News

POST TYPE

EDITORIAL

ရန်ကုန်ကပေးသည့် သီတင်းကျွတ်ကာလ အတွေးစ (Daily, Vol-5/No-151)
04-Oct-2017 tagged as

သီတင်းကျွတ်ကာလ ပထမဆုံးရက်ရှည်ရုံးပိတ်ရက် စတင်ခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့တွင် ရန်ကုန်မြို့နှင့် အခြားမြို့များအကြား ဆက်သွယ်ရေးအတွက် အထူး အရေးပါသည့် အောင်မင်္ဂလာ အဝေးပြေးဂိတ်၌ အမြို့မြို့ အနယ်နယ်သို့ ခရီးသွားကြမည့် ပြည်သူများ ကြက်ပျံမကျ တိုးမပေါက်နိုင်အောင် စည်းကားနေခဲ့သည်ကို တွေ့ရပါသည်။ ယင်းအဝေးပြေးဂိတ်ထဲမှ ထွက်မည့် ခရီးသည်တင် Express ကားကြီးများ ဂိတ်ပြင်ပသို့ရောက်ရန် ၁ နာရီခွဲ-၂ နာရီနီးပါးအထိ ကြာမြင့်ခဲ့သလို ရန်ကုန်မြို့အထွက် တိုးဂိတ် (Toll Gate) အထိ ရှည်လျားလှသည့် ကားတန်းကြီးထဲတွင် သီတင်းကျွတ်ကာလ အပန်းဖြေထွက်မည့်သူများရော၊ မိမိမွေးရပ်ဇာတိ အသီးသီးသို့ပြန်ကာ လူကြီးမိဘဆရာ သမားများကို မိမိချွေးနှဲစာထဲမှ စုစောင်းထားသမျှဖြင့် ကန့်တော့ကြမည့်သူများပါ ပါဝင်ကြပေမည်။ 

တစ်ဖက်က ကြည့်မည်ဆိုလျှင် ရန်ကုန်မြို့သည် မြန်မာနိုင်ငံသား အများစုအတွက် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း အပေါများဆုံးသော မြို့ ဖြစ်သလို ရန်ကုန်ကို မှီခိုအားထားပြီး သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် အလုပ် လာရောက် လုပ်ကြသော အနယ်နယ် အရပ်ရပ်မှ ပြည်သူမြောက်မြားစွာ ရှိနေသည်ကို တွေ့ရပါလိမ့်မည်။ အဆင့်မြင့်ပညာ လေ့လာဆည်းပူးလိုကြသော ကျောင်းသားများ၊ တေးစီးရီး ထုတ်ကာ ဂီတလောကထဲသို့ ခြေချလိုသူများနှင့် စာပေ၊ စာနယ်ဇင်းဟူသည့် မီဒီယာ လောကထဲသို့ ခြေချလိုသူများအပါအဝင် မိမိ၏ အကောင်အထည် ဖော်လိုသော အိပ်မက်များကို အကောင်အထည် ဖော်နိုင်မည့် အသိုင်းအဝိုင်း အများစုမှာ ရန်ကုန်တွင် ခေတ်အဆက်ဆက် ရှိနေခဲ့သည် မဟုတ်ပါလော။ ဘဝတိုးတက်ကြီးပွားရေးတွင် အဆင့်တစ်ခုသို့ ရောက်အောင် မြှင့်တင်ပေးနိုင်မည့် အသိုင်းအဝိုင်းကောင်းများ စုဝေးနေခြင်းကြောင့်လည်း ရန်ကုန်တွင် တစ်နေ့ထက်တစ်နေ့ ဝင်ရောက် အခြေချ နေထိုင်သူဦးရေ တိုးမြင့်လျက် ရှိနေခြင်းပင်ဖြစ်ပါသည်။ 

သို့အတွက်ကြောင့် ရန်ကုန်သူ၊ ရန်ကုန်သားဟူသည် ရန်ကုန်မှာမွေး၊ ရန်ကုန်မှာ ကြီးပြင်းသူများ သာမကတော့ဘဲ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ လာရောက်ကာ အိပ်မက် အသီးသီးကို အကောင်အထည် ဖော်နေသူများဟုပင် ဆို၍ရနိုင်သလို ရန်ကုန်ကို “အိပ်မက်တွေ အကောင်အထည်ဖော်နိုင်တဲ့မြို့”ဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ သို့သော် နောက်ထပ် ရှုထောင့်တစ်ခုမှ ပြန်ကြည့်မည်ဆိုလျှင်လည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့တော်များတွင် ရန်ကုန်လို အသိုင်းအဝိုင်းကောင်းများနှင့် အိပ်မက်များကို အကောင်အထည် ဖော်နိုင်မည့် အနေအထားမျိုး မရှိဘဲဖြစ်နေခြင်းမှာ အထူးပင် ဝမ်းနည်းစရာ ဖြစ်သည်။ စိုးရိမ်ရသည့်အဆင့်တွင်ရှိသော ရောဂါများ ကုသရသည့်ကိစ္စကအစ နိုင်ငံခြား ကုမ္ပဏီကြီးများနှင့် ပူးပေါင်းကာ ဧရာမ လုပ်ငန်းကြီးများ လုပ်ကိုင် လည်ပတ်မည့်ကိစ္စအဆုံး ရန်ကုန်ကို ရှောင်လွှဲမရနိုင်ဘဲ ဖြစ်နေခြင်းကို ကြည့်လျှင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးတွင် ကြီးမားသည့် ကွာဟမှု များရှိနေသော အချက်ကို တွေ့မြင်ရမည်ဖြစ်သည်။ ရန်ကုန်လို အခြားအခွင့်အလမ်းကြီးများ မရနိုင်သည့်တိုင်အောင် ယနေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကဲ့သို့ မှီခိုအားထားစရာ ကောင်းသည့် ကျန်းမာရေး စောင့်ရှောက်မှုမျိုး အခြား အမြို့မြို့ အနယ်နယ်တွင် အလားတူ ရှိမည်ဆိုပါက မည်မျှပင် ဝမ်းသားစရာ ကောင်းမည်ကို စာဖတ်သူများ စိတ်ကူးကြည့်ရုံနှင့် သိနိုင်ပေသည်။ သေချာသည်မှာ မြန်မာ့ဖွံ့ဖြိုးရေး အိပ်မက်ကို ရေရှည် အကောင်အထည် ဖော်သွားကြရာ၌ မညီမျှမှုများအား ညီမျှအောင် လုပ်ယူရမည့်ကိစ္စ မြောက်မြားစွာ စောင့်ကြိုလျက် ရှိနေပေသည်။ အိပ်မက်များ အကောင်အထည် ဖော်နိုင်သည့်မြို့နှင့် ရုံးပိတ်ရက် ခဏတာ ဝေးကွာသွားသူများနှင့် မိဘဆရာသမားတို့ကို ဝါကျွတ်ကာလ ကျေးဇူးဆပ်ကန်တော့လိုသူများ သာမက ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံး ဤသီတင်းကျွတ်ကာလ အခါသမယမှစ၍ မိမိအိပ်မက်ကောင်းများကို အကောင်းဆုံး အကောင်အထည် ဖော်နိုင်ကြစေကြောင်း The Voice က  ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။ 

အယ်ဒီတာ (၄-၁၀-၂၀၁၇)

  • TAGS