News

POST TYPE

EDITORIAL

ပွက်လောညံနေသည့် ကမ္ဘာကြီးထဲမှာ စကားပြောဆင်ခြင်ပါ (Daily, Vol-5/No-139)
20-Sep-2017 tagged as

ယမန်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်ပြည်ထောင်စု သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံ၏ လတ်တလော နျူကလီးယား ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်များရှေ့တွင် လူမိုက်ဆန်ဆန် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ရာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဝေဖန်စရာ ဖြစ်သွားခဲ့ပေသည်။ ထရမ့်က အမေရိကနှင့် အမေရိက၏ မဟာမိတ်များကို ထိခိုက်လာမည်ဆိုပါက မြောက်ကိုရီးယားကို တိုက်ခိုက်ချေမှုန်းပစ်မည်ဟုဆိုခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကို ရော့ကက်လူသား (Rocket Man) အဖြစ်ပင် လှောင်ပြောင် ပြောဆိုသွားသည်။ မည်သည့်ကိစ္စတွင်မဆို ပွဲဆူအောင်၊ တစ်နည်းအားဖြင့် လူအများနှင့် မီဒီယာများ၏ အာရုံစိုက်ခြင်း ခံရအောင် လုပ်ပြတတ်သည့် အကျင့်စရိုက်ရှိသူ အမေရိကန် သမ္မတထရမ့်အတွက် အဆိုပါသတင်းမှာ ဖြစ်ရိုးဖြစ်စဉ်အရဆိုပါက မထူးဆန်းသည့်ကိစ္စ ဖြစ်သော်လည်း ကိုရီးယားကျွန်းဆွယ်တင်းမာမှု ပေါက်ကွဲလုနီးပါး ဖြစ်နေချိန်တွင်မူ အင်အားကြီး နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးအနေနှင့် ယခုလိုပြောဆိုမှုမှာ မိုက်မဲလွန်းရာ ရောက်သည်ဟုပင် ဆိုရပေသည်။

ယခုခေတ်ကာလသည် အစွန်းရောက်တတ်သူများ၊ အစွန်းရောက်ချင်သူများနှင့် အစွန်းရောက်ဝါဒီဖြန့်ဝေသူများ ခေါင်းထောင်လာသည့် အနေအထားထဲတွင်ရှိရာ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ပုံစံဖြင့်သော်လည်းကောင်း၊ မျိုးချစ်စိတ် ပြည့်ဝသည့်ပုံစံဖြင့်သော်လည်းကောင်း လက်ညှိုးငေါက်ငေါက်ထိုးကာ ပြုမူပြောဆိုတတ်သည့် ခေါင်းဆောင်များလည်း ယခင်ခေတ်ကာလကထက် များပြားလာသည်ကို သတိပြုမိပါသည်။ မကြာသေးခင် စက်တင်ဘာ လဆန်းပိုင်းကလည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လူ့အခွင့်အရေးအဖွဲ့များ အနေနှင့် သူ့ကို ပြစ်တင်ဝေဖန်နေမည့်အစား မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ သွားရောက် ဝေဖန်ကြရန် မဆင်မခြင် ပြောဆိုခဲ့သေးသည်။ အငြင်းပွားဖွယ် မူးယစ်ဆေးဝါး နှိမ်နင်းရေးစီမံချက်အတွင်း ဖိလစ်ပိုင်ပြည်သူ ထောင်နှင့်ချီကာ သေဆုံးခဲ့ရမှုအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုခဲ့သည်များကို ဒူတာတေးက ယင်းသို့ ခပ်လွယ်လွယ် လက်ညှိုးထိုး တုံ့ပြန်လိုက်ခြင်းပင်ဖြစ်သည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မြောက်ကိုရီးယားခေါင်းဆောင်ကို “အရူး”ဟုပင် ဒူတာတေးက ပြောဆိုခဲ့ဖူးသည်။

ထို့ပြင် ယနေ့ကမ္ဘာသည် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကို ဆန့်ကျင်သည့် အင်အားစုများ သာမက အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူ့အခွင့်အရေးကိစ္စကိုပင် သံသယ ဝင်လာသည့် အမျိုးသားရေး အင်အားစုများ အားကောင်းလာပြီး အမေရိကန် အပါအဝင် ဆူပါပါဝါနိုင်ငံကြီးများမှ နိုင်ငံရေးသမားများက ပြည်တွင်း အမျိုးသား အကျိုးစီးပွား ကာကွယ်ရေးကို ရှေ့တန်းတင် ပြောဆိုလာချိန်ဖြစ်ရာ နိုင်ငံများ အချင်းချင်း၊ ခေါင်းဆောင်များ အချင်းချင်း ဆက်ဆံရေးတွင် မိတ်ဆွေထက် ရန်သူပေါများစေမည့် အခွင့်အရေးက ပိုများနေပေသည်။ စကားတစ်ခွန်းမှားရုံနှင့် သံတမန် ဆက်ဆံရေးကအစ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အခန်းကဏ္ဍများကို ထိခိုက်နိုင်သလို အခန့်မသင့်လျှင် နိုင်ငံအချင်းချင်း စစ်မက်ကြီးများပင် ထဖြစ်နိုင်သည့် အနေအထားမျိုး ဖြစ်ပေသည်။ တစ်ဆက်တည်းပင် မိမိနိုင်ငံသား အများစု ကြားချင်သည့်စကားဖြစ်သော်ငြား မပြောသင့်၊ မပြောအပ်သော စကားဖြစ်ပါက မပြောဘဲနေလိုက်ခြင်း သည် မိမိနိုင်ငံသားများကို အကောင်းဆုံး နည်းလမ်းဖြင့် စောင့်ရှောက်ခြင်း ဖြစ်သည်ဟု စက်တင်ဘာ ၁၉ ရက်နေ့ မိန့်ခွန်းကို ဤနေရာမှ အသိအမှတ်ပြု ဖော်ပြလိုပါသည်။ စကားဟူသည် ဒီမိုကရေစီစနစ် ကျင့်သုံးသည်ဖြစ်စေ၊ ဆိုရှယ်လစ်စနစ် ကျင့်သုံးသည်ဖြစ်စေ၊ ကွန်မြူနစ်စနစ် ကျင့်သုံးသည်ဖြစ်စေ ပန်းတိုင်ဟူသည် အဆုံးမရှိသော ခရီးလမ်းကို ခေတ်အဆက်ဆက် မျိုးဆက် တစ်ခုချင်းစီအလိုက် ဆက်လျှောက်ကြရမည်ဖြစ်ရာ ခေါင်းဆောင်များအနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရာတွင် ပြောသင့်ပြောထိုက်သည့် စကားကို ပြောသင့်ပြောထိုက်သည့်အချိန်တွင် အသိဉာဏ်နှင့် မေတ္တာတရားကို အခြေခံကာ ပြောဆိုနိုင်မှသာလျှင် မိမိနိုင်ငံသာမက အခြားနိုင်ငံများ၏ အကျိုးစီးပွားကိုပါ စောင့်ရှောက်ရာ ရောက်မည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်သည်။ 

အယ်ဒီတာ (၂၀-၉-၂၀၁၇)

  • TAGS