News

POST TYPE

EDITORIAL

Water Bus လုံခြုံရေး ခပ်ပေါ့ပေါ့ မတွေးသင့်ပါ (Daily, Vol-5/No-157)
11-Oct-2017 tagged as

ယာဉ်ကြောပိတ်ဆို့မှုကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးမည်ဟူသည့် ဦးတည်ချက်ဖြင့် သီတင်းကျွတ်ကာလက စတင်ကာ ရန်ကုန်မြစ်တွင်းပြေးဆွဲခဲ့သည့် Water Bus (ရေကြောင်းဘတ်စ်) နှင့်ပတ်သက်၍ လိုက်ပါစီးနင်းလျက်ရှိသော ပြည်သူများအကြား ဝေဖန်စရာကိစ္စအချို့ ပေါ်ထွက်လာသည်ကို သတိပြုမိပါသည်။ ပြေးဆွဲတော့မည်ဟု ဦးစွာ ရည်မှန်းခဲ့သည့် အချိန်ကာလနှင့် သုံးလတာမျှ ကြာမြင့်ပြီးပါမှ စတင်ခဲ့ရသည် အဆိုပါ Water Bus ကို အချို့နိုင်ငံများတွင် Water Taxi ဟုလည်းကောင်း၊ Water Ferry ဟုလည်းကောင်း အသီးသီး ပြောဆိုကြသော်လည်း အဓိက လိုရင်းမှာ အများပြည်သူတွေအတွက် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန် ပြေးဆွဲသည့်ရေယာဉ်များသာ ဖြစ်ပေသည်။ 

အိမ်နီးချင်းထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အလည်အပတ် သွားရောက်ဖူးသော မြန်မာနိုင်ငံသားများဆိုလျှင် ကျောက်ဖယားမြစ်အတွင်း နေ့ရော၊ ညပါ ပုံမှန်ပြေးဆွဲနေသည့် အဆိုပါ ရေယာဉ်များကို စီးနင်းဖူးကြမည်ဖြစ်သလို ဘန်ကောက်မြို့ခံများ သာမက ခဏတဖြုတ်လာသည့် တိုးရစ်များပါ အားထားလောက်ရသည့် အနေအထားမျိုး ဖြစ်နေသည်ကိုပင် သတိပြုမိကြပေလိမ့်မည်။ ဘန်ကောက်တွင် နှစ်ကာလ အတန်ကြာ အသားကျနေပြီဖြစ်သည့် အဆိုပါ သယ်ယူပို့ဆောင်ရေး ရေယာဉ်များနှင့် နှိုင်းယှဉ်ကာ အပြစ်ပြောခြင်း မဟုတ်သော်လည်း ရန်ကုန်ရေကြောင်း ဘတ်စ်မှာမူ ခရီးသည်များ အဆင်ပြေ ချောမွေ့စွာ မှီခိုအားထားနိုင်သည့် အနေအထားသို့ ရောက်လာရေးအတွက် ထပ်မံ        ဖြည့်စွက်ပြုပြင်ပေးရမည့် ကိစ္စများ ရှိနေသေးသည်မှာ အသေအချာပင် ဖြစ်ပါသည်။ 

ရန်ကုန်တွင် မ.ထ.သ ကိုဖျက်သိမ်းကာ YBS ယာဉ်လိုင်းများ နေ့ချင်း ညချင်း ပြောင်းလဲခဲ့စဉ်က ရန်ကုန်မြို့မှ ခရီးသွားပြည်သူ အတော်များများ ကမောက်ကမ ဖြစ်ခဲ့ဖူးသည်ကို မှတ်မိကြပါလိမ့်မည်။ သို့သော် ယခုရေကြောင်းဘတ်စ်မှာ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ရေးအတွက် စတင် စမ်းသပ်ကြည့်သည့် သဘောမျိုးဖြစ်နေရာ စမ်းစီးကြည့်သူများနှင့် အဆိုပါ ရေကြောင်းဘတ်စ်ကား ပြေးဆွဲသည့် လမ်းကြောင်းနှင့် နီးကပ်သူများ၏ ဝေဖန်သံများကသာ ပိုများနေသလိုဖြစ်နေပေသည်။ YBS အပြောင်းအလဲ လုပ်ချိန်ကကဲ့သို့ တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက်ဖြစ်သည့် အခြေအနေမျိုး မဟုတ်ပေ။ လက်ရှိအနေအထားတွင် ရေယာဉ်စုစုပေါင်း ၅ စင်းဖြင့် ပြေးဆွဲပေးလျက်ရှိသည်ဟု ဆိုသော်လည်း နောင်တွင် ခရီးသည်ဦးရေ မြင့်တက်လာသည်နှင့်အမျှ ရေယာဉ် အရေအတွက်လည်း များစွာ လိုအပ်လာမည်ဖြစ်ပေသည်။ 

အဆိုပါ ရေကြောင်းဘတ်စ်ကို နိစ္စဓူဝ သဘောမျိုးဖြင့် စတင် အသုံးပြု စီးနင်းလျက်ရှိသည့် ခရီးသွားပြည်သူများ၏ ဝေဖန်သံများကို ဆန်းစစ်ကြည့်မည်ဆိုလျှင် အရေးအကြီးဆုံး အချက်နှစ်ခုမှာ လုံခြုံရေးနှင့် စီးနင်း အသုံးပြုရာတွင် ပေးရသည့်အချိန်အတိုင်းအတာကိစ္စပင်ဖြစ်သည်ကို တွေ့ရပါသည်။ သိကြသည့်အတိုင်း မြန်မာ့လူ့အဖွဲ့အစည်းသည် အန္တရာယ်ဖြစ်မည့်ကိစ္စများနှင့် ပတ်သက်လာလျှင် “ဘာမှမဖြစ်လျှင် ဘာမှမဖြစ်ပါ”ဟူသည့် သဘောမျိုး ဖြင့် ခပ်ပေါ့ပေါ့ သဘောထား နေထိုင်လေ့ရှိကြသည်ကများပေရာ Safety ဟူသောကိစ္စကို အလေးအနက်ထား အာရုံစိုက်သူ နည်းပါးလှပါသည်။ သို့သော Water Bus ၏ လုံခြုံရေးကိစ္စတွင်မူ အများသူငါ ထိုသို့ ခပ်ပေါ့ပေါ့ သဘောထားတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ခပ်ပေါ့ပေါ့ လိုက်သဘောထား၍မဖြစ်နိုင်သောအချက်ကို အထူး သတိပြုရမည်ဖြစ်ပါသည်။ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းသုံးမျိုးတွင် မောင်းနှင်သွားလာနေသော မည်သည့် “ယာဉ်”မဆို အန္တရာယ်ရှိသည့်အရာများဖြစ်ပေရာ ယခု Water Bus ကိစ္စတွင်လည်း စီးနင်းသူ ပြည်သူများ၏ လုံခြုံရေးကိစ္စကို အထူးအလေးထား ကြပ်မတ်ပေးရမည်ဖြစ်သလို အခြား လိုအပ်ချက်များအတွက်လည်း စီးနင်းသူများ၏ စကားသံကို သက်ဆိုင်သူများက နားစွင့်ထားရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၁၁-၁၀-၂၀၁၇)

  • TAGS