News

POST TYPE

EDITORIAL

SME တို့အတွက် အတိုးနှုန်းကိစ္စ (Daily, Vol-5/No-185)
13-Nov-2017 tagged as

နိုင်ငံတစ်နိုင်ငံတွင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရုံမျှမက စီးပွားရေးတွင် စွန့်ဦးတီထွင်သူများ မွေးထုတ်ပေးနိုင်သည့်အပြင် တိုင်းပြည်တစ်ပြည်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အပံ့ပြုနိုင်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME)တို့အနေနှင့် နိုင်ငံခြားဘဏ်များထံမှ ထပ်ဆင့် ချေးငွေပေးနိုင်ရန် ဗဟိုဘဏ်က ကြားဝင်စီစဉ်လျက် ရှိသည်ဟု သိရပါသည်။ ယုံကြည်စိတ်ချမှု အတိုင်းအတာကိစ္စ အပါအဝင် အခြား အကြောင်း အမျိုးမျိုးကြောင့် ပြည်တွင်း ပုဂ္ဂလိဘဏ်များက SME များအတွက် ထိရောက်သည့် ချေးငွေများ မချပေးနိုင်သော အနေအထားတွင် ပြည်ပဘဏ်များမှ ငွေကို ပုဂ္ဂလိကဘဏ်များကြားခံပြီး လှည့်ပေးနိုင်ရန် စီစဉ်ကြည့်သည့်သဘောမျိုး ဖြစ်ပေသည်။ 

Two-Step Loan သို့မဟုတ် Two-Step Mortgage ဟုခေါ်သည့် ထပ်ဆင့် ချေးငွေကိစ္စကိုကြည့်မည်ဆိုလျှင် ချေးငွေရယူသည့် ကနဦး ကာလ (ငါးနှစ်မှ ၁၀ နှစ်တာ)အတွက် ပုံသေ အတိုးနှုန်း ရနိုင်သော်လည်း သတ်မှတ်ကာလကျော်လွန်သွားပါက ကာလပေါက် နှုန်းထား (ဈေးကွက်) ကိုလိုက်၍ အတိုးနှုန်းများ အပြောင်းအလဲဖြစ်၊ မြင့်တက်လာနိုင်သည့် ချေးငွေစနစ်ဖြစ်ရာ ချေးငွေယူမည့်သူများအနေနှင့် လက်ရှိ ကာလပေါက်နှုန်းထားကို အခြေခံမည့် ပုံသေ အတိုးနှုန်းကိစ္စနှင့် သတ်မှတ် ကာလလွန် လက်ကျန် ချေးငွေအတွက် အပြောင်းအလဲရှိမည့် အတိုးနှုန်းပုံစံကို အထူး သတိပြုရမည်ဖြစ်ပေသည်။ ဆိုလိုသည်မှာ ကနဦး သတ်မှတ်ကာလ ကုန်ဆုံးသွားချိန် နောက်ပိုင်း ကြုံတွေ့လာရမည့်၊ တစ်နည်းအားဖြင့် မြင့်တက်လာမည့် အနေအထားတွင် သေချာသလောက်ရှိသည့် အတိုးနှုန်းထားကိစ္စကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ကာ တွက်ဆထားရန် လိုအပ်ခြင်းဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ထပ်ပြောရလျှင် ပုံသေအတိုးနှုန်း ရှိသည့်ကာလ မကုန်မီ ချေးငွေပြန်ရနိုင်ရေးအတွက် မဖြစ်မနေစီစဉ်ရမည့် သဘောဖြစ်ပါသည်။ 

နိုင်ငံခြားဘဏ်များက ချေးငွေကို ပြည်တွင်း ပုဂ္ဂလိကဘဏ်များက ကြားခံလှည့်ထုတ်ပြီး SME များကို ချေးမည့်ကိစ္စတွင်လည်း အဓိက အခရာကျနေသည်မှာ အတိုးနှုန်းပင်ဖြစ်သည်။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အနေအထားထက် ပိုသော အခြေအနေတစ်ရပ်၊ တစ်နည်းအားဖြင့် ပထမ ချေးငွေချသူ- ဒုတိယ ချေးငွေချသူ-ချေးငွေယူသူ SME ဟူသော ဘက်သုံးဖက်အတွက် မျှခြေရှိမည့် အတိုးနှုန်းထားရအောင် ဖန်တီးနိုင်မည်၊ ညှိနှိုင်းပေးနိုင်မည်ဆိုပါက ဗဟိုဘဏ်၏ အစီအစဉ် အောင်မြင်မည်သာ ဖြစ်ပေသည်။ အကြောင်းမှာ နိုင်ငံခြားသား လုပ်ငန်းရှင်များ အတိုးနှုန်း ၂ ကျပ်ဝန်းကျင်ဖြင့် ၎င်းတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဈေးကွက်သို့ ရောင်းချနေချိန်၌ ပြည်တွင်း လုပ်ငန်းရှင်များ အတိုးနှုန်း ၁၃ ကျပ်ခန့်ဖြင့် ယှဉ်ပြိုင်နေကြရခြင်း ဟူသည် ပြည်တွင်း လုပ်ငန်းရှင်များ (ခေတ်စကားအရ) အမောဖောက်ရုံမှတစ်ပါး အခြားမရှိသည့် ပုံစံမျိုးဖြစ်နေ၍ပင်။ 

မည်သည့် SME လုပ်ငန်းရှင်မဆို အတိုးနှုန်းထား သက်သာစွာဖြင့် ချေးငွေရယူလိုသည်ချည်းဖြစ်ရာ ပြည်တွင်း ပုဂ္ဂလိကဘဏ်များထက် အတိုးနှုန်းသက်သာမည်ဟု ယုံကြည်ရသော နိုင်ငံခြားဘဏ်များကို မျှော်လင့်ကြသည်ကိုလည်း မတော်လောဘ ရှိသည်ဟု ယူဆ၍ မဖြစ်နိုင်ပေ။ အကြောင်းမှာ အတိုးနှုန်း ၁ ကျပ် သို့မဟုတ် ငါးမူး သက်သာလျှင်ပင် ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက် ယှဉ်ပြိုင်မှုတို့၌ များစွာ ကွာခြားသွားနိုင်ခြင်းကြောင့် မဟုတ်ပါလော။ မည်သို့ပင်ဖြစ်စေ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ဧရာမ ကြီးမားသော အရင်းအနှီးမျိုး မလိုအပ်ဘဲ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်မှုတို့ဖြင့် များစွာ အထောက်အပံ့ ပေးနိုင်သော SME များ ဆက်လက် အားကောင်းလာနိုင်ရေးအတွက် အတိုးနှုန်းကိစ္စကို သက်ဆိုင်သူများက အကောင်းဆုံးဖြစ်အောင် ပံ့ပိုးကူညီပေးကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၁၃-၁၁-၂၀၁၇)

  • TAGS