News

POST TYPE

EDITORIAL

ယနေ့ခေတ် အမျိုးသားရေးဝါဒရှင်းတမ်း (Daily, Vol-5/No-156)
11-Oct-2017 tagged as

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက ပြန်လည် ခေါင်းထောင်လာသော အမျိုးသားရေးဝါဒတစ်ရပ်သည် မြန်မာနိုင်ငံရေး အခင်းအကျင်းသစ်ကို ပုံဖော်လျက်ရှိပြီး မြန်မာအပေါ် ပြည်ပဖိအားများ အလွန်အမင်း များပြားလာမည်ဆိုပါက လစ်ဘရယ်ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်ပြီး လူမျိုးခြား ကြောက်ရွံ့မုန်းတီးသည့် အမျိုးသားရေးဝါဒ လက်သစ် (Neo-Nationalism)တစ်ခုပင် ပေါ်ပေါက်လာနိုင်သည်ဟု ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး ယင်းဆောင်းပါး ကောက်နုတ်ချက်ကို The Voice Daily ဖော်ပြခဲ့သလို The Voice Weekly ဂျာနယ်တွင်လည်း အပြည့်အစုံ ဘာသာပြန်ဆိုဖော်ပြခဲ့သည်ကို စာဖတ်သူများ မှတ်မိပါလိမ့်မည်။ ဒေါက်တာ သန့်မြင့်ဦး ထောက်ပြမည်ဆိုလျှင်လည်း ထောက်ပြချင်စရာပင် ဖြစ်ပါသည်။ အကြောင်းမှာ အားလုံး သိထားသည့်အတိုင်း လက်ရှိအချိန်သည် ပြည်ပ ဖိအားများစွာကို အကောင်းဆုံးဖြစ်အောင် မည်သို့ တုံ့ပြန်ကြမည်နည်း ဟူသည့်ကိစ္စက အစိုးရပိုင်း သာမက နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်များ အားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသလို နိုင်ငံသား အများစုကလည်း အဆိုပါ ဖိအားများကို စိတ်ပျက်လက်ပျက် ဖြစ်လာရုံမျှမက မုန်းတီးလာသည့် အခြေအနေထဲသို့ပင် ရောက်ရှိနေခြင်းကြောင့်ပင် ဖြစ်ပေသည်။

မြန်မာ့အရေးကိစ္စထက် ကမ္ဘာ့နိုင်ငံများ၏ လက်ရှိ အခြေအနေကို ဦးစွာ ကြည့်မည်ဆိုလျှင် ဒီမိုကရေစီစနစ် အခြေတကျ ဖြစ်လာသော အနောက်နိုင်ငံများတွင် အမျိုးသားရေး အင်အားစုများ နိုင်ငံရေး နယ်ပယ်ထဲတွင် အတော်အတန်နေရာ ရလာသည်ကိုတွေ့ရပြီး ယင်းသို့ နေရာ ရယူလာခြင်းအပေါ် လစ်ဘရယ် ဒီမိုကရက်များက အထူးပင် စိုးရိမ်တကြီးဖြစ်လျက် ရှိသည်ကို တွေ့ရပေမည်။ ထိုသို့ အားကောင်းလာရခြင်းအတွက် အဓိက လက်သည်မှာလည်း ရွှေ့ပြောင်း အခြေချနေထိုင်မှု (Migration) နှင့် အစွန်းရောက် အကြမ်းဖက်ဝါဒ စသည့် အရေးကိစ္စကြီး နှစ်ရပ်ကြောင့်သာ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင် လစ်ဘရယ်ဒီမိုကရက်တို့ သာမက ရီပတ်ဘလစ်ကန် အချို့ကပါ မည်သို့မျှ မနှစ်မြို့သည့် မစ္စတာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခြင်း၊ ဥရောပသမဂ္ဂ၏ မဟာအင်အားကြီး ဂျာမနီတွင် လက်ယာစွန်းမျိုးချစ် AfD ပါတီ တတိယ အင်အားအကြီးဆုံး နိုင်ငံရေးပါတီဖြစ်လာကာ ပါလီမန် လွှတ်တော်ထဲသို့ ဝင်ရောက်ခွင့် ရရှိသွားခြင်း စသည်တို့သည် အမျိုးသားရေးဝါဒ၊ တစ်နည်းအားဖြင့် အမျိုးသားရေးဝါဒီလက်သစ် (Neo-Nationalist) များ နေရာရလာသည့် သာဓကတို့ပင် ဖြစ်ပေသည်။

လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပြည်တွင်းစစ်ကြီးနှင့် ကာလကြာရှည်စွာ လုံးထွေး သတ်ပုတ်ခဲ့ရပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေး ဟူသည့် ဦးတည်ချက်ကို အကောင်အထည် ဖော်ခဲ့ရသည့် မြန်မာ့လူ့အဖွဲ့အစည်းမှာမူ ဘင်္ဂါလီပြဿနာနှင့် ARSA အကြမ်းဖက်အုပ်စု၏ တိုက်ခိုက်မှု ပေါ်လာချိန်တွင် အမျိုးသားရေး၊ တစ်နည်းအားဖြင့် မိမိတိုင်းရင်းသားများဘက်မှ ရပ်တည်ရေး ဟူသည့်ကိစ္စမှာ အားကောင်းသလို ဖြစ်လာခဲ့သည်။ နှစ်ပေါင်း ၇၀ နီးပါးကာလတွင် မြန်မာ့အမျိုးသားရေးအားအကောင်းဆုံးအဆင့်သို့ ရောက်လာခြင်းဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ အကြောင်းမှာလည်း ပြည်ထောင်စုဖွား တိုင်းရင်းသားများထဲက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထားရသူ ရခိုင်တို့နှင့် ၎င်းတို့နေထိုင်ရာ ရခိုင်ပြည်နယ်ကို တိုင်းရင်းသား မဟုတ်သူများက အကြမ်းဖက် တိုက်ခိုက်လာခြင်းကြောင့်သာ ဖြစ်သည်။ အခြားဒေသများမှ တိုင်းရင်းသားများ (ဥပမာ-ကချင်နှင့် ရှမ်း) အဆိုပါဖြစ်ရပ်မျိုးနှင့် ကြုံတွေ့မည်ဆိုလျှင်လည်း ယင်းမြန်မာ့အမျိုးသားရေး စိတ်ဓာတ်မှာ အလားတူ အားကောင်းလာမည့်သဘောတွင်သာ ရှိပေသည်။ သို့သော် ပြဿနာ လျော့နည်းလာသည်နှင့်အမျှ အစွန်းရောက် အမျိုးသားရေး၊ နိုင်ငံတကာ ဘာသာစကားနှင့်ဆိုရလျှင် Extreme Far Right အဆင့်သို့ မည်သို့မျှ ရောက်နိုင်မည်မဟုတ်ဟု ထင်ပါသည်။ 

အမျိုးသားရေးနှင့် ပတ်သက်၍ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများတွင် ထိတ်လန့်ကြသည်မှာ ပြည်တွင်း အကျိုးစီးပွား ကာကွယ်ရေးဟူသော အကြောင်းပြချက်ဖြင့် ရထားသော ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများ ပျက်စီးသွားမည့်အရေးအပြင် အဒေါ့ဖ်ဟစ်တလာ၏ အစွန်းရောက် မျိုးချစ်ဝါဒအဆင့်သို့ ရောက်လာမည့်အရေးပင်ဖြစ်သည်။ သို့သော် ယနေ့ခေတ်၊ ယနေ့ကမ္ဘာသည် နည်းပညာများ အဆမတန် ဖွံ့ဖြိုးလာသလို ပွင့်လင်းမြင်သာမှု ဟူသည့်ကိစ္စကို ဘုံပိုင်မူဝါဒအဖြစ် လက်ခံရန် ကြိုးပမ်းသည့်နိုင်ငံများ အထူး များပြားလာပြီဖြစ်ရာ နာဇီကဲ့သို့ အစွန်းရောက် လူအစုလိုက် အပြုံလိုက်ဒုက္ခ ပင်လယ်ဝေစေမည့် အမျိုးသားရေးမျိုးဖြစ်ရန် အလားအလာ မည်သို့မျှ မရှိနိုင်ပေ။ သို့သော် မိမိကိုးကွယ်ရာ ဘာသာနှင့်မတူသူသည် မိမိရန်သူအဖြစ် သတ်မှတ်တတ်သူဦးရေ များပြားလာရုံသာမက အစွန်းရောက်အကြမ်းဖက် အုပ်စုများ စနစ်တကျတည်ဆောက်ထားသော လူ့အဖွဲ့အစည်းများကို ရန်ပြုလာမည်ဆိုပါက အစွန်းရောက်အမျိုးသားရေးမှာ ကမ္ဘာလုံးဆိုင်ရာ သဘောပင် သက်ရောက်သွားနိုင်ပေသည်။ ဤနေရာတွင် စာဖတ်သူမိတ်ဆွေများက The Voice သတင်းစာကို မည်သည့်ဝါဒ ယိမ်းသနည်းဟု မေးလေ့ ရှိခဲ့ကြသည်ကို တစ်ဆက်တည်း ဖြေဆိုဖော်ပြလိုပါသည်။ ကျွန်ုပ်တို့အနေနှင့် လက်ဝဲ၊ လက်ယာ၊ စစ်ဝါဒီ စသည့် မည်သည့်အယူဝါဒကိုမျှ မစွဲကိုင်ထားကြောင်းနှင့် ယင်းအယူဝါဒများထဲမှ နိုင်ငံနှင့် နိုင်ငံသားတို့အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် မူဝါဒလမ်းစဉ်ကောင်း၊ အတွေးအခေါ်နှင့် အယူအဆ ကောင်းများကို အမြဲပင် လေ့လာဆည်းပူးလျက် ရှိပါကြောင်း ဖြေကြားလိုပါသည်။ ထို့အတူ အမျိုးသားရေးဝါဒ ဟူသည် မည်သည့်ခေတ်ကာလရောက်သည်ဖြစ်စေ အနေအစား အချောင်ရလိုသူများအတွက် အသုံးချစရာအရာ လုံးဝ မဟုတ်သည်ကို အထူးသတိပြုရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၁၀-၁၀-၂၀၁၇)

  • TAGS