POST TYPE

EDITORIAL

ကာလုံ ခေါ် ခေါ် မခေါ် ခေါ်
12-Sep-2017 tagged as ရခိုင်အရေး

ဩဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ပွဲနှစ်ပွဲ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ တစ်ပွဲကတော့ အမှန်တကယ် စစ်မြေပြင်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲဖြစ်ပြီး နောက်တစ်ပွဲကတော့ Online ပေါ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲဖြစ်ပါတယ်။ Online ပေါ်မှာလည်း Hacker လို့ခေါ်တဲ့ ပညာရှင် အချင်းချင်း ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတို့ ရှိကြပါတယ်။ ပညာရှင်တွေ အချင်းချင်းဖြစ်ကြတဲ့ နည်းပညာတိုက်ပွဲကတော့ နိုင်ငံတကာနဲ့ဖြစ်ကြတာဖြစ်ပြီး ကိုယ့်ဉာဏ်ပညာအဆင့်နဲ့ မမီတဲ့အတွက် ဒီဆောင်းပါးမှာ မဆွေးနွေးတော့ပါဘူး။

မြေပြင်မှာဖြစ်နေတဲ့ စစ်ဆင်ရေးတွေကလည်း တောထဲတောင်ထဲမှာသာမက မြို့ထဲ ရွာထဲမှာပါ ဖြစ်နေကြတဲ့အတွက် ရန်သူမိတ်ဆွေ ခွဲခြားရခက်ခဲပြီး မည်းမည်းမြင်ရာ ပစ်လို့မရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ပိုလို့ဆိုးတာက ကြိုတင်ပြင်ဆင်ထားတဲ့ ရန်သူအနေနဲ့ အနောက်မီဒီယာတွေရဲ့အားကိုယူပြီး သတင်းမှားတွေကို ထုတ်ပြန်ကြတဲ့အတွက် အနောက် မီဒီယာတွေက ထုတ်လွှင့်တဲ့ သတင်းမှားတွေကိုသာ သိကြရတဲ့ အနောက် အစိုးရတချို့ကလည်း မြန်မာအစိုးရက ဘာသာမတူ လူနည်းစုတွေကို တိုက်ခိုက်သတ်ဖြတ်နေတဲ့ သတင်းတွေအပေါ် အခြေခံပြီး မြန်မာအစိုးရအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ဆိုပြီးတော့ ပြောဆိုနေကြတာတွေကို တွေ့ရပါတယ်။

ဒီလို အချိန်/အခြေအနေမျိုးမှာ ပြည်တွင်းမှာ ရှိကြသူတွေအနေနဲ့ အချင်းချင်း စိတ်ဝမ်းကွဲပြီး တစ်ဦးကိုတစ်ဦး အပြစ်တင်၊ အပုပ်ချနဲ့ လေကြောင်း တိုက်ပွဲဆင်နွှဲနေကြတာကိုလည်း တွေ့မြင်ဖတ်ရှုနေကြပါတယ်။ အရင်တုန်းက လူတွေက ဘာလုပ်ခဲ့လို့/ ဘာမလုပ်ခဲ့လို့ စတာတွေအပြင် လက်ရှိ အခြေအနေမှာရော ဟိုလိုမလုပ်ဘူးလား၊ ဒီလိုမလုပ်ဘူးလား ဆိုပြီး ပြောနေ၊ ရေးနေကြတာတွေကိုလည်း တွေ့မြင်ဖတ်ရှုနေရပါတယ်။ အဲဒီအထဲမှာ မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် မသတ်မှတ်ဘူးလား၊ ကာ/လုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး မခေါ်ဘူးလားဆိုတဲ့ ပြောဆိုရေးသားမှုတွေကိုလည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ သာမက နေ့စဉ်ထုတ် သတင်းစောင်တွေရဲ့ စာမျက်နှာတွေပေါ်မှာ ရေးသားနေကြတာကိုလည်း တွေ့မြင်နေရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့လည်း နိုင်ငံတော်သမ္မတက ဘူးသီးတောင်နဲ့ မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းနဲ့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့က ပြောကြားခဲ့တဲ့အတွက် ဝေဖန်ပြောဆိုသံတစ်ခု တိတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ မောင်တောဖြစ်စဉ် စတဲ့အချိန်ကနေ ယခုအချိန်အထိ အသံမတိတ်သေးဘဲ တောင်းဆိုနေတာကတော့ ကာ/လုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ ကိစ္စပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်ပြတောင်းဆိုခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီကိစ္စဟာ လွှတ်တော်ရဲ့လုပ်ပိုင်ခွင့် မဟုတ်ကြောင်းနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း ပြန်ကြားခဲ့ပြီး အဆိုကို ခွင့်မပြုခဲ့ပါဘူး။

၂၀ဝ၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၁ မှာ “အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြဋ္ဌာန်းထားပါတယ်။ ပြဋ္ဌာန်းချက်မှာ ဖော်ပြထားတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရသော်လည်းကောင်း ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရန် နိုင်ငံတော်သမ္မတက ဦးဆောင်ပြီး အဖွဲ့ဝင်များအဖြစ် ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး စသူတို့ပါဝင်တဲ့ ကာ/လုံ အဖွဲ့ကို ဖွဲ့စည်းတယ်လို့ ဆိုပါတယ်။

အဲဒီမှာဖော်ပြထားတာကတော့ “ခြေ/ဥနဲ့ ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရန်”ဆိုပြီး ဖော်ပြထားပါတယ်။ ဒါပေမဲ့ ယနေ့တိုင် ကာ/လုံနဲ့ပတ်သက်လို့ ဆောင်ရွက်ရမယ့်တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတစ်ရပ် မရှိသေးပါဘူး။ ဒါပေမဲ့ ခြေ/ဥပုဒ်မ ၂၁၃ မှာတော့ “နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အား ကျူးကျော် တိုက်ခိုက်ခြင်းခံရလျှင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်”လို့ ပြဋ္ဌာန်းထားပါတယ်။

ဆိုရရင်တော့ ဒီနေ့ ကာ/လုံမှာပါဝင်တဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အားလုံးဟာ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်မှာပဲ တစည်းတလုံးတည်း ရှိနေကြပြီးတော့ ပြဿနာ စတင်ဖြစ်ပွားတာနဲ့တစ်ပြိုင်နက် အချင်းချင်း တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခြင်း၊ လူချင်းတွေ့ဆုံပြောဆိုခြင်း ပြုလုပ်ကြမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။ ဘယ်သူကမှ ဒီကိစ္စ ငါနဲ့မဆိုင်ဘူးဆိုပြီး မျက်နှာလွှဲပြီး ခဲနဲ့ပစ်မယ့်သူတွေ တစ်ယောက်မှမရှိပါဘူး။ ဆိုရရင်တော့ အစည်းအဝေး ခေါ်နေဖို့အချိန်တောင် ရလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ လူတချို့ လူမှုကွန်ရက်မှာ အော်နေတဲ့အချိန်အတွင်းမှာပဲ တပ်အကူအညီတွေ စေလွှတ်တာ၊ ရဟတ်ယာဉ် အသုံးပြုတာတွေကို ချက်ချင်းပဲ ဆောင်ရွက်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

လူတစ်ယောက် ခရီးထွက်ရင်တောင် ချက်ချင်းလက်ငင်း ကောက်ကာ ငင်ကာ ထွက်လို့မရပါဘူး။ ကိုယ်နေရမယ့်ရက်အလိုက် အင်္ကျီအဝတ်အစား ထည့်ရတာ၊ ဆေးဝါးထည့်ရတာ၊ လမ်းခရီးမှာစားဖို့ ရေနဲ့မုန့် စသည် ထည့်ရတာတွေအပြင် ကား၊ ရထား၊ လေယာဉ်လက်မှတ် ဝယ်ရတာတွေနဲ့ နောက်ဆုံး ကိုယ်ပိုင်ကားနဲ့ သွားရင်တောင် အနည်းဆုံးတော့ ဆီဖြည့်ရသေးတာပါပဲ။ တပ်ရင်းတစ်ရင်း၊ နည်းဗျူဟာ စစ်ဆင်ရေးအဖွဲ့ တစ်ဖွဲ့၊ တပ်မတစ်ခု စစ်ချီ-စစ်တက် လုပ်တယ်ဆိုရင် မပါမဖြစ် ပါဝင်ရတဲ့ ခဲယမ်း မီးကျောက်လက်နက်တွေ၊ ဆက်သွယ်ရေးတပ်တွေ၊ လက်နက်ကြီးအဖွဲ့တွေ၊ ဆေးအဖွဲ့နဲ့ ရိက္ခာ စတာတွေအပြင် ကျွန်တော်တို့ အရပ်သားတွေ မသိနိုင်တဲ့အချက်တွေ အများကြီးပါ။ ဒါကို မစဉ်းစားမဆင်ခြင်ဘဲနဲ့ အစိုးရက ဘာလုပ်နေတာတုံး၊ တပ်မတော်က ဘာလုပ်နေတာတုံး၊ ကာလုံမခေါ်ဘူးလား စတဲ့ အပြုသဘော မဆောင်ဘဲ အဖျက်သဘော၊ အပျက်သဘော ဆောင်တဲ့ မေးခွန်းတွေမေးပြီး အစိုးရအဖွဲ့နဲ့ တပ်မတော် သိက္ခာကျအောင်၊ အချင်းချင်း စိတ်ဝမ်းကွဲအောင်အပြင် တစ်ဖက်ရန်သူကြားရင် အားရကျေနပ်စေတဲ့ အသုံးအနှုန်းမျိုးတွေသုံးပြီး လေကြောင်း တိုက်ပွဲဆင်နွှဲနေတာကတော့ စိတ်ပျက်စရာပါ။

တကယ်တော့ အဖွဲ့အစည်းတစ်ခုရဲ့ အစည်းအဝေး ခေါ်တယ်ဆိုတာ အချင်းချင်း ညှိနှိုင်းတိုင်ပင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အချင်းချင်း သဘောထား ကွဲတဲ့ကိစ္စမျိုးရှိရင် တူညီတဲ့အဖြေ တစ်ခုရအောင် ဆွေးနွေး ညှိနှိုင်းကြပြီး အများစုရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်ချက်ချမှတ်ပြီးတော့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေဟာ အစည်းအဝေးတစ်ခုခေါ်ဖို့ အချိန်မပေးနိုင်လောက်အောင် အရေးကြီးနေတဲ့အချိန်မျိုးမှာ အဓိက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တချို့ပဲ တိုင်ပင်ပြီး လုပ်ကိုင်ဆောင်ရွက်သွားကြရတယ်ဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေး၊ စစ်ရေး ဗဟုသုတရှိသူတွေ သိကြမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တချို့ကိစ္စတွေဟာ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ-သိအောင်လုပ်ပြ၊ ချပြရမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ (တချို့ကိစ္စတွေမှာ လူမှုကွန်ရက်က ရေးသားမှုတွေဟာ ရန်သူသတင်းပေးသဖွယ် ဖြစ်နေကြပါတယ်)။

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ အဓိကကျပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေဟာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သုံးဦးဖြစ်တယ်ဆိုတာ လူတိုင်းပဲ သိကြပါတယ်။ ဒီသုံးဦးဟာ လက်ရှိဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အတွေးအခေါ် အယူအဆ၊ ခံယူချက်နဲ့ လုပ်ကိုင်ဆောင်ရွက်မယ့် နည်းလမ်းတွေအပေါ်မှာ အယူအဆမလွဲဘဲ အတူတကွပဲ ရှိနေကြမှာပဲဖြစ်ပါ တယ်။ ဒီသုံးဦးရဲ့ ဆုံးဖြတ်လုပ်ကိုင် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကျန်တဲ့ ကာ/လုံအဖွဲ့ဝင်တွေအနေနဲ့ သဘောထား အယူအဆ ကွဲပြားစရာမရှိသလို အားလုံးကပဲ လိုက်နာဆောင်ရွက်ကြမယ်ဆိုတာ ယုံမှား သံသယဖြစ်စရာ အကြောင်း မရှိပါဘူး။ တကယ်လို့ ကာ/လုံ အစည်းအဝေး ခေါ်ပြီး ဆုံးဖြတ်ရင်တောင် နောက်ဆုံး နိုင်ငံတော်သမ္မတရဲ့ အဆုံးအဖြတ်ဟာ အတည်ပဲဆိုတာ တပ်မတော်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတိအကျ ပြောဆိုထားပြီး ဖြစ်ပါတယ်။

နောက်တစ်ခုပြောချင်တာက ကာ/လုံ အစည်းအဝေးခေါ်၊ တရားဝင် ဆုံးဖြတ်ချက်တွေချမှတ်၊ တိုင်းတစ်ပါးက ကျူးကျော်ဝင်ရောက်လာတယ်လို့ သတ်မှတ်ပြီး စစ်ကြေညာဖို့ဆိုတာကလည်း မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိတိုက်ခိုက်နေတဲ့သူတွေဟာ ဘယ်နိုင်ငံကိုမှကိုယ်စားပြုပြီး တိုက်ခိုက်နေတာ မဟုတ်သလို ဘယ်နိုင်ငံကမှလည်း သူတို့နိုင်ငံသားတွေပါလို့ ဝန်ခံပြောဆိုကြမှာ မဟုတ်ပါဘူး။ တကယ်တော့ သူတို့ဟာ အကြမ်းဖက်သမား သက်သက်တွေသာဖြစ်ကြပြီး အကြမ်းဖက်မှုသက်သက်ကိုသာ လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ “အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ”နဲ့အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကနေ ARSA အဖွဲ့ကို “အကြမ်းဖက် အဖွဲ့အစည်း”အဖြစ် တိုင်းသိ ပြည်သိ ကမ္ဘာသိ ကြေညာပြီး ဥပဒေနဲ့အညီ စတင်အရေးယူ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း မသိတဲ့သူတွေ က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ကြ တာရှိသလို ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်လို့ အရေးကြီးအဆို တင်သွင်းတာကိုလည်း ကြားသိလိုက်ရပါတယ်။

တကယ်တော့ အခုအချိန်ဟာ အစည်းအဝေးတွေထိုင်၊ ဆုံးဖြတ်ချက်တွေ ချမှတ်နေရမယ့်အချိန် မဟုတ်သလို၊ အဆိုတွေတင်သွင်း၊ ပြစ်တင်ရှုတ်ချနေရမယ့်အချိန်လည်းမဟုတ်ပါဘူး။  ဘယ်သူက ဘာမလုပ်ခဲ့လို့၊ ဘယ်သူက ဘယ်လိုမလုပ်လို့ စတဲ့ အငြင်းအခုံတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြစ်တင်ရှုတ်ချနေရမယ့် အချိန်လည်း မဟုတ်ပါဘူး။ အာဏာလုနေရမယ့်အချိန် မဟုတ်သလို၊ ပွဲလန့်နေပြီဆိုပြီး ဖျာခင်းနေရမယ့်အချိန်လည်း မဟုတ်ပါဘူး။ အချင်းချင်းဟာ ရန်သူတွေမဟုတ်ကြပါဘူး၊ ဘုံရန်သူကိုလည်း တွေ့နေပြီဖြစ်တဲ့အတွက် လက်တွဲညီညီ ဝိုင်းဝန်းစုပေါင်းတိုက် ဖျက်ကြရမယ့်အချိန် ဖြစ်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်တို့တစ်တွေ Online ကနေ အချင်းချင်း လေကြောင်းတိုက်ပွဲ ဆက်လက် ဆင်နွှဲနေကြမှာလား၊ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေနဲ့ တရားသောစစ်ပွဲ ဆင်နွှဲနေကြသူတွေအတွက် အများနည်းတူ အလှူငွေလေးများ ထည့်ဝင်ကူညီပြီး တရားသောစစ်ပွဲကို ထောက်ခံအားပေးကြမှာလားဆိုတာက ကာ/လုံ စည်းဝေးထိုင်ဖို့ထက် ပိုပြီးအရေးကြီးပါတယ်။ ကာလုံခေါ်ခေါ် မခေါ်ခေါ် ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ အရေးကြီးပါတယ်။

သိန်းထက်အောင်