News

POST TYPE

EDITORIAL

ကိုယ့်စိတ်ကိုယ် ဆန်းစစ်တတ်တဲ့သူတွေ များစေ (Daily, Vol-5/No-153)
07-Oct-2017 tagged as

ပြီးခဲ့တဲ့တစ်ပတ်က လပ်စ်ဗီးဂတ်စ်မြို့ လေဟာပြင် ဂီတဖျော်ဖြေပွဲတစ်ခုမှာ လူတစ်ယောက်က သေနတ် ပစ်ခတ်ခဲ့တာကြောင့် လူပေါင်း ၅၉ ယောက်လောက် ဘဝတစ်ခု အဆုံးသတ်ခဲ့ရသလို လူရာနှင့်ချီပြီး ဒဏ်ရာတွေ ရသွားခဲ့တဲ့သတင်းကို စာဖတ်သူတွေ မှတ်မိကြပါလိမ့်မယ်။ အဲဒီဖြစ်ရပ်ကြီးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းထဲမှာ အဆိုးရွားဆုံး ပစ်ခတ်မှုကြီး အဖြစ်တောင် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ 

သေနတ်သမားဟာအသက် ၆၄ နှစ်အရွယ်ရှိ အငြိမ်းစား စာရင်းကိုင် တစ်ယောက်၊ ငွေကြေးလည်း အတော့်ကိုပြည့်စုံသလို သူ့ရဲ့အသိုင်းအဝိုင်းမှာလည်း စိတ်ကောင်းရှိတဲ့သူ တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ တစ်ယောက်ပါ။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြောနေကျစကားနဲ့ ပြောရမယ်ဆိုရင် “သဘော အင်မတန်ကောင်းတဲ့ အန်ကယ်ကြီး”လို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ အဲဒီအန်ကယ်ကြီး ဘာ့ကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ ဂီတပွဲကို အားပေးနေတဲ့ အပြစ်မဲ့လူတွေကို အပေါ်စီး (၃၂ ထပ်ရှိတဲ့ ဟိုတယ်ခန်း) ထဲကနေ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တာလဲဆိုတာ လုံးဝကို နားမလည်နိုင် ဖြစ်နေကြရပါတယ်။ 

အမေရိကန် အာဏာပိုင်တွေလည်း အဲဒီလပ်စ်ဗီးဂတ်စ် ဖြစ်ရပ်ဆိုးကြီးရဲ့ နောက်ကွယ်က အကြောင်းတွေကို အခုအထိ ဖော်ထုတ်နိုင်တာ မရှိသေးပါဘူး။ နောက်ကွယ်က အကြောင်းကို စုံစမ်းရင်းနဲ့ စိတ်ရောဂါပညာရှင်တွေ၊ ရာဇဝတ်မှု ကျူးလွန်သူတွေရဲ့ အပြုအမူက လေ့လာတဲ့ ပညာရှင်တွေဆီကိုတောင် ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ သူနဲ့ပတ်သက်ပြီး အမေရိကန် အများစုကတော့ He’s gone mad လို့ ဆိုကြပါတယ်။ မြန်မာလိုပြောရင်တော့ စိတ်ရူးပေါက်သွားတယ်ပေါ့။ အဲဒီမှာ သူ့ရဲ့ ဘဝသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တစ်ချက်ကို သွားတွေ့ခဲ့တယ်လို့ ပညာရှင် တစ်ယောက်က ဆိုပါတယ်။ 

အဲဒါကတော့ သေနတ်သမား အန်ကယ်ကြီးရဲ့ ဖခင်ဟာ ရာဇဝတ်မှုတွေ ကျူးလွန်လို့ နာမည်ကြီးခဲ့တဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်တဲ့။ အဲဒီကိစ္စဟာ အန်ကယ်ကြီးအတွက် ကလေးဘဝအတွက် အန္တရာယ်ရှိတဲ့ သင်ခန်းစာတစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ စိတ်ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့အချိန်နဲ့ မသိစိတ်မှာ စွဲနေခဲ့တဲ့ အထင်ကြီး အားကျမှုနှစ်ခု ပေါင်းစပ်မိတဲ့အချိန်မှာ အဲဒီလို ရက်စက်ကြမ်းတမ်းတဲ့ လုပ်ရပ်မျိုးကို လုပ်ပစ်လိုက်တဲ့ သဘောမျိုး ဖြစ်တယ်လို့ အဲဒီစိတ်ပညာရှင်က ကောက်ချက်ဆွဲပြပါတယ်။ 

ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တစ်ချိန်က စိတ်သဘောထားကောင်းတဲ့ အန်ကယ်ကြီးကြောင့် ဘာမှအပြစ်မရှိတဲ့သူတွေမှာ ဒုက္ခဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရပြီဆိုတာတော့ အမှန်ပါပဲ။ ဗုဒ္ဓဘာသာ မြန်မာတွေရဲ့ အယူအဆနဲ့ ပြောရမယ်ဆိုရင် အဲဒီလိုဖြစ်ဖို့ ပါလာလို့ကို ဖြစ်ကြရတယ်ပေါ့။ တစ်မျိုး ထပ်ပြောရရင် ကံအကြောင်းတရားပေါ့။ အယူဝါဒ မတူတဲ့သူတွေရဲ့ စကားနဲ့ ပြောမယ်ဆိုရင် ဘုရားရိုက်တယ်၊ ဒဏ်ခတ်ခံရတယ်လို့ ဆိုရမယ် ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာ ကံဆိုတဲ့ကိစ္စကို ပြောလိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အတော်များများက ကံဆိုတာကို မမြင်နိုင်တဲ့ စွမ်းအား၊ ဖန်ဆင်းပေးနိုင်စွမ်းရှိတဲ့ အရာတစ်ခုလို့ ရှုမြင်ကြတတ်လို့ပါ။ တကယ်တော့ ကံဆိုတာ အင်မတန် ကျယ်ပြန့်ပြီး နားလည် သဘောပေါက်ဖို့ ခဲယဉ်းတဲ့အရာပါ။ ကံဆိုတဲ့ကိစ္စမှာ ကိုယ့်ဘဝရဲ့ ပေးထားချက် (ကိုယ်ရဲ့မိသားစု အသိုင်းအဝိုင်း)၊ ကိုယ့်ရဲ့အတွေး၊ အပြော၊ အပြုအမူ၊ စိတ်ခံစားချက်၊ စေတနာ၊ ဇွဲလုံ့လဝီရိယ ဆိုတာတွေလည်း ပါသလို ကိုယ့်နဲ့ ထိစပ်နေတဲ့ မိသားစု၊ အလုပ်အကိုင်၊ အဖွဲ့အစည်း စတာတွေနဲ့ ချိတ်ဆက်နေတဲ့ ကိစ္စတွေလည်း ပါ ပါတယ်။ အဲဒါကို ယေဘုယျအားဖြင့် ကောင်းတာလုပ်ရင် ကောင်းတာလာမယ်၊ ဆိုးတာလုပ်ရင် ဆိုးတာလာမယ်လို့ ဆိုနေကြတာပါ။ ကောင်းတဲ့ ပတ်ဝန်းကျင်မှာနေပြီး ကောင်းတဲ့သူတွေနဲ့ ပေါင်းရင် ကောင်းတာတွေဖြစ်ဖို့ များတယ်ဆိုတာ ငြင်းမရ နိုင်သလိုပေါ့။ ဥပမာ-မူးယစ်ဆေးစွဲနေတဲ့သူ၊ လိမ်လည် ခိုးဝှက်တတ်တဲ့သူနဲ့ တွဲသွားတွဲလာ လုပ်နေမယ်ဆိုရင် ကိုယ့်ကိုလည်း ဘိန်းစား ဒါမှမဟုတ် သူခိုး လူလိမ်လို့ပဲ ထပ်မှတ်ကြမှာ မဟုတ်လား။ 

အဲဒီတော့ အရေးကြီးတာက ဘဝရဲ့ပေးထားချက်တွေ ဘယ်လိုပုံစံနဲ့ပဲ ရထားသည်ဖြစ်စေ ကိုယ့်ရဲ့ အတွင်းစိတ်ကို ကိုယ်က အမြဲတမ်း ဆန်းစစ်တာတို့၊ ကိုယ့်ရဲ့ အပြုအမူ အပြောအဆိုတွေကို သတိကြီးကြီးထားပြီး အမြဲမပြတ် ဆင်ခြင်နေတတ်မှ ဘယ်လို ကံအကြောင်းကိစ္စတွေပဲလာလာ မှန်မှန်ကန်ကန် ပြုမူတုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။ သည်နေ့ခေတ် မြန်မာနိုင်ငံမှာ ကမ္မဋ္ဌာန်း ရိပ်သာတွေ၊ ဝိပဿနာ ရိပ်သာတွေ ပေါ်လာပြီး တရားစခန်း ဝင်ကြတယ်ဆိုတာလည်း တကယ်တမ်းတော့ ကိုယ့်ရဲ့စိတ်ကို ကိုယ်ပြန်စစ်တတ်ဖို့ သွားရောက် လေ့ကျင့်ကြရတာပါ။ ဥပမာ- ဝန်ထမ်းတွေ ဖောင်ကြီးသင်တန်း တက်သလိုပေါ့။ သင်တန်းကာလ ပြီးဆုံးသွားရင် ရလာတဲ့ အသိပညာ၊ အတတ်ပညာတွေကို လုပ်ငန်းခွင်မှာ Apply လုပ်၊ အသုံးချကြရတယ် မဟုတ်လား။ လိုရင်းကတော့ နိစ္စဓူဝ လူမှုဘဝထဲမှာ ပြော၊ ပြု၊ တွေးဆိုတဲ့ကိစ္စတွေ လုပ်တဲ့အခါ ၂၄ နာရီ ကာလပတ်လုံး ကြီးမားတဲ့ သတိတရားက ဦးဆောင်နေဖို့ပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဘယ်လိုဘာသာပဲ ကိုးကွယ်သည်ဖြစ်စေ ကိုယ့်စိတ်ကိုယ် ပြန်ဆန်းစစ်တတ်ပြီး သတိတရားနဲ့ မေတ္တာတရားကြီးမားတဲ့ နိုင်ငံသားတွေ တိုးပွားလာမှ အမှန်တကယ် အေးချမ်းသားယာတဲ့ ပတ်ဝန်းကျင် တစ်ခုကိုရမှာ ဖြစ်တဲ့အကြောင်း ယခုအယ်ဒီတာ့စကားကို ရေးလိုက်ရတာပဲ ဖြစ်ပါတယ်။ 

အယ်ဒီတာ(၇-၁၀-၂၀၁၇)

  • TAGS