News

POST TYPE

EDITORIAL

ဂျာမန်အကျင့်စရိုက်ကပေးတဲ့ တွေးစရာတချို့ (Daily, Vol-5/No-135)
16-Sep-2017 tagged as

ယနေ့ကမ္ဘာမှာ အင်ဂျင်နီယာအတတ်ပညာနဲ့ပတ်သက်တဲ့ သမိုင်းကြောင်းကို လေ့လာကြည့်မယ် ဆိုရင်သော်လည်းကောင်း၊ စက်ယန္တရား အမျိုးမျိုး တီထွင်ဆန်းသစ်တဲ့ ကမ္ဘာကျော် အကြီးစားစက်မှု လုပ်ငန်းကြီးတွေကို လေ့လာကြည့်မယ် ဆိုရင်သော်လည်းကောင်း ဥရောပဒေသက ဂျာမနီနိုင်ငံဟာ ယခင်ကလည်း ထိပ်ဆုံးနေရာမှာ ရှိခဲ့သလို ယခုလည်း ထိပ်ဆုံးနေရာမှာရှိဆဲဆိုတာ အင်ဂျင်နီယာ လောကသားတွေသာမက စက်မှုသမိုင်းကြောင်း စိတ်ဝင်စားသူအားလုံး နားလည် လက်ခံထားကြပြီး ဖြစ်ပါလိမ့်မယ်။

ဂျာမန်တွေရဲ့အင်ဂျင်နီယာ အတတ်ပညာ (German Engineering) အံ့မခန်း ဖြစ်ရတဲ့အကြောင်းနဲ့ ဘာ့ကြောင့် ဂျာမန်အင်ဂျင်နီယာ အတတ်ပညာဟာ ရှေ့ဆုံးက ပြေးနေလဲဆိုတာကိုလည်း အင်ဂျင်နီယာ လောကသာမက စက်ယန္တရားတွေအကြောင်း စိတ်ဝင်စားသူတွေအကြား သည်ကနေ့အထိ ငြင်းခုံမှုတွေ အမျိုးမျိုး လုပ်နေဆဲဖြစ်တာကိုလည်း စက်မှုသမိုင်းကြောင်း စိတ်ဝင်စားသူအားလုံး သိထားပြီး ဖြစ်ပါတယ်။

စက်ဘီးတစ်စီးကအစ၊ မော်တော်ကား အလယ်၊ သင်္ဘောနဲ့ လေယာဉ်ပျံ အင်ဂျင်အဆုံး ဂျာမနီကထုတ်တဲ့ အရာဆိုလျှင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေကအစ စီးပွားရေး လုပ်ငန်းတွေနဲ့ နိုင်ငံသားတွေ အတော်များများ စိတ်ချလက်ချ နောက်လှည့်မကြည့်ဘဲ အသုံးပြုရဲကြတာကို ကြည့်မယ်ဆိုရင် ဂျာမန်အင်ဂျင်နီယာပညာ၊ တစ်နည်းအားဖြင့် ဂျာမန်လူမျိုး တွေရဲ့ အလုပ်အပေါ် ဘယ်လောက်အထိ စိတ်ချယုံကြည်ထားသလဲဆိုတာ ပေါ်လွင်နေပါတယ်။

ဒါကြောင့်လည်း ပုံနှိပ်စက်၊ မော်တော်ကား၊ သင်္ဘော အစရှိတဲ့ စက်ယန္တရား ပစ္စည်းတွေသာမက လူကြီး၊ ကလေးအရွယ်စုံ စားတတ်တဲ့ သကြားလုံးစတဲ့ အမှတ်တံဆိပ်တွေမှာ “Made In Germany”ဟူသည့် စာတန်းဟာ ဘယ်နိုင်ငံမှာလုပ်တယ်ဆိုတဲ့ အသိပေးစာသက်သက် မဟုတ်တော့ဘဲ အာမခံ Certificate တစ်ခုသဖွယ်အထိ ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်လာခဲ့တာပါ။ ခေတ်စနစ်ကြောင့်၊ ကုန်သွယ်ရေး အဟန့်အတားတွေကြောင့်၊ ငွေကြေး အခက်အခဲကြောင့် ဂျာမန်နည်းပညာ၊ ဂျာမနီထုတ် စက်ပစ္စည်းတွေနဲ့ အလှမ်းဝေးခဲ့တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ကတော့ ဂျာမန်အင်ဂျင်နီယာ အတတ်ပညာနဲ့ ဂျာမန်တွေရဲ့ အလုပ်အပေါ် ထားတတ်တဲ့ စိတ်နေသဘောထား၊ လုပ်ငန်းခွင်ကျင့်ဝတ်နဲ့ စစ်မှန်တဲ့ မျိုးချစ်စိတ်ကို နားလည်ဖို့ ခက်ခဲပါလိမ့်မယ်။

ဂျာမန်ဟု ဆိုလိုက်သည်နှင့် အများစု သိကြတာဟာ ကမ္ဘာကို ဒုက္ခအမျိုးမျိုးပေးခဲ့တဲ့ နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာနဲ့ နာဇီစစ်ဗိုလ်၊ စစ်သားတွေလောက်ပဲ သိတဲ့သူက များကြပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်၊ မြန်မာရုပ်ရှင် ပရိသတ်ရဲ့ အသည်းစွဲ ဟောလိဝုဒ်က ရိုက်ကူးထုတ်လုပ်တဲ့ ရုပ်ရှင်အတော်များများဟာလည်း နာဇီဂျာမန်တွေ မကောင်းကြောင်း နည်းမျိုးစုံနဲ့ ရိုက်ကူးတင်ဆက်တဲ့ ဇာတ်ကားတွေပဲ များတယ်မဟုတ်လား။ တကယ်တော့ ဂျာမနီဟာ တစ်ချိန်က ဟစ်တလာ ခေါင်းဆောင်တဲ့ အာဏာရ နာဇီပါတီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပျက်စီးသွားတဲ့ တိုင်းပြည်ရဲ့ ပုံရိပ်သာမက သူတို့လူမျိုးတွေရဲ့ အကျင့်စရိုက်ကိုပါ အကောင်းဆုံးဖြစ်အောင် ပြုပြင်နေတဲ့နိုင်ငံ တစ်နိုင်ငံဆိုလည်း မမှားပါဘူး။ သည်းခံတရားရယ်၊ နှိမ့်ချတတ်တဲ့ စိတ်ဓာတ်ရယ်ပေါင်းပြီး ဒုတိယကမ္ဘာစစ် နောက်ပိုင်း ကမ္ဘာ့အသိုင်းအဝိုင်းထဲမှာ နေရာတစ်ခုရအောင် လုပ်ခဲ့တဲ့နိုင်ငံဟာ အခုဆိုလျှင် အီးယူနိုင်ငံတွေထဲမှာ စီးပွားရေး အတောင့်တင်းဆုံး အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။

သူတို့ရဲ့ နိုင်ငံတော်အစိုးရဟာ အဲဒီလိုဖြစ်လာဖို့ အင်ဂျင်နီယာ ပညာရပ်အတွက် သာမက နယ်ပယ်အသီးသီးအတွက် သုတေသန လုပ်ငန်းတွေမှာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး မြှုပ်နှံခဲ့လို့လည်း အမေရိကန်နဲ့ မဟာမိတ် လေယာဉ်တွေ ပြားပြားဝပ်အောင် ဗုံးကြဲခဲ့လို့ ပြာပုံဘဝ ရောက်တဲ့ အနေအထားကနေ အခုလို အခြေအနေမျိုး ရောက်လာတာတာပဲဖြစ်ပါတယ်။ အလုပ်ချိန်မှာ ဘေးကလုပ်ဖော် ကိုင်ဖက်နဲ့ အာလာပ သလ္လာပ ပြောဖို့နေနေသာသာ၊ ဆေးလိပ်တစ်လိပ်၊ ကော်ဖီ တစ်ခွက်တောင် ထွက်မသောက်ရုံမက၊ ကိုယ်ရေးကိုယ်တာ တယ်လီဖုန်းကိုတောင် လက်ခံစကား မပြောတတ်တဲ့ အကျင့်စရိုက်၊ တစ်ဖက်သားပြောတဲ့ စကားကို အာရုံစူးစိုက် နားထောင်တတ်ပြိး ၁၀ဝ ရာခိုင်နှုန်း နားလည်သဘောပေါက်အောင် စူးစမ်းလေ့လာတတ်တဲ့စရိုက်၊ တစ်ဖက်သားအမှား လုပ်နေသည်ကို အားမနာတမ်း တည့်မတ်ပေးတတ်တဲ့ စရိုက်တွေက အာကသသိပ္ပံ၊ ဆေးပညာ၊ အင်ဂျင်နီယာ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ အားကစားစတဲ့ နယ်ပယ်တွေမှာ ပြာပုံဘဝကနေ ဘယ်နိုင်ငံရဲ့ မျက်နှာကိုမှ ကြည့်စရာမလိုတဲ့ ဘဝရောက်လာအောင် လုပ်ပေးခဲ့တယ်ဆိုရင် မမှားပါဘူး။ ဂျာမန်တွေဟာ အလုပ်ချိန် အများကြီး မလုပ်တတ်ကြပါဘူး၊ သူတို့ဟာ သူတို့လုပ်တဲ့ အလုပ်ချိန်မှာ စိတ်ရော၊ ကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်တတ်ကြရုံသက်သက်ပါ။ ဖွံ့ဖြိုးမှု၊ တိုးတက်မှု စတာတွေနဲ့ မြန်မာ့ ဂုဏ်မြှင့်တင်ချင်ပါတယ် ဆိုတဲ့သူတွေ အနေနဲ့လည်း ကိုယ့်အလုပ်မှာ ကိုယ်ဘယ်လောက်ထိ စိတ်ရော၊ ကိုယ်ပါနှစ်မြှုပ်ပြီး အလုပ်လုပ်ကြမလဲဆိုတာ သတိထား ဆင်ခြင်မိစေဖို့ ယခုအယ်ဒီတာ့စကားကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

အယ်ဒီတာ (၁၆-၉-၂၀၁၇)

  • TAGS