News

POST TYPE

EDITORIAL

နိုင်ငံရေးအိုင်ဒီယာအသစ် တောင့်တနေသည့် ကမ္ဘာကြီး (Daily, Vol-5/No-180)
07-Nov-2017 tagged as

International Crisis Group (ICG) က အသေးစိတ် သုတေသနပြု ရေးသားခဲ့သည့် Buddhism and State Power in Myanmar ဟူသည့် စာတမ်းကို The Voice Daily သတင်းစာတွင် ယမန်နေ့ကစ၍ ဘာသာပြန် ဖော်ပြခဲ့သည်ကို စာဖတ်သူများ စိတ်ဝင်တစား ရှိလိမ့်မည်ဟု ထင်မြင်မိပါသည်။ ရခိုင်ပြည်နယ် အရေးကိစ္စ သာမက အခြားမြန်မာ့အရေး ကိစ္စများနှင့်ပတ်သက်၍ ဝေဖန်ရေးသားမှုနှင့် ကောက်ချက်ဆွဲ သုံးသပ်မှု အမျိုးမျိုး ပြုလုပ်သည့် ပြည်ပ အဖွဲ့အစည်းများတွင် ICG သည် အမြဲပင်တစေ ဘက်လိုက်မှု၊ တစ်နည်းအားဖြင့် မိမိ သို့မဟုတ် မိမိနှင့် ဘက်တူသူ အများစု လက်ခံထားသည့် အမှန်တရားတစ်ခုတည်းကို ဆွဲကိုင်ပြီး အပေါ်ယံ သဘောဖြင့် တစ်ဖက်သတ် ထောက်ပြခြင်းမျိုး မပြုလုပ်ဘဲ မြန်မာလူ့အဖွဲ့အစည်းတွင်းရှိသော Ethno Religious အုပ်စုများနှင့် တိုင်းရင်းသားများ အမှန်တကယ် ကြုံတွေ့နေရသည့် အခြေအနေများကို သမိုင်းကြောင်းများ အခြေခံကာ ယထာဘူတကျစွာ ရေးသားဖော်ပြလေ့ ရှိခြင်းကြောင့်လည်း အဆိုပါစာတမ်းကို အခန်းဆက်ဖြင့် ဘာသာပြန်ဖော်ပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

ICG ၏ အဆိုပါစာတမ်းတွင် ထူးခြားချက်မှာ ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းများ သာမက ပြည်တွင်း နိုင်ငံရေးအင်အားစု အတော်များများကပါ ပဒေသာစုံ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ရေးနှင့် လစ်ဘရယ်နိုင်ငံရေးစနစ် ထူထောင်ရေးတွင် အနှောင့်အယှက်တစ်ခုဟု ရှုမြင်ကြသည့် မဘသအဖွဲ့ကို ဖျက်သိမ်းရန် ကြိုးပမ်းခြင်းသည် အစိုးရ၏ မသိနားမလည်သော အားနည်းချက်တစ်ခုအဖြစ် ထောက်ပြထားပြီး ယင်းအဖွဲ့အပေါ် အစိုးရ အပါအဝင် အများစုက နားလည်မှု လွဲမှားနေကြောင်း သုံးသပ်ပြထားသည်မှာ ထူးခြားလှသည်။ ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလှသည့်အချက်မှာ ဒီမိုကရေစီခေတ်ကာလတွင် ဗုဒ္ဓဘာသာ၏ ခိုင်မာသော နေရာတစ်ခု ရရှိထားရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်မည့် ခေါင်းဆောင်များက မည်သို့သော အခန်းကဏ္ဍမှနေ၍ ဗုဒ္ဓဘာသာကို မည်သို့မည်ပုံ အကာအကွယ်ပြုမည်ဟူသော အငြင်းအခုံများ မြန်မာလူ့အဖွဲ့အစည်းအတွင်း တိုးပွားလျက်ရှိသည် ဟူသောအချက်ကို ထောက်ပြထားခြင်းပင် ဖြစ်ပေသည်။ 

မှန်ပါသည်။ မည်သည့်နိုင်ငံနှင့် မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို အစိုးရခေါင်းဆောင်ပိုင်းနှင့် ဘာသာရေး ခေါင်းဆောင်တို့အကြား သဟဇာတဖြစ်သည့် အနီးကပ် ဆက်ဆံရေးကိုသာ ပြည်သူများက လိုလားကြပြီး အဆိုပါ ခေါင်းဆောင်ပိုင်း နှစ်ရပ်၏ ဆက်ဆံရေးသည် တိုင်းပြည်အေးချမ်းသာယာမှုအပေါ် များစွာ အထောက်အပံ့ပြုစမြဲပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားအတွက်မူ သံဃာ့ အဖွဲ့အစည်းများနှင့် အစိုးရခေါင်းဆောင်များအကြား ဆက်ဆံရေးမှာ အထူးပင် အရေးကြီးသည်ဟုပင် ဆိုရပေမည်။ ဒီမိုကရေစီစနစ်ဖြစ်စေ၊ သို့မဟုတ် အခြားနိုင်ငံရေးစနစ်တစ်ခု ကျင့်သုံးသည်ဖြစ်စေ အဆိုပါ အဖွဲ့အစည်းနှစ်ရပ်အကြား ဆက်ဆံရေး ကမောက်ကမ မဖြစ်ရေးကို နှစ်ဖက်စလုံးက အထူး သတိပြုရန် လိုအပ်မည်ဖြစ်ပါသည်။ ဒီမိုကရေစီဟူသည်မှာ လူနည်းစုရော၊ လူများစုရော သာတူညီမျှ သဘောဖြင့် အေးချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ရသည်ဖြစ်ရာ လူနည်းစုကို အသားပေးလွန်းလျှင်၊ လူများစုက မကျေမနပ်ဖြစ်နိုင်ပြီး လူများစုကို အသားပေးလွန်းပြန်လျှင်လည်း ဒီမိုကရေစီပြိုင်တူ ကျင့်သုံးနေသော အခြားနိုင်ငံများ၏ ပျက်ရယ်ပြုခံရနိုင်ရုံမျှမက အခန့်မသင့်လျှင် စွပ်စွဲ အပုပ်ချခံရနိုင်သည့် အနေအထား ရှိသည်မှာ လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသော အဖြစ်သနစ်များက ဖော်ပြနေသည် မဟုတ်ပါလော။ သို့သော်လည်း ဒီမိုကရေစီ၏ သဘော သဘာဝတစ်မျိုး ကိုယ်က လူအများစု၏ ဆန္ဒဖြင့် ရှေ့ဆက်ကြရသည့် အနေအထားကို လိုလားပြန်ရာ ယင်းစနစ်ကို မောင်းနှင်မည့် နိုင်ငံရေးခေါင်းဆောင်များအတွက် စိန်ခေါ်မှုများနှင့် ပြဿနာများက မလွဲမသွေ စောင့်ကြိုနေမည်သာ ဖြစ်ပေသည်။ ယင်းလူနည်းစုနှင့် လူများစုကိစ္စနှင့် ဆက်နွှယ်၍ နိုင်ငံသား အများစု အဓိက မနှစ်မြို့နိုင်ဘဲ ဖြစ်နေသည့်ကိစ္စမှာ “နွားထီးငါးကျပ်၊ နွားမ ငါးကျပ်” သဘောမျိုးကို လက်သင့်မခံနိုင်ခြင်းပင် ဖြစ်ပေသည်။ သို့အတွက်ကြောင့်လည်း အမျိုးသားရေး အယူဝါဒ မြန်မာ့လူ့အဖွဲ့အစည်းတွင် ကိုလိုနီခေတ်နောက်ပိုင်း တစ်ဖန်ပြန်လည် ခေါင်းထောင်လာခြင်း ဖြစ်ပေသည်။ 

အမှန်တွင် အမျိုးသားရေး အယူဝါဒ ခေါင်းထောင်သည့်ကိစ္စမှာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်ပြီးသော ဥရောပနိုင်ငံများ အပါအဝင် အခြားကမ္ဘာ့နိုင်ငံများတွင်ပါမှာ ကြုံတွေ့နေရခြင်းဖြစ်သည်။ အကြောင်းမှာ လစ်ဘရယ်ဖြစ်လွန်းရုံမျှမက မိမိ၏ လစ်ဘရယ်နိုင်ငံရေး အိုင်ဒီယာနှင့် ဆန့်ကျင်သူများကို လူသား မဆန်သူများအဖြစ် တရားသေ သတ်မှတ်တတ်ရုံမျှမက တစ်မျိုးတစ်ဖုံဖြင့် နှိမ့်ချဆက်ဆံကာ ရန် ငါ စည်းခြားခြင်း၊ ကိုးကွယ်ရာ ဘာသာနှင့် ယဉ်ကျေးမှု မတူညီသူများ တစ်နေရာမှ အခြား တစ်နေရာသို့ ရွှေ့ပြောင်း အခြေချမှု အဆမတန် များပြားလာခြင်းကြောင့် ခဲရာခဲဆစ် တည်ဆောက်ရယူခဲ့ကြရ၊ ထိန်းသိမ်းခဲ့ကြရသည့် ယဉ်ကျေးမှုနှင့် သမိုင်း အမွေအနှစ်များ ပျက်စီး ပျောက်ပျက်နိုင်သည်ဟူသော သံသယများ ကြီးထွားလာကြခြင်း စသည်တို့ကြောင့် ဖြစ်ပေသည်။ ဆိုလိုသည်မှာ ယနေ့ ကမ္ဘာကြီးသည် လူ့အဖွဲ့အစည်း တိုင်းအတွက် ဒီမိုကရေစီထက် ပိုကောင်းသော စနစ်တစ်ရပ်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံရေး အိုင်ဒီယော်လော်ဂျီ တစ်ရပ်ကို တောင်းဆိုလျက် ရှိသည်ဖြစ်ရာ ဒီမိုကရေစီကို ခဲရာခဲဆစ် ဖော်ဆောင်နေရသည့် အစိုးရနှင့် ပြည်သူများအနေနှင့် မည်သည့် နိုင်ငံရေး အယူဝါဒကိုမျှ တစ်ထစ်ချယုံကြည် တွယ်ဖက် မထားသင့်ဘဲ ပြဿနာများနှင့် စိန်ခေါ်မှုများကို ကြီးမားသည့် အသိဉာဏ်ဖြင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၇-၁၁-၂၀၁၇)

  • TAGS