News

POST TYPE

EDITORIAL

မြန်မာတွေရဲ့ အားနည်းချက် (Daily, Vol-5/No-195)
27-Nov-2017 tagged as

လွန်ခဲ့တဲ့ တစ်ပတ်ကျော်၊ နှစ်ပတ်ခန့်လောက်က “မြန်မာတွေ ဘာလုပ်တတ်သလဲ”ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့ အားသာချက်တွေကို အကျိုးရှိရှိ အသုံးချပြီး တခြား ကမ္ဘာ့နိုင်ငံတွေ ဘယ်လိုမှ ဝင်တိုးလို့ မရနိုင်တဲ့ နယ်ပယ်တစ်ခု၊ အတတ်ပညာတစ်ခု ဒါမှမဟုတ် ထုတ်ကုန်ပစ္စည်း တစ်ခုခုကို ဖန်တီးထုတ်လုပ်သင့်တဲ့အကြောင်း တိုက်တွန်း ရေးသားခဲ့တာကို စာဖတ်သူတွေ မှတ်မိမယ် ထင်ပါတယ်။ တစ်မျိုး ပြောရမယ်ဆိုရင် သဘာဝက၊ ရိုးရာဓလေ့ တစ်ခုခုက ဖန်တီးပေးထားတဲ့ အားသာချက်၊ မြန်မာတွေရဲ့ အားသာချက်ကို ရှာစေလိုတဲ့သဘောနဲ့ တိုက်တွန်းခဲ့တာပါ။

ကိုယ့်နေတဲ့နိုင်ငံ၊ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းထဲမှာ ကောင်းတာတွေ၊ တိုးတက်ဖြစ်ထွန်းတာတွေ ဖြစ်စေချင်၊ မြင်စေချင်တယ်ဆိုရင် ဘယ်နေရာမှာ ဘာတွေ တတ်စွမ်းတယ်၊ သူများဆိုတဲ့ ပြည်ပနိုင်ငံ၊ လူ့အဖွဲ့အစည်းတွေထက် သာအောင်လုပ်နိုင်တဲ့ ဘယ်လိုအရာတွေ ရှိတယ်ဆိုတာ အမြဲတမ်း ကြံတွေးနေရမှာပဲ မဟုတ်လား။ အဲဒီလိုပဲ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းထဲမှာ ဘယ်လို အားနည်းချက်တွေရှိတယ်၊ ဘယ်လို အကျင့်ဆိုး စရိုက်ဆိုးတွေက လှပတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးတည်ဆောက်ရာမှာ ဘယ်လို အဟန့်အတား ဖြစ်စေတယ် ဆိုတာလည်း သိထားကြရပါမယ်။ 

မြန်မာတွေ ဘာအားနည်းလဲ၊ ဘယ်လိုနေရာမှာ ညံ့သလဲပေါ့။ သိပါတယ်။ မြန်မာတွေရဲ့ အားနည်းချက် ကိစ္စကိုပြောမယ်ဆိုရင် တစ်ယောက်တစ်မျိုး မတူညီတဲ့ မှတ်ချက်တွေ တစ်ပုံကြီး ရလာမယ်ဆိုတာပါ။ အဲဒီလို မတူညီတဲ့ကြားက ယေဘုယျ တူသလိုရှိတဲ့ အချက်လေးတွေကို ပြောကြည့်ချင်ပါတယ်။ လူပြောများကြတဲ့ မြန်မာ့အားနည်းချက်တွေထဲမှာ မနာလို ဝန်တိုစိတ်များတယ် ဆိုတာရယ်၊ ပူးပေါင်း ဆောင်ရွက်နိုင်မှု နည်းတာရယ်၊ စည်းကမ်းလိုက်နာမှု နည်းတာရယ်၊ ပွဲလမ်းသဘင် ခုံမင်တာရယ် စတာတွေက ရှေ့ဆုံးက ပါနေမယ် ထင်တာပါပဲ။ ကျန်တဲ့ အားနည်းချက်တွေလည်း ရှိနေမှာပါ။ 

အဲဒီလို စိတ်သဘောထားတွေ၊ အပြုအမူတွေ ဆိုတာဟာ တခြားနိုင်ငံက လူ့အဖွဲ့အစည်းတွေမှာလည်း မလွဲမသွေ ရှိနေမှာပါပဲ။ အနည်းနဲ့ အများသာ ကွာခြားသွားလို့ နေရာအတော်များများမှာ နောက်ကောက်ကျ ကျန်ရစ်ခဲ့တာပါ။ ဒီလူ့အဖွဲ့အစည်းမှာမှ ဘာ့ကြောင့် ပိုများနေရတာလဲဆိုတာ စဉ်းစားကြည့်ဖို့ မကောင်းပေဘူးလား။ တကယ်တော့ ဘယ်လိုပဲ အားနည်းချက်တွေ ရှိနေပါစေ၊ အဲဒီအားနည်းချက်တွေကို အစိုးရတို့၊ အစိုးရရဲ့မူဝါဒတို့ရဲ့ အကူအညီမလိုဘဲ အဲဒီအားနည်းချက်တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေက ရှိပြီးသားဆိုတာကို မေ့နေကြတာပါ။ မရှာတတ်လို့သာ မတွေ့တာ၊ ရှိပြီးသားက ဧကန်ပါလို့တောင် ပြောရပါတော့မယ်။ 

တကယ်တမ်းတော့ မွေးလာပြီး လူမှန်းသိတတ်စ အရွယ်ကစပြီး နားရည် ဝအောင် ကြားလာခဲ့ဖူးတဲ့ ကံ၊ ဉာဏ်၊ ဝီရိယ၊ ဆန္ဒ ဆိုတဲ့ တရားလေးပါးကို မေ့မေ့ပျောက်ပျောက် ဖြစ်နေတာရယ်၊ စိတ်ထားကောင်း မွေးမြူဖို့ အရေးကြီးတယ်ဆိုတဲ့ ပညာရှိတွေ ဆုံးမခဲ့တဲ့ အဆုံးအမကို သတိလက်လွတ် မေ့ထားတာရယ်ကြောင့်လို့ ပြောရင်ရမယ်လို့ ထင်ပါတယ်။ ကံဆိုတဲ့အရာကိုပဲ ဖန်တီးသူအဖြစ် အပြစ်ပုံချပြီး အသိဉာဏ်၊ ဆင်ခြင်တုံတရားနဲ့ မယှဉ်၊ ဝီရိယမစိုက်၊ ပြင်းထန်တဲ့ ဆန္ဒတစ်စုံတစ်ရာမရှိလို့သာ အဲဒီအားနည်းချက် ဆိုတာတွေ ရှိနေတာပါ။ စိတ်ထားကောင်းဖို့ ဆိုတာလည်း အထွေအထူး ပြောနေစရာ မလိုပါဘူး၊ တစ်ဖက်သားကို စေတနာအပြည့် ထားပြီး ကူညီနေမှ ရမယ်လို့ မဆိုလိုပါဘူး၊ ကိုယ့်ကြောင့် တစ်ဖက်သား နစ်နာမှာ၊ အနှောင့်အယှက်ဖြစ်မှာကို မလိုလားဘူး ဆိုလောက်ရုံနှင့်ပင် ပြီးမြောက်နိုင်ပါတယ်။ 

မြန်မာတွေ တိုးတက်ဖို့ ရှေးယခင် အဆက်ဆက် ပညာရှိကဝိ အဆက်ဆက်တွေ ပြောခဲ့တဲ့ အဆုံးအမတွေ၊ ဆိုရိုးတွေကို ပြောမယ်ဆိုရင် ကုန်နိုင်မယ်တောင် မထင်ပါဘူး။ ဘယ်လို အဆိုအမိန့်တွေပဲ ရှိခဲ့သည်ဖြစ်စေ မြန်မာတွေမှာ တကယ် လိုအပ်နေတာက အမှန်တကယ် ဖြစ်ချင်တဲ့ ဆန္ဒရယ်၊ လုံ့လဝီရိယရယ်၊ ဟီရိ၊ ဩတ္တပ ဆိုတဲ့ မကောင်းတာကို ရှက်တဲ့စိတ်နဲ့ မကောင်းတာကို ကြောက်တတ်တဲ့စိတ်သာ ဖြစ်ပါတယ်။ အားလုံးကို အတိုချုံးပြီး ပြောရမယ်ဆိုရင် စိတ်ပါပဲ။ မြန်မာတွေမှာ အဲဒီစိတ်တစ်ခု လိုအပ်နေတာတော့ အမှန်ပါပဲ။ အဲဒီအရာတွေကို မေ့မေ့ပျောက်ပျောက် ဖြစ်တဲ့သူတွေ များလာလေ၊ မြန်မာ့ အားနည်းချက်တွေ ဒုနဲ့ဒေးဖြစ်လေပဲ နေမှာပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့် လူ့အဖွဲ့အစည်းကို တကယ် ချစ်တယ်ဆိုတာဟာ လေနဲ့ ချစ်ပြနေရမယ့်ကိစ္စ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အားနည်းချက်တွေကိုရှာပြီး လက်တွေ့ကျကျ ပြုပြင်နိုင်မှ စစ်မှန်တဲ့ အပြောင်းအလဲဆိုတာ ဖြစ်နိုင်မယ်ဆိုတာကို ပြောချင်တာပဲ ဖြစ်ပါတယ်။ 

အယ်ဒီတာ (၂၅-၁၁-၂၀၁၇)

  • TAGS