News

POST TYPE

EDITORIAL

လူကြီးတွေအတွက် အဆုံးအမ (Daily, Vol-5/No-183)
11-Nov-2017 tagged as

လူ့ဘဝမှာ အသက်အပိုင်းအခြားအလိုက် ဘယ်အရွယ်မှာ ဘာလုပ်သင့်တယ် ဆိုတဲ့ကိစ္စကို မြန်မာလူ့အဖွဲ့အစည်း၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာတွေ အများစုတွေက ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ စီးပွားရှာ၊ တတိယအရွယ်မှာ တရားရှာဆိုပြီး ပြောဆို ဆုံးမလေ့ ရှိကြတာကို ကြားဖူးကြမှာပါ။ အသက်အရွယ်ငယ်ပြီး မှတ်ဉာဏ်တွေ ကောင်းနေချိန်မှာ ပညာဆည်းပူးပြီး ပညာပြည့်စုံလာတဲ့အချိန်မှာ ငွေကြေးဥစ္စာ ရှာဖွေကာ ကိုယ်ဖြစ်ချင်တဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ရယ်၊ အသက်အရွယ် ကြီးရင့်လာချိန် ၆၅ နှစ်နဲ့ အထက်ပိုင်းမှာ ဘာသာတရားကို လေ့လာလိုက်စားပြီး ဘဝနေဝင်ချိန် ဆည်းဆာကို အဓိပ္ပာယ်ရှိရှိ၊ တည်ငြိမ်အေးချမ်းစွာနဲ့ ဖြတ်သန်းဖို့ရယ်ကို အပိုင်းအခြားနဲ့ ယေဘုယျဆန်ဆန် ပြောကြတာပဲ ဖြစ်ပါတယ်။ 

သည်ဘက်ခေတ်မှာတော့ အကြောင်း အမျိုးမျိုးကြောင့် ပထမ အရွယ်ကတည်းက ပညာနဲ့ ပိုက်ဆံ ရှာနေရတဲ့သူတွေ ရှိလာသလို ဒုတိယအရွယ်မှာ စီးပွားရော၊ ဘာသာတရားတွေရဲ့ အဆုံးအမအတိုင်း နေထိုင်တတ်ဖို့ ကြိုးစားကြတာမျိုးတွေလည်း ရှိလာတယ်။ လူငယ်၊ လူလတ်ပိုင်း အတော်များများဆိုရင် ကျန်းမာတုန်း၊ သန်စွမ်းနိုင်၊ မှတ်ဉာဏ် ထက်မြက်နေတုန်း တရားအားထုတ်မှ လေးနက်တဲ့ အကြောင်းအရာတွေကို သိနိုင်မယ်ဆိုတဲ့ အချက်ကိုတောင် သဘောပေါက်ပြီး အဲဒီအရွယ်တွေမှာပဲ အချိန်ရရင်ရသလို အားထုတ်လာကြတာကို တွေ့ရပါတယ်။ အသက်အရွယ်အလိုက် ဖြစ်နိုင်ခြေ ရှိတဲ့အလုပ်ကို ညွှန်းရုံသက်သက်သာဖြစ်ပြီး မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ သဘောမျိုး ပြောတာတော့ မဟုတ်ပါဘူး။ သည်ကနေ့မှာ စဉ်ဆက်မပြတ် လေ့လာသင့်ယူရမယ်ဆိုတဲ့ အယူအဆကို လူအတော်များများက လက်ခံလာကြတဲ့အတွက် တချို့ဘာသာရပ်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ သင်ကြားပို့ချနေတဲ့ စာသင်ခန်းတွေ၊ ဆီမီနာတွေနဲ့ ဖိုရမ်တွေမှာ တတိယအရွယ်တွေလည်း ပထမနဲ့ ဒုတိယအရွယ်တွေနဲ့အတူ လေ့လာသင်ယူနေကြတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ 

အရွယ်အရ အသက်ကြီးသူက ဆရာဖြစ်ပြီး ငယ်သူက တပည့်ဖြစ်ရမယ်ဆိုတဲ့သဘောဟာ ဟိုရှေးကာလက မှန်ကောင်း မှန်ခဲ့ပါလိမ့်မယ်။ အခုအခါမှာတော့ အသက် ၄၀ ကျော်တွေလည်း ကိုယ်မဆည်းဖူး မလေ့လာဖူးခဲ့တဲ့ ဘာသာစကား ဒါမှမဟုတ် ပညာရပ်တစ်ခုကို တတ်မြောက်ချင်ရင် အသက် ၂၀ ကျော်တွေ သင်ပြနေတဲ့အခန်းထဲမှာ တပည့် ဝင်လုပ်ကြရတာပါပဲ။ အသက်အရွယ်ကြီးလို့ ငယ်တဲ့သူတစ်ယောက်က ဆရာလုပ်ပြီး သင်ပေးတာကို ရှက်နေမယ်၊ မကျေမနပ်ဖြစ်နေမယ်ဆိုရင် သူ့အနေနဲ့ တတ်မြောက်ချင်တဲ့ ပညာရပ် တစ်ခုခုကို သိခွင့်၊ တတ်ခွင့် လက်လွှတ် ဆုံးရှုံးလိုက်ရရုံပဲရှိမှာပါ။ မြန်မာ စကားတွေထဲမှာပဲ “ပညာလို အိုသည်မရှိ”ဆိုတဲ့စကားဟာ အဲဒီလို ဒုတိယနဲ့ တတိယအရွယ်မှာ ပညာသင်ယူ တတ်မြောက်လိုတဲ့သူတွေကို အားပေးအားမြှောက်ပြုတဲ့ အဆုံးအမလို့ပဲ ထင်မြင်မိပါတယ်။ တစ်မျိုးပြောရရင် လူကြီးတွေအတွက် ဆုံးမစကားပဲပေါ့။ 

ဆုံးမစကားဆိုတာ ဒုတိယအရွယ်နဲ့ တတိယ အရွယ်တွေက ပထမအရွယ်တွေကိုပဲ ပြောလေ့ရှိခဲ့ကြတာပါ။ ဘယ်လို လူ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် အသက်အရွယ်အလိုက် ရိုသေ လေးစားသမှုဆိုတဲ့ ဂါရဝတရားကို အနည်းနဲ့အများ ရှေ့တန်းတင်ကြရတာ ဖြစ်တဲ့အတွက် ကြီးသူကသာ ငယ်သူကို ဆုံးမသွန်သင်ကြတာဟာ ဓမ္မတာပါပဲ။ အရင်တုန်းကလည်း သွန်သင်ခဲ့သလို နောင်ကာလတွေမှာလည်း သွန်သင် ဆုံးမနေကြရမှာပါပဲ။ ဒါပေမဲ့ လူကြီးတွေအတွက် ဆုံးမစကား ကိစ္စကျတော့ အသက်အရွယ် တစ်ခုတည်းမဟုတ်ဘဲ ကြီးမားတဲ့ အသိဉာဏ်နဲ့ အတွေ့အကြုံ ရှိတဲ့သူတွေကပဲ ပြောဆိုမှရတာပါ။ 

တကယ်တော့ အသက်အရွယ် ကြီးရင့်လာတယ်ဆိုတာ တစ်ဖက်မှာ ဆံပင်တွေဖြူ၊ ပါးရေတွေ တွန့်လိမ့်လာပေမယ့် နောက်တစ်ဖက်မှာ အသိဉာဏ် ပညာရော၊ အတွေ့အကြုံရော၊ လောကဓံ တရားအပေါ် ခံနိုင်ရည်ရော အဆမတန် ကြီးမားနေတဲ့သူတွေကို ဆိုလိုတာပါ။ နောက်တစ်မျိုး ထပ်ပြောရမယ်ဆိုရင် လူကြီးဆိုတာ ရုပ်ပိုင်းဆိုင်ရာ ချည့်နဲ့လာသည်နှင့်အမျှ ကိုယ့်စိတ်အတွင်းက လောဘတွေ၊ ဒေါသတွေနဲ့ အမှားအမှန် (လုပ်သင့်တာနဲ့ မလုပ်သင့်တာ)ကို ဝေခွဲမရ ဖြစ်စေတဲ့ မောဟတရားတွေရော တစ်ကိုယ်ကောင်းဆန်မှုတွေပါ ကုန်ခန်းလျော့ကျသွားတဲ့သူတွေလို့ ပြောရမှာပါ။ အဲဒါမှလည်း လူရိုသေ ရှင်ရိုသေဖြစ်တဲ့ လူကြီးလူကောင်း ဖြစ်နိုင်မှာပါ။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာဆိုရင် လူကြီးတွေကို တော်ရုံတန်ရုံ ဆုံးမစကား ပြောရဲ၊ ဆိုရဲတဲ့သူတွေ မရှိပါဘူး။ ဗုဒ္ဓဘာသာဝင် ထေရ်ကြီးဝါကြီး သံဃာတော် အနည်းအကျဉ်းလောက်ကသာ “ကြီးမိုက် မဖြစ်စေနဲ့၊ လူငယ်တွေကို ငရဲမပေးနဲ့”လို့ဆိုပြီး ဆုံးမလေ့ ရှိခဲ့ကြတာကို သိရပါတယ်။ မှန်ပါတယ်။ လူကြီးတွေကို လူငယ်တွေက ဘယ်လို လုပ်ပြီး ဆုံးမရဲကြမှာလဲ။ တကယ်တော့ လူကြီးဆိုတာ လူငယ်တွေထက် ကိုယ့်အတွင်းစိတ်ကို ကိုယ်မြင်အောင် ပိုကြည့်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးမနိုင်စွမ်း အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ကြရမယ်လို့ ပြောချင်တာပဲဖြစ်ပါတယ်။ 

အယ်ဒီတာ (၁၁-၁၁-၂၀၁၇)

  • TAGS