နေကြတာမျိုးတွေ ဒုနဲ့ဒေး ဖြစ်လာတာပါ။ တကယ်တော့ လိမ္မာရေးခြားရှိတယ် ဆိုတာလေး တစ်ခုတည်းနဲ့ ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး၊ မှန်မှန်ကန်ကန် တွေးခေါ်တတ်အောင်၊ အကျင့်စာရိတ္တ ကောင်းမွန်အောင်၊ အကျင့်သီလ လုံခြုံမှု ရှိအောင်၊ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ အနှောင့်အယှက် မရှိအောင် လေ့ကျင့်သင်ကြားပေးဖို့က ပိုအရေးကြီးပါတယ်။ ထပ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် လိမ္မာတယ်ဆိုတဲ့စကားဟာ ကိုယ့်အတွက် စိတ်ကျေနပ်မှုပေးနိုင်ခြင်း ရှိ၊ မရှိနဲ့သာ ဆိုင်နေတဲ့သဘောပါ။ မြန်မာတွေ နှစ်ပေါင်းများစွာ လိမ္မာရေးခြား ရှိခဲ့ကြပါတယ်၊ ဒါပေမဲ့ အဲဒီ လိမ္မာရေးခြား ကိစ္စနဲ့ပတ်သက်ပြီး အမှတ်မှား၊ အမြင်မှားခဲ့လို့ ဖွံ့ဖြိုးမှုပိုင်းမှာ အင်မတန် နောက်ကောက်ကျနေခဲ့တယ်လို့ပဲ ရှုမြင်မိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို လိမ္မာရေးခြားကိစ္စထက် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အတွေးအခေါ်လွတ်လပ်တဲ့ မျိုးဆက်တွေဖြစ်လာအောင် ကိုယ့်အတ္တအတွက် ဘာမှ မမျှော်လင့်ဘဲ လိမ္မာပါးနပ်စွာ သွန်သင် ဆုံးမတတ်ကြရမယ်ဆိုတာကို ပြောလိုတာပဲ ဖြစ်ပါတယ်။

အယ်ဒီတာ (၂-၁၂-၂၀၁၇)

  • TAGS