News

POST TYPE

EDITORIAL

တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိမှ အမိန့်ထုတ်ပါ (Daily, Vol-5/No-133)
13-Sep-2017 tagged as

“ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်း”

နေခြည်မှာ ရွှေရည်လောင်းသည့် စာသင်ကျောင်းများတွင် စာအံသံတွေ တိတ်ဆိတ်နေခဲ့ရပြီ။ အကြမ်းဖက်သမားများကြောင့် ကျောင်းတွေ ပိတ်ခဲ့ရသည်။ မငြိမ်းချမ်းမှုကြောင့်၊ ခြိမ်းခြောက်မှုများကြောင့်၊ စိုးရိမ်ထိတ်လန့်ရမှုများကြောင့် ကလေးတွေလည်းပြေး၊ ဆရာတွေလည်းပြေး ကျောင်းနှင့် ဝေးခဲ့ကြရသည်။ ပညာရေးဆိုသည်မှာ စိုးရိမ်စိတ်များ၊ ကြောက်ရွံ့စိတ်များ၊ သောကများကြားတွင် ကောင်းစွာ ဖွံ့ဖြိုးနိုင်ပါမည်လား အားလုံး ခန့်မှန်းနိုင်ပါသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထိုအထဲတွင် မိဘ၊ ဆရာ၊ ကျောင်းသားပြည်သူ အားလုံး ပါဝင်ကြသည်။ ပညာရေးဆိုသည့် လုပ်ငန်းစဉ်ကြီးတစ်ခုတွင် ဆရာတစ်ယောက်တည်း စာသင်၍မရ။ ကျောင်းသားချည်းသက်သက် ပညာသင်နိုင်သည့်ခေတ် မဟုတ်သေး။ ရပ်ကွက်ကျေးရွာများရှိ မိဘများ အထောက်အပံ့ဝေးလျှင် ပိုဆိုးသည်။ ထို့ထက်ပိုဆိုးသည်က ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး ဖြစ်သည်။ 
မောင်တောဒေသတွင် လုံခြုံရေးကို ထိန်းချုပ်လာနိုင်ပြီဟုဆိုသည်။ ထို့ကြောင့် တိမ်းရှောင်နေသော မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များမှ ဆရာ၊ ဆရာမများကို ပြန်လာကြရမည်။ စက်တင်ဘာ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး မိမိတို့တာဝန်ကျရာ ကျောင်းများကို ပြန်လာရမည်၊ ပျက်ကွက်လျှင် အရေးယူမည်ဆိုသည့် အမိန့်တွေကို ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်ခဲ့ကြောင်း သတင်းတွေ ထွက်လာသည်။

ဝန်ထမ်းထဲတွင် နာသုံးနာနှင့် လုပ်နေကြရသော ဆရာ၊ ဆရာမများ ဘဝကို နားလည်ကြမည် ထင်ပါသည်။ တိုင်းပြည်အတွက် အရေးကြီးသော မည်သည့်လုပ်ဆောင်မှုမျိုးတွင်မဆို ရှေ့တန်းကထွက်ပြီး တာဝန်ယူရသူများ ဖြစ်သည်။ ရွေးကောက်ပွဲ၊ သန်းခေါင်စာရင်း စသည့်ကိစ္စများပါမကျန် သူတို့၏ အခန်းကဏ္ဍသည် အရေးပါသည့် နေရာများတွင် ရှိနေသည်။ ဆရာ၊ ဆရာမများသည် ခါးတကယ်မတို့မီကတည်းက ယားတယ်လို့ တွန့်နေသူများ ဖြစ်ပါသည်။ ကိုယ့် တပည့်ကိုယ့်ကျောင်းအတွက်ဆိုလျှင်ကား ပြောဖွယ်ရာမရှိ။ ပြောစရာလည်း မလိုဟုထင်ပါသည်။ မည်သည့်ဆရာမဆို ခေါင်းရှောင်နေမည့်သူများ မဟုတ်ပါ။ တာဝန်အကြောင်း ကောင်းစွာ သိပါသည်။

နယ်မြေဒေသ တစ်ခုတွင် မနေသင့်သောကြောင့် ပြေးခဲ့ကြရသည်။ တောတွေ တောင်တွေထဲ ပုန်းအောင်းခဲ့ကြရသည်။ စိုးရိမ်ထိတ်လန့်စွာဖြင့် ကျော်ဖြတ်ခဲ့ရသည့်အချိန်တွေကို အထက်ပိုင်းတွင် ရှိနေသူများ ကိုယ်ချင်းစာကြည့်စေချင်ပါသည်။ ကိုယ့်လည်ပင်းကို အချိန်မရွေး လာဖြတ်ပြီး သတ်မည်ဟု ခြိမ်းခြောက်နေမှုများ အမှန်တကယ် ကင်းစင်ပြီလား။ မည်သူက အာမခံပေးမည်နည်း။ တာဝန်ယူပေးမည်နည်း။

လက်ထဲတွင် မြေဖြူခဲလေးတစ်ခဲဖြင့် ဘဝကို ထုဆစ်နေကြရသူများ ဖြစ်ပါသည်။ မြို့ပေါ်က ဆရာများလို ရခိုင်ပြည်နယ် မောင်တောဒေသဘက်တွင် တာဝန်ကျနေသည့် ဆရာများသည် ကြော့ကြော့လေး စာသွားသင်နိုင်ကြသူများ မဟုတ်ပါ။ သူတို့ရော သူတို့တပည့်လေးတွေပါ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးကို အမှန်တကယ် အာမခံချက် ပေးနိုင်ပြီလား။ တာဝန်ယူနိုင်ပြီလား။ 

အမိန့်ဆိုတာရှိသလို၊ တာဝန်ခံမှု၊ တာဝန်ယူမှုလည်း ရှိရပါသည်။ စားပွဲပေါ်က အမိန့်ထိုင်ထုတ်ပြီး မိမိတာဝန်သာ ဖြစ်သည်ဆိုသော ခေါင်းဆောင်မှုမျိုးအောက်တွင် တိုင်းပြည် နွံနစ်နေခဲ့ရသည်မှာ ကြာခဲ့ပါပြီ။ “တက်”ဆိုပြီး နောက်တွင်ကျန်ခဲ့သည့် ခေါင်းဆောင်မျိုး မလိုချင်ပါ။ “ငါ့နောက်လိုက်ခဲ့”ဟု ရှေ့ဆောင်ပြီး တာဝန်ယူကာ ခေါ်ဆောင်သွားမည့် ခေါင်းဆောင်မျိုးကို လိုချင်ပါသည်။ 

အယ်ဒီတာ (၁၃-၉-၂၀၁၇)

  • TAGS