News

POST TYPE

EDITORIAL

မြန်မာတို့၏ သတိတရား မှတ်ကျောက်တင်နိုင်ပါစေ (Daily, Vol-5/No-155)
09-Oct-2017 tagged as

ဘင်္ဂါလီအရေးကိစ္စကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာ့တပ်မတော်တို့အပေါ် ဖိအားပေးမှုများ မြင့်တက်လာရုံမျှမက ယင်းဘင်္ဂါလီပြဿနာကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာ အကြမ်းဖက်အုပ်စုများ ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည်ဟုပင် အမေရိကန်ပြည်ထောင်စုက သတိပေးမှု ထွက်ပေါ်လာချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆုတောင်းပွဲများ ကျင်းပရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က ဦးဆောင်စီစဉ်လျက် ရှိသည်ကို တွေ့ရပါသည်။ တစ်ကမ္ဘာလုံးနှင့် တစ်ယောက်အသွင် ဆောင်လာသည့် ရခိုင်ကိစ္စ ဇာတ်ရှိန် ပိုမြင့်စေရန် ဖန်တီးသူ များပြားလာချိန်၊ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင် အများစုနှင့် အခြားဘာသာဝင် လူနည်းစု၊ (အထူးသဖြင့် မွတ်ဆလင်များနှင့်) သင့်မြတ်မှု မရှိသည့်ပုံမျိုး နိုင်ငံတကာ မီဒီယာများနှင့် လေ့လာစောင့်ကြည့်သူဟု ဆိုသူများက ပြင်းပြင်းထန်ထန် ဖော်ပြလာချိန်တွင် ယခုလို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆုတောင်းပွဲမျိုးမှာ ရိုးရှင်းစွာပင် လိုအပ်သည်ဟု ဦးစွာ ပြောလိုပါသည်။ 

အကြောင်းမှာ သမိုင်းကြောင်းကိုကြည့်လျှင် ကမ္ဘာ့နိုင်ငံကြီးများရှိ လူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်းများထဲတွင် မတူညီသော အယူဝါဒများအကြား ယုံမှား သံသယစိတ်နှင့် မိမိနှင့်မတူ မိမိရန်သူဟူသော အယူအဆတို့ကြောင့် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ သာမက စစ်မက်ကြီးများအထိ ဖြစ်ပွားခဲ့သည်ကို တွေ့မြင်ခဲ့ကြရသောကြောင့် ဖြစ်ပေသည်။ ယနေ့ခေတ်တွင်မူ ယုံမှားသံသယစိတ်နှင့် မိမိနှင့်မတူမိမိရန်သူဟူသောကိစ္စတို့သာမကတော့ဘဲ ရည်ရွယ်ချက်ရှိရှိဘက်လိုက်ရေးသားသော သတင်းဌာနများနှင့် ပရဟိတ အမည်ခံ အဖွဲ့အစည်းများနှင့် အတို့အထောင် လုပ်သည့် လူမှုကွန်ရက်စာမျက်နှာပါ အားကောင်းလာသည် ခေတ်တစ်ခေတ်ဖြစ်ပေရာ ယခင်ခေတ်ကာလများကထက် အမှိုက်ကစ ပြာသာဒ်မီးလောင် အခြေအနေမျိုးကို အလွယ်တကူ ရောက်ရှိသွားနိုင်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ မြန်မာ့သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် ဆိုးရွားလှသည့် ဘာသာရေးစစ်မီးမျိုး၊ ပဋိပက္ခမျိုး မရှိခဲ့သော်ငြား ယနေ့လို အချိန်အခါတွင် ဘင်္ဂါလီကိစ္စ အကြောင်းပြ၍ မြန်မာ့ လူ့အဖွဲ့အစည်းတွင်း ဘာသာရေး တင်းမာမှုကြီး ပေါက်ကွဲတော့မည့်အလား နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆိုလာသည်မှာ အကြောင်းမဲ့တော့ မဟုတ်ပေ။ သို့အတွက်ကြောင့် ယခင်လများအတွင်းက ခေါင်းကြီးပိုင်းများတွင် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများအနေနှင့် ကမ္ဘာ့အင်အားကြီး အယူဝါဒ နှစ်ရပ်၏ သမိုင်းရှည်ကြာသော တိုက်ပွဲကြားထဲသို့ မရောက်သွားရန် အထူး သတိပြုရတော့မည်ဟု ရေးသားဖော်ပြခဲ့သည်ကို စာဖတ်သူများ မှတ်မိပါလိမ့်မည်။ ယခုလည်း ဤစကားကိုသာ ထပ်ပြောရပါလိမ့်မည်။ 

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်တို့သည် အခြားသော ဘာသာဝင်များနှင့် ကာလကြာရှည် အေးချမ်းစွာ နေထိုင်နိုင်ခဲ့ခြင်း ရှိ၊ မရှိဟူသော အချက်ကို ကြည့်မည်ဆိုလျှင် ရန်ကုန်မြို့လယ်ကောင်ရှိ ဆူးလေစေတီတော် ပတ်ဝန်းကျင်မှ ဆူးလေ အပါအဝင် မတူကွဲပြားသော ဘာသာရေး အဆောက်အအုံများကို ကြည့်လျှင်ပင် သိနိုင်ပေသည်။ မြန်မာနိုင်ငံသို့ လာရောက် တာဝန်ထမ်းဆောင်ခဲ့ဖူးသော နိုင်ငံခြား သံတမန်ကြီးများသည်ပင် ဘာသာပေါင်းစုံ ပုံမှန်အားဖြင့် သဟဇာတဖြစ်စွာ နေထိုင်နိုင်သည်ဟူသည့် အချက်ကို ကောင်းစွာ သိရှိသွားကြသူများပင်ဖြစ်သည်ကို ၎င်းတို့ကိုယ်တိုင် အသိဆုံးဖြစ်ပေသည်။ သို့တိုင်အောင် ဘင်္ဂါလီပြဿနာ ပေါ်ပေါက်လာချိန်တွင် ဗုဒ္ဓဘာသာဝင်များနှင့် (အထူးသဖြင့်) မွတ်ဆလင်များအကြား ပြဿနာ ရှိသည်ဟူသော စွပ်စွဲချက် အမျိုးမျိုးဖြင့် ဖိအားပေးရန်တိုက်သည့် ပုံစံမျိုးဖြစ်လာသည်မှာ ရိုးစင်းသည့်ကိစ္စ မဟုတ်ဟုပင် ကောက်ချက်ချမိပေသည်။ အကြောင်းမှာ ထိုသို့ဖိအားပေးလာသည့် နိုင်ငံအားလုံးနှင့် အဖွဲ့အစည်းများမှာ ဗုဒ္ဓဘာသာနှင့် ဆက်နွှယ်မှု မရှိသောသူများသာ ဖြစ်နေခြင်းကြောင့်ပင်။ သို့အတွက်ကြောင့်လည်း သမိုင်းကြောင်း ကြာရှည်သည့် အယူဝါဒ တိုက်ပွဲနှစ်ခုထဲသို့ ဗုဒ္ဓဘာသာဝင်များ ပါလာစေရန်၊ တစ်နည်းအားဖြင့် ဘက်တစ်ဖက်ဖက်ကို ရွေးချယ်ရန် ကြိုးပမ်းနေမှုများအား အထူး သတိထားသင့်ကြောင်း သတိပေးခဲ့ခြင်းပင် ဖြစ်ပေသည်။ 

မည်သို့ပင် ကြားညပ်အောင် တွန်းအားပေးလာစေကာမူ၊ မည်သို့ပင် စွပ်စွဲချက် အမျိုးမျိုးဖြင့် စွပ်စွဲလာစေကာမူ လက်ရှိအချိန်သည် မြန်မာအစိုးရနှင့် ခေါင်းဆောင်ပိုင်းများ သာမက နိုင်ငံသားအားလုံးက မိမိလူ့အဖွဲ့အစည်းတွင်းရှိ မတူကွဲပြားသော ဘာသာဝင်များအကြား ချစ်ကြည်ရင်းနှီးမှုသည် ယခင်ရော၊ ယခုသာမက နောင်ပါရှိမည်ဟူသည့်အချက်ကို ဖော်ပြကြရမည်ဖြစ်သလို တစ်ဖက်တွင်လည်း သတိတရားကြီးစွာဖြင့် တုံ့ပြန်နိုင်ရန် အထူး အရေးကြီးပေသည်။ ဤနေရာတွင် သတိတရားကို ဦးစားပေး ဖော်ပြရခြင်းမှာ ယနေ့ခေတ်တွင် သတိတရားသည် မေတ္တာတရားထက် အမှားအယွင်း မရှိအောင် စောင့်ရှောက်ပေးနိုင်ရုံမျှမက သတိကြီးသူသာ ရှင်သန်နိုင်သည့် အနေအထားမျိုး ဖြစ်လာခြင်းကြောင့်ပင်ဖြစ်ပေသည်။ ထို့အတူ မြန်မာတို့၏ အဆိုပါ သတိတရားသည်လည်း မြန်မာ့သမိုင်းသာမက ကမ္ဘာ့သမိုင်းတွင်ပါ မလွဲမသွေ မှတ်ကျောက်တင်ခံရမည် ဟူသောအချက်ကို အထူးသတိပေး ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၉-၁၀-၂၀၁၇)

  • TAGS