News

POST TYPE

EDITORIAL

ပေါ်တူဂီ ကလေးငယ်ကို အတုယူပါ (Daily Vol-4/No-81)
14-Jul-2016
ဥရောပ ချန်ပီယံဖလား ဗိုလ်လုပွဲအပြီး အွန်လိုင်းလူမှုရေး ကွန်ရက်ပေါ်တွင် ဘီဘီစီက ထုတ်လွှင့်သော ဗီဒီယိုဖိုင်တစ်ခုက ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခုမှ လူသားဆန်သော လူ့သရုပ်သကန်ကို ဖော်ညွှန်းပေးသည်။

ဗီဒီယိုဖိုင်တွင် ပြင်သစ်အသင်းကို အားပေးသော အရွယ်ရောက်ပြီးသူ ပရိသတ် အမျိုးသားတစ်ဦး ငိုကြွေးနေသည်ကို ပေါ်တူဂီအသင်း ဂျာစီအရောင် ဝတ်ဆင်ထားသော ကလေးငယ်တစ်ဦးက လာရောက် နှစ်သိမ့်ပေးနေသည်ကို ပြသထားခြင်း ဖြစ်သည်။

လာရောက်နှစ်သိမ့်ပေးသော ကလေးငယ်မှာ အသက်ငါးနှစ်ကျော် ခြောက်နှစ်ခန့်သာ ရှိသေးပုံ ရသော်လည်း အရွယ်ရောက်ပြီးသော လူငယ်တစ်ဦးကို နှစ်သိမ့်အားပေးနေပုံမှာ ကမ္ဘာအရပ်ရပ်မှ ယင်းအစီအစဉ်ကို ကြည့်ရှုနေကြသော သန်းနှင့်ချီ ပရိသတ်များ၏ နှလုံးအိမ်အတွင်းအထိ စွဲငြိသွားစေခဲ့သည်။ 

ဤသို့သော အရွယ်ရှိ ကလေးငယ်များသည်ပင်လျှင် ရှုံးနိမ့်မှုကြောင့် ပူဆွေးဝမ်းနည်းနေသူအပေါ် နှစ်သိမ့်အားပေးရမည် ဆိုသော အသိ၊ ကိုယ်ချင်းစာစိတ်နှင့် လက်တွေ့ဆောင်ရွက်ချက်တို့ဖြင့် တုံ့ပြန်စေရန် လေ့ကျင့်သင်ကြားပေးနိုင်သော ပတ်ဝန်းကျင်ကောင်းကို အသိအမှတ် ပြုမိစေသည်။

ထို့အတူ ရှုံးသူနှင့် နိုင်သူ၊ ဆင်းရဲသူနှင့် ချမ်းသာသူ စသဖြင့် ကွဲပြားခြားနားမှုများ မည်မျှရှိနေစေကာမူ လူသားတစ်ဦးချင်းအကြား အပြန်အလှန် ထားရှိအပ်သော မေတ္တာကိုလည်း ယင်းဗီဒီယိုဖိုင်က ညွှန်းဆိုပေးသွားသည်။

မေတ္တာတရားကို အခြေခံသော ဗုဒ္ဓ၏ အဆုံးအမ ‘ဓမ္မ’ ဖြင့် ယဉ်ပါးနေသော ယနေ့ မြန်မာလူမှုအဖွဲ့အစည်းတွင်လည်း နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား အချင်းချင်းအကြား ယုံကြည်သက်ဝင်မှု၊ လူမျိုး၊ အသားအရောင်၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုများ ကွဲပြားခြားနားမှု ရှိလင့်ကစား မေတ္တာတရားကို အခြေခံသော အပြန်အလှန် အသိအမှတ်ပြု၊ လေးစားမှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် လိုပေသည်။

မည်သူ့အတွက်မျှ ကောင်းကျိုးမဖြစ်ထွန်းစေသည့် အမုန်းတရားများဖြင့် မိမိတု့ိ လူ့အဖွဲ့အစည်းကို လောင်မြိုက်မနေစေရန်မှာလည်း လူသားအချင်းချင်း ထားရှိအပ်သော မေတ္တာတရားဖြင့်သာ ပြေလည်ငြိမ်းအေးစေရာသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ပြန်လည်တောင်းပန်ရန်နှင့် မတောင်းပန်ပါက ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်ကို ဦးဖြိုးမင်းသိန်းက မတာင်းပန်နိုင်ကြောင်း ပြောဆိုအပြီး နှစ်ဖက်အဖွဲ့အစည်း အသီးသီး၏ ထောက်ခံသူနှင့် ကန့်ကွက်သူများအကြား အွန်လိုင်းလူမူရေး ကွန်ရက်ပေါ်မှ တစ်ဆင့် အပြန်အလှန် တိုက်ခိုက်ပုတ်ခတ်မှုများ မြင့်တက်သွားကာ အခြေအနေများ တင်းမာလာဖွယ် ရှိမည်ဟု သုံးသပ်ကြသည်။

သို့သော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က မဘသအဖွဲ့ကို အသိအမှတ်မပြုကြောင်း၊ မဘသအဖွဲ့၏ ကြေညာချက်ကို ကန့်ကွက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာပြီးနောက် ချက်ချင်းဆိုသလိုပင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုမှုအပေါ် ကန့်ကွက်ဆန္ဒပြမည် မဟုတ်ကြောင်း မဘသ က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းအချက်ကိုကြည့်လျှင် မဘသ ၏ တုံ့ပြန်မှုမှာ မူလကြေညာချက်နှင့် မတူဘဲ များစွာ ပျော့ပျောင်းသွားသည့်အပြင် ဒီမိုကရေစီ၏ အခြေခံသဘောထားကို အသိအမှတ်ပြုသည့် အချက်ကိုပါ ထည့်သွင်းထားသည့် အတွက် ၎င်းတို့ထံတွင် မည်သို့ ရည်ရွယ်ချက် ရှိသည် မသိနိုင်သော်ငြား ငြိမ်းချမ်းရေးကို ဦးတည်သော တုံ့ပြန်ချက်ဟု ကောက်ချက်ချနိုင်သည်။

ထိုအခြေအနေတွင် အောင်နိုင်သူများဟု အထင်ရောက်သွားသည့် အုပ်စုက ရှုံးနိမ့်သူများဟု သတ်မှတ်လိုက်သည့် အဖွဲ့နှင့် ယင်းအဖွဲ့အစည်းကို ထောက်ခံသော အုပ်စုများအပေါ် လှောင်ပြောင်သရော်မှုများ မလုပ်သင့်ဘဲ ပေါ်တူဂီ ကလေးငယ်ကလေးကို အတုယူကာ လူကြီးလူကောင်းဆန်မှု၊ သဘောထားကြီးမှု၊ နိုင်ငံကြီးသားပီသမှုနှင့် မေတ္တာတရားကို ပြသကြပါမည့်အကြောင်း တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၁၃-၇-၂၀၁၆)