News

POST TYPE

EDITORIAL

လက်သည်းမဆိတ်ဘဲ လက်ထိပ်နာပြတတ်သူများ (Daily, Vol-5/No-144)
26-Sep-2017 tagged as

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ပြဿနာကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ကျယ်လောင်လှသော ဖိအားပေးသံများမှာ ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၀ ကျော်အနက် ၄၅ ဦး၏ ရုပ်အလောင်းများကို မောင်တောဒေသ၌ အမှတ်မထင် တွေ့ရှိခဲ့ရပြီးနောက် အတော့်ကိုပင် ဆိုးသွားခဲ့သည်ကို သတိပြုမိပါသည်။ ရခိုင်ပြဿနာတွင် ဘင်္ဂါလီဒုက္ခသည် တစ်စုတည်းသာလျှင် ညှဉ်းပန်းနှိပ်စက်ခံရပုံ ဖမ်းကာ Crime Against Rohingya(Bangali) ဆိုသည့်ခေါင်းစဉ်တပ်ပြီး ဆိုးဆိုးရွားရွား ဝေဖန်ခဲ့သော ဗြိတိန်အစိုးရနှင့် ကျီးအာသကဲ့သို့ ဝိုင်းအော်ခဲ့ကြသည့် မလေးရှား၊ တူရကီနှင့် အင်ဒိုနီးရှားတို့ ရခိုင်ပြည်နယ်တွင် နေထိုင်သော ဟိန္ဒူဘာသာဝင် ၉၀ ကျော်၏ ဝမ်းနည်းဖွယ် သတင်းဆိုးနှင့်ပတ်သက်၍ အသံတစ်သံမျှပင် မထွက်ဘဲဖြစ်နေကြသည်မှာလည်း လွန်စွာ အံ့အားသင့်စရာ ကောင်းသောကိစ္စပင်ဖြစ်ပေသည်။ လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ဟူသည့်ကိစ္စဆိုသည်မှာ မည်သည့်လူမျိုးဖြစ်မှ၊ မည်သည့် ဘာသာဝင်ဖြစ်မှ ရနိုင်၊ ပေးနိုင်မည့်အရာဟူ၍ သတ်မှတ်ချက် ရှိနေသောကြောင့်လောဟုပင် ၎င်းတို့ကို ပြန်မေးရမလိုဖြစ်နေပေသည်။ 

စာဖတ်သူများသိထားနှင့်သည့်အတိုင်း ရခိုင်ပြည်နယ်က ဘင်္ဂါလီ အကြမ်းဖက်အုပ်စု တိုက်ခိုက်မှုများကို မြန်မာ့တပ်မတော်က ပြန်လည် တုံ့ပြန် ကာကွယ်ပေးနေရသည့် ကိစ္စတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သည် ကြီးစွာသော စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်ခဲ့ရရုံမျှမက အသွားမတော် တစ်လှမ်းဆိုသလို အပြောအဆို၊ အပြုအမူ တစ်ချက်မှားသည်နှင့် ကမ္ဘာ့အလယ်တွင် လူဆိုးစာရင်း ဝင်တော့မည့် အခြေအနေမျိုးထဲ ရောက်အောင် ဖန်တီးခံလိုက်ရပါသည်။ နော်ဝေနိုင်ငံက ချီးမြှင့်ခဲ့သည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ ဆုတံဆိပ်များက ယခုပြဿနာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ အလွယ်တကူ ထိုးနှက်လို့ရစေသည့် အရာများဖြစ်သွားခဲ့သလို တစ်ချိန်က စစ်ဘက် အုပ်ချုပ်ရေးစနစ်ဖြင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများအပေါ် ဖိနှိပ်ခဲ့သည်ဟူသော မှတ်တမ်းများ၊ ပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့သော စစ်မက်ပဋိပက္ခတို့ကလည်း ဘင်္ဂါလီကိစ္စတွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် တပ်မတော်အပေါ် လူဆိုးတစ်ဦးသဖွယ် လွယ်လင့်တကူ ပုံဖော်ခွင့်ရသွားခြင်း ဖြစ်ပေသည်။ တစ်နည်းဆိုပါက မြန်မာနိုင်ငံရေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်အကြား ရှိခဲ့ဖူးသည့် နိုင်ငံရေး အားပြိုင်မှုဟူသော သမိုင်းကြောင်းကြီးမှာ ဘင်္ဂါလီကိစ္စတွင် ကောင်းစွာ အသုံးချ၍ ရသောအရာတစ်ခုဖြစ်သွားခြင်းပင်။

သို့အတွက်ကြောင့်လည်း ဩဂုတ်လကုန်ပိုင်းကစကာ စက်တင်ဘာ လလယ်ပိုင်းအထိ ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေးအဖွဲ့ အသီးသီးနှင့် ပြည်ပမီဒီယာ အတော်များများက ဘင်္ဂါလီကိစ္စနှင့်ပတ်သက်၍ တပ်မတော်အပေါ် ဒေါ်အောင်ဆန်းစုကြည် မလွန်ဆန်နိုင်ဘဲ ဖြစ်နေသယောင် ပြောဆိုခဲ့ကြပြီး မြန်မာနိုင်ငံကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ လမ်းကြောင်းကတစ်မျိုး၊ အခြား သံတမန်လမ်းကြောင်းများကတစ်ဖုံ ဖိအားပေးပြီး ဘင်္ဂါလီဒုက္ခသည်များကို အသိအမှတ်ပြုရန် တွန်းခဲ့ခြင်းပင်ဖြစ်သည်။ ထိုအထဲတွင် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်လည်း အထူး သတိထားရမည့်နိုင်ငံဖြစ်သည်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများ စတင်ခဲ့ပြီးနောက်တစ်နှစ် ၂၀၁၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ Dakha Tribune ဆိုသည့် သတင်းစာက ရခိုင်ပြည်နယ်ကို ယူကရိန်းပိုင် ကရိုင်းမီးယားဒေသနှင့် နှိုင်းယှဉ်ပြီး ကရိုင်းမီးယားအတိုင်း လူထုဆန္ဒခံယူပွဲရယူကာ ရုရှားနိုင်ငံနှင့် ပူးပေါင်းခဲ့သလိုမျိုး ရခိုင်တွင်လည်း ဆန္ဒခံယူပွဲလုပ်သင့်သလားဟုပင် နှပ်ကြောင်းပေးကာ ရေးသားခဲ့ဖူးသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး အီလစ်များ လွှမ်းမိုးမှုအောက်တွင်ရှိသော အဆိုပါသတင်းစာ၏ ရေးသားချက်ကိုကြည့်လျှင် ဘင်္ဂလားဒေ့ရှ်သည် ရခိုင်ပြည်နယ် တစ်ခုလုံး မဟုတ်ခဲ့လျှင်သော်မှ ဘူးသီးတောင်နှင့် မောင်တောကို မည်သို့ရှုမြင်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန် ဖြေရှင်းမည့် နည်းလမ်းများနှင့် ရေရှည် အကောင်အထည် ဖော်သွားမည့်အချက်များကို နိုင်ငံတကာ သိအောင် ချပြခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံတကာ၏ လေသံမှာ အတော့်ကိုပင် ပြောင်းလဲသွားခဲ့ကာ ဟိန္ဒူဘာသာဝင် ၉၀ ကျော်၏ သတင်း ထွက်ပေါ်လာချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ အုပ်စုများ၏ ဝေဖန်သံတစ်သံမှ ထွက်မလာခြင်းမှာ လွန်စွာစိတ်ဝင်စားစရာ ကောင်းလွန်းနေပေသည်။ ကုလသမဂ္ဂအဖွဲ့ကြီးသည်ပင် အဆိုပါ ဟိန္ဒူဘာသာဝင်များကိစ္စကို မည်သို့မျှ တုံ့ပြန်ခြင်း မရှိသေးသည်မှာ ပို၍ပင် အံ့အားသင့်စရာ ကောင်းနေပေသည်။ လူ့အခွင့်အရေးတို့၊ လူသားချင်း စာနာထောက်ထားမှုတို့ဟူသည် လူမျိုးရေး၊ ဘာသာရေး အမှန်တကယ် မခွဲခြားဘဲ စစ်မှန်သော စေတနာ၊ စစ်မှန်သော ဦးတည်ချက်တို့ဖြင့် လုပ်ကိုင်ရသော အလုပ်ဖြစ်ပြီး အကျိုးလို၍ ညောင်ရေလောင်းရသော အလုပ်မျိုး မဟုတ်သည်မှာ အားလုံး အသိပင်ဖြစ်ပေသည်။ ဆိုလိုသည်မှာ ရှုပ်ထွေးနက်နဲ လွန်းလှသည့် ရခိုင်ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အစိုးရနှင့် မြန်မာ့တပ်မတော်တို့အနေနှင့် လက်သည်း အဆိတ်မခံရဘဲ လက်ထိပ်နာပြတတ်သူများ၏ ခြေလှမ်းကို ကောင်းစွာ နားလည်သဘောပေါက်ပြီး သတိကြီးစွာဖြင့် တုံ့ပြန်တတ်ရန် အထူးလိုအပ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။

အယ်ဒီတာ (၂၆-၉-၂၀၁၇)

  • TAGS