News

POST TYPE

EDITORIAL

ခြိမ်းခြောက်မှု မပြုတတ်သူများ၏ တန်ဖိုး (Daily, Vol-5/No-198)
29-Nov-2017 tagged as

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်ပတ်သက်၍ ယမန်နေ့က “ဘာသာရေး ခေါင်းဆောင်တို့၏ ပါဝါအပျော့”ဟူသော ခေါင်းကြီးပိုင်း ရေးသားဖော်ပြခဲ့သည်ကို စာဖတ်သူများ မှတ်မိနေဦးမည်ဟု ထင်ပါသည်။ Soft Power ပါဝါအပျော့ဆိုသည်မှာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် စစ်အင်အား၊ လက်နက်၊ ဩဇာအာဏာ စသည်တို့ကို အသုံးမပြုဘဲ ချဉ်းကပ်မှုကို ဆိုလိုပြီး အထူးသဖြင့် စီးပွားရေး သို့မဟုတ် ယဉ်ကျေးမှုတို့ဖြင့် တစ်ဖက်သားကို လွှမ်းမိုးနိုင်ရန် ကြိုးပမ်းခြင်းမျိုး ဖြစ်ပေသည်။ 

ယခုပုပ်ရဟန်းမင်းကြီးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မိန့်ခွန်းပြောရာတွင် မြန်မာပြည်သူများနှင့် မြန်မာအစိုးရ မည်သို့မျှ မနှစ်သက်သည့် စကားလုံး အသုံးအနှုန်းများကို ရှောင်ရှားသွားခဲ့သလို မြန်မာနိုင်ငံကို ဆိုးဆိုးရွားရွား စွပ်စွဲထားသည့်ကိစ္စများကိုလည်း တစ်လုံးတစ်ပါဒမျှပင် မပြောခဲ့သည်မှာ သံတမန် နည်းလမ်းအရရော၊ ဘာသာရေး ခေါင်းဆောင်တို့၏ ကျင့်ဝတ်ကိစ္စအရပါ အထူးပင် လိမ္မာပါးနပ်မှုရှိသည်ဟု ဆိုရပေမည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် အနောက်နိုင်ငံများ မျှော်လင့်ထားသလို ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာအပေါ် ဖိအားပေး ပြောဆိုခဲ့မည်ဆိုပါက ၎င်းအပေါ်သာမက ၎င်းယုံကြည်သက်ဝင်သည့် အယူဝါဒအပေါ် မြန်မာနိုင်ငံသားများ မျက်မုန်းကျိုးမည်ကို ကောင်းစွာနားလည် သဘောပေါက်ခြင်းကြောင့် ဖိအားပေးမှု မပြုရုံမျှမက မြန်မာတို့မနှစ်သက်သည့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကိုပင် ရှောင်ရှားသွားခဲ့သည်ကို တွေ့ရပေသည်။ 

ဤအချက်မှာ ပုပ်ရဟန်းမင်းကြီး သာမက ကမ္ဘာတစ်ဝန်းတွင်ရှိသော အခြားဘာသာရေး ခေါင်းဆောင်များ အားလုံးအတွက် အရေးကြီးသည့်ကိစ္စဟု ဆိုချင်ပါသည်။ ထို့ပြင် ယင်းအချက်သည်ပင် ပါဝါအပျော့ သဘောတရားကို ကောင်းစွာ နားလည်သည့် ပုပ်ရဟန်းမင်းကြီး၏ အရည်အချင်းတစ်ရပ်ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်လာလျှင် မြန်မာနိုင်ငံသားများ မည်သို့မျှ စိတ်ဒုက္ခရောက်စရာ မရှိနိုင်ဟူသောကိစ္စကို ဖော်ကျူးလိုက်ခြင်းပင်ဖြစ်ပေသည်။ မှန်ပါသည်။ ပုပ်ရဟန်းမင်းကြီးနှင့် ယုံကြည်ရာ အယူဝါဒ မတူညီသော မြန်မာနိုင်ငံသားတို့ အနေနှင့် ၎င်းတို့၏ အယူဝါဒ၊ ယင်းအယူဝါဒနှင့် ဆက်နွှယ်သူများ ပတ်သက်လာပါက မည်သည့်အခါကမျှ ဖိအားပေးခံခဲ့ရခြင်းမျိုး မရှိသလို ခြိမ်းခြောက်ခံရသည့် ခံစားချက်မျိုးလည်း မရှိခဲ့ပေ။ 

ဤသည်ပင် ယနေ့ကမ္ဘာတွင် အထူး ရေပန်းစားနေသော Diversity ဟူသည့် မတူညီသူများ ယှဉ်တွဲနေထိုင်ရေးကိစ္စ အောင်မြင်ရန် အဓိကသော့ချက်ဖြစ်ရာ မိမိနှင့် မိမိဘာသာဝင်များ၏ အပြုအမူ၊ အပြောအဆိုနှင့် နေထိုင်မှု ပုံစံတို့က အခြား မတူကွဲပြားသူများအပေါ် ဖိအားပေး၊ ခြိမ်းခြောက်သည့်ပုံစံမျိုး မဖြစ်စေရန် အထူး အရေးကြီးလှပေသည်။ ထို့အတူ Soft Power သဘောကို ကောင်းစွာ နားလည် သဘောပေါက်သည့် ဘာသာရေးနှင့် လူမျိုးရေး ခေါင်းဆောင်များနှင့် ၎င်းတို့၏ နောက်လိုက်များသည်သာ မတူကွဲပြားသည့် လူ့အဖွဲ့အစည်း ဆိုသော ကမ္ဘာ့ခေါင်းဆောင်အများစု အာသီသတွေ့နေကြသည့် လူ့အသိုင်းအဝိုင်းထဲတွင် လှပကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်မည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၂၈-၁၁-၂၀၁၇)

  • TAGS