News

POST TYPE

EDITORIAL

အစိုးရ၏ ရခိုင်အရေးဖြေရှင်းမှုကို ထောက်ခံ၊ အစိုးရနှင့် တစ်သားတည်း ရပ်တည်မည်ဟု ၈၈ ငြိမ်းပွင့်ပြော
ရန်ကုန်၊ စက်တင်ဘာ ၁၃

ဘူးသီးတောင် မောင်တောဒေသရှိ အကြမ်းဖက်မှုဖြစ်ရပ်များအပေါ် အစိုးရ၏လုပ်ဆောင် ဖြေရှင်းချက်များကို ထောက်ခံကြောင်းနှင့် အဖွဲ့အနေနှင့်လည်း အစိုးရနှင့် တစ်သားတည်း ရပ်တည်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက စက်တင်ဘာလ ၂ ရက်မှ ၁၁ ရက်အထိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောရှိ အကြမ်းဖက်ခံ ပြည်သူများထံ သွားရောက်ကာ စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးခြင်း၊ မြေပြင်အခြေအနေများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ သမ္မတ ဦးထင်ကျော်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ တသားတည်း ရပ်တည်သွားမယ်ဆိုတာ ပြောချင်ပါတယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အားကောင်းဖို့ ပြည်သူတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ပြည်သူတစ်ရပ်လုံးက အစိုးရရဲ့နောက်မှာ တစ်သားတည်း ရပ်တည်ဖို့လိုပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ကြိုးစားနေရာတွင် ပြည်သူများက အစိုးရကို တစ်စုံတစ်ရာ အခက်အခဲ ဖြစ်ပေါ်စေပြီး အင်အားချည့်နဲ့အောင် ဝိုင်းပြီး ဆောင်ရွက်ပါက မှားယွင်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလားတူ ဦးမင်းကိုနိုင်က “လက်ရှိ အခြေအနေက ချစ်ခြင်းမုန်းခြင်းတွေ ခွာချပြီး တကယ် ကျောချင်းကပ်ရမှာ။ တိုင်းပြည်ကို ဖြူဖြူစင်စင် အကျိုးရှိစေချင်တဲ့သူဆို တကယ် ကျောချင်းကပ်မှာပဲ။ တကယ်ကို အစွဲတွေကင်းကင်းနဲ့ ကာကွယ်ကြရမယ့်အချိန်။ နိုင်ငံတကာမှာ ဝါဒဖြန့်ချိတာ ခံထားရတာကိုက ကျွန်တော်တို့တွေကပဲ အနိုင်ကျင့်သလို ပုံဖော်ခံထားရတဲ့အချိန်မှာ ကျွန်တော်တို့က နောက်ထပ် နောက်ထပ် ပိုအားကောင်းစေမယ့် အရာတွေကို  ဘယ်သူမှ မိုက်မိုက်မဲမဲ မဖန်တီးပါနဲ့။ ဖန်တီးရင်လဲ ကျွန်တော်တို့ လက်မခံပါဘူး။ ကျွန်တော်တို့ အစွမ်းရှိသမျှ ကာကွယ်သွားမှာပါ။ ဒါက ကျွန်တော်တို့ သဘောထားပါပဲ”ဟု ၎င်း၏သဘောထားကို ထပ်လောင်း ပြောကြားခဲ့သည်။

ဘူးသီးတောင်၊ မောင်တောဒေသများတွင် အကြမ်းဖက်ခံရမှုများကြောင့် သုံးရာခိုင်နှုန်းခန့်ရှိသည့် မြို၊ သက်၊ မရမာကြီး စသည့် တိုင်းရင်းသား လူမျိုးစုများနှင့် ဘင်္ဂါလီလူမျိုးများလည်း အတူတူပင် ဒုက္ခရောက်နေသည့် အခြေအနေများရှိနေပြီး အချို့သော မီဒီယာများက တိုင်းရင်းသား လူနည်းစုများ၏ နစ်နာမှုများကို ဖော်ပြခြင်းမရှိကြောင်း ယင်းဒေသသို့ သွားရောက်ခဲ့သည့် ၈၈ ငြိမ်းပွင့်အဖွဲ့ဝင် မနီလာသိန်းက ပြောကြားသည်။

အဖွဲ့ဝင်များအနေဖြင့် ကူညီကယ်ဆယ်မှုများပြုလုပ်မည့် ကျေးရွာများသို့ သွားရာလမ်းများတွင် ဆွဲမိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးပြီး အချို့သော ကျေးရွာများသို့ လုံခြုံရေး အခက်အခဲများကြောင့် သွားရောက်ခွင့် မရခဲ့ကြောင်း အဖွဲ့ဝင်မမီးမီးက ပြောသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ လုံခြုံရေးထက် နယ်မြေရှင်းလင်းရေးကိုသာ လုပ်ဆောင်နေရသောကြောင့် ပြည်သူများအတွက် စိတ်ချရသည့် လုံခြုံမှုအခြေအနေကို ပေးနိုင်ခြင်း မရှိနေကြောင်း ၎င်းက ဆိုသည်။

“ပြည်သူတွေက သူတို့ရှေ့မှာ မားမားမတ်မတ်လုပ်ဖို့ လိုချင်တယ်။ ဒါပေမဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရွာထဲကို ပြဿနာ တစ်စုံတစ်ရာ မရှိအောင် ကာကွယ်ပေးတဲ့ အနေအထားထက် ရွာထဲကို သေနတ်နဲ့ပစ်သွားတာတွေကို နောက်ကနေ နယ်မြေရှင်းလင်းရေးတွေ လုပ်နေရတာကို တွေ့ရတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့က လုံခြုံမှု မရှိဘူးလို့ ခံစားရတယ်။ ဒါကြောင့် တခြား မြို့ပေါ်တွေကို ပြောင်းရွှေ့ရတယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

၈၈ ငြိမ်းပွင့်မှ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးမင်းကိုနိုင်က အစိုးရအနေနှင့်​ အကြမ်းဖက်​သမားများကို ကာကွယ်​နိုင်ရန်​ နိုင်​ငံသူ နိုင်​ငံသားများအတွက်​ လုံခြုံ စိတ်​ချရသည့်​ အ​နေအထားကို ဖန်​တီး​ပေးရမည်​ဖြစ်ပြီး အကြမ်းဖက်​မှုများ လုံခြုံ​ရေး အဖွဲ့များနှင့်​ ပြည်​သူလူထု ပူးပေါင်းကာ ကြိုတင်​ ကာကွယ်​မှုများ ပြုလုပ်​ရန်​ လိုအပ်​ကြောင်း အကြံပြုပြောဆိုသည်။

“ဒီဟာက ဘာသာ​ရေး လူမျိုး​ရေး ပြဿနာ မဟုတ်​ဘူး။ ခိုးဝင်​လာတဲ့ လူဝင်​မှု ကြီးကြပ်​​ရေး ပြဿနာ။ အကြမ်းဖက်​​နေတဲ့ပြဿနာ။ အဲ့ဒီဒဏ်​ကို ခံစား​နေရတာကို ​ဖြေရှင်းရင်းနဲ့ လူမှုဒုက္ခ​တွေ​ရောက်​​နေတာ။ ကမ္ဘာ့ပထဝီနိုင်​ငံ​ရေးနဲ့ကြည့်​ရင်​ ကျွန်​​တော်​တို့နိုင်​ငံက သိပ်​ပြီး​တော့ အ​ရေးကြီးတဲ့ အချိန်​​နေရာကို ​ရောက်​​နေတဲ့အတွက်​ ကျွန်​​တော်​တို့ အ​မျှော်​အမြင်​နဲ့စုပြီး ကာကွယ်​ဖို့ လိုပါတယ်”ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

ထို့ပြင် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်​​ပေါ်​နေသည့်​ သတင်းများကို အချိန်​နှင့်​တစ်​ပြေးညီ ပြည်သူများထံသို့ အသိ​ပေးမှုများ ပြုလုပ်ပြီး အကြမ်းဖက်မှုကို ကျူးလွန်သူများကို ထိ​ရောက်သည့်​ အ​ရေးယူမှု ပြုလုပ်​​ပေးရန်​နှင့် ပွင့်​လင်းသည့်​ သတင်းအချက်​အလက်​များ ဖြန့်​ဝေကာ ပြည်​သူများ စု​ပေါင်းပါဝင်​နိုင်​မည့်​အချက်​များနှင့်​ နည်းလမ်းများကို ပွင့်​လင်းစွာ အသိ​ပေးရန်​ လိုအပ်​ကြောင်း ပြောကြားခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး (စမ်းချောင်း)၊ ဒေါ်နီလာသိန်းနှင့် ဒေါ်မီးမီး စသူတို့က မြေပြင် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

J-09