News

POST TYPE

EDITORIAL

အောက်တန်းကျသော နိုင်ငံရေးနှင့် တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရမည့်အချိန် (Daily, Vol-5/No-131)
11-Sep-2017 tagged as

ယမန်နေ့ညက တောင်တွင်းကြီးမြို့တွင် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ ဖျက်ဆီးမှုနှင့် နောက်ဆက်တွဲ ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်မှုတို့သည် ပြင်ပကမ္ဘာမှ ဖိအားများ ရင်ဆိုင်နေရသော နိုင်ငံအတွက် မြွေပူရာကင်းမှောင့် လုပ်ရပ်မျိုးဖြစ်သည့်အတွက် ပြင်းထန်စွာ ရှုံ့ချအပ်ပေသည်။

အထက်ပါဖြစ်ရပ်ကို လေ့လာကြည့်သည့်အခါ ဖျက်ဆီးမည့်နေရာများကို အတိအကျ ကြိုတင် လေ့လာထားကာ စနစ်တကျ လေ့ကျင့်ထားသော လက်မရွံ့ လူအုပ်စုတစ်ခုက အကွက်ကျကျ ကျူးလွန်သွားခြင်းဖြစ်ရာ ယခင်အစိုးရလက်ထက်က ရခိုင်ပြည်နယ်မှ အစပြုကာ မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးအချို့တွင် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သော ဘာသာရေး၊ လူမျိုးရေး အရေခြုံ၊ အကြမ်းဖက်၊ မီးရှို့၊ လူသတ်မှုများနှင့် ခပ်ဆင်ဆင် တူနေပေသည်။

ယခုတစ်ကြိမ် တောင်တွင်းကြီးမြို့တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုဆန်ဆန် အုပ်စုဖွဲ့ လုယက်ဖျက်ဆီးမှုသည် ယခင်အစိုးရလက်ထက်က မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းဆန်ဆန် အကြမ်းဖက်၊ သတ်ဖြတ်၊ မီးရှို့မှု ကျူးလွန်သူများ ဟုတ် မဟုတ် ပြောရခက်သော်ငြား နိုင်ငံတော် တည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးကို နှောင့်ယှက်ဖျက်ဆီးလိုသည့် သဘောထား ထင်ရှားစွာ ပေါ်လွင်နေပေသည်။

ထို့အတူ ရခိုင်ဒေသ ပြဿနာဖြစ်ပေါ်ပြီးနောက် အွန်လိုင်းလူမှုရေးကွန်ရက်၊ အီးမေးလ်နှင့် တယ်လီဖုန်း မက်ဆေ့ခ်ျတို့မှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်း အစွန်းရောက် အကြမ်းဖက်မှုများ ကျူးလွန်မည်ဖြစ်ကြောင်း ဆန့်ကျင်ဘက် အစွန်းရောက် အသိုင်းအဝိုင်း နှစ်ဖက်စလုံးမှ ကောလာဟလများ ရည်ရွယ်ချက်ရှိရှိ ဖြန့်ချိနေခြင်းမှာလည်း များစွာသံသယဖြစ်ဖွယ် ကောင်းလှသည်။
မြန်မာ့သမိုင်းစဉ်တစ်လျှောက် လေ့လာကြည့်သည့်အခါ နိုင်ငံတော်တွင် အကျပ်အတည်း ကြုံရသည့်အခါတိုင်း ပြည်သူလူထု၏ အာရုံကိုအခြားတစ်ဖက်သို့ ရောက်ရှိသွားစေရန် သို့မဟုတ် ရောက်စေချင်သော လမ်းကြောင်းပေါ်သို့ ပြောင်းသွားစေရန် အာရုံလွှဲ၊ နေရာရွှေ့လေ့ ရှိတတ်သည့် သာဓကများစွာရှိခဲ့သည်။

သို့သော် ယခုတစ်ကြိမ်သည် ပြင်ပကမ္ဘာ၏ ရည်ရွယ်ချက်ပါသော တစ်ဖက်သတ် စွပ်စွဲတိုက်ခိုက်၊ ဆန္ဒပြမှုများကို တစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာ ကြံ့ကြံ့ခံရင်ဆိုင်ကာ လိမ္မာပါးနပ်စွာ ပညာသားပါပါ ပြန်လည် တုံ့ပြန်ရမည့် အချိန်မျိုးတွင် ပြည်တွင်းတွင် မွဲပြာပုဆိုးဇာတ်လမ်းဆန်ဆန် လူမျိုးရေး၊ ဘာသာရေး ပြဿနာ ဖြစ်ပေါ်စေရန် ဖန်တီးခြင်းမှာ မည်သို့မျှ ခွင့်လွှတ်နားလည်ပေး၍ မရနိုင်သော အောက်တန်းကျကျလုပ်ရပ်ဖြစ်သည်။

ထို့အပြင် နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်၊ ဒုစရိုက်မှုများ လျော့ပါးကျဆင်းစေရန် တာဝန်ရှိသူ လုံခြုံရေး တပ်ဖွဲ့များအနေနှင့်လည်း ထိုသို့ ကျူးလွန်ခဲ့သူများကို အတင့်ရဲရဲ ကျူးလွန်နိုင်စေရန် လွှတ်ပေး၊ လမ်းဖွင့်ပေးသကဲ့သို့ မဖြစ်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးကိုသာ ရှေးရှု၍ အချိန်မဆိုင်း တားဆီး၊ ကာကွယ်၊ နှိမ်နင်း၊ ဖမ်းဆီး အပြစ်ပေး၊ အရေးယူပေးရန် အထူးလိုအပ်ပေသည်။

နိုင်ငံရေးအာဏာ ဆိုသည်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်သည့် စနစ်ဖြင့်သာ ရယူပိုင်ဆိုင်နိုင်သည့် အချိန်၊ ပြည်သူလူထုနှင့် နိုင်ငံတော် အကျိုးကို စေတနာပါပါ သယ်ပိုးထမ်းဆောင်သူများကိုသာ ပြည်သူလူထုက ရွေးချယ်ပေးသောအချိန် ရောက်ရှိလာပြီဖြစ်သောကြောင့် ယခင်အတိတ်ကာလ စနစ်ဆိုးကျင့်သုံးစဉ်က အသုံးပြုလာခဲ့သော အောက်လမ်းနည်း နိုင်ငံရေး နည်းဗျူဟာများ အသုံးမဝင်တော့ပေ။

လက်ရှိအစိုးရ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို အားမရ၊ မနှစ်သက်၊ မလိုလားပါက လွှတ်တော်နှင့် သတင်းမီဒီယာများမှတစ်ဆင့် တိုက်တွန်း၊ တောင်းဆို၊ ဖိအားပေး၊ ကန့်ကွက်ခြင်း၊ အကျိုးရှိမည့် နည်းလမ်းကို အကြံပြု ထောက်ပြခြင်းနှင့် နောက်သက်တမ်းအတွက် ကျင်းပမည့် ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီကို အနိုင်ရရှိစေရန် ကြိုးစားယှဉ်ပြိုင်ခြင်းကဲ့သို့ ဒီမိုကရေစီနည်းကျ၊ တရားနည်းလမ်းကျကျ နိုင်ငံရေးမျိုးဖြင့်သာ လူကြီးလူကောင်းဆန်ဆန် ပြုမူသင့်ပေသည်။

နိုင်ငံတော်တစ်ရပ်လုံး၊ တစ်မျိုးသားလုံး၊ အသားအရောင်၊ လူမျိုး၊ ဘာသာမရွေး နိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပြည်တွင်းရှိ အကြမ်းဖက် လှုပ်ရှားမှုများ၊ ပြင်ပ ပယောဂများကို အန်တု ရင်ဆိုင်ရမည့်အချိန်မျိုးတွင် တစ်ကမ္ဘာလုံးက ဆန့်ကျင်နေသော အကြမ်းဖက်လုပ်ရပ်ဖြင့် လက်ရှိအစိုးရကို အကျပ်အတည်း တွေ့စေရန် ဖိအားပေးခြင်းမှာ များစွာအရုပ်ဆိုး အကျည်းတန်လှသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ဘာသာကွဲ၊ လူမျိုးကွဲ နိုင်ငံသား အားလုံးအနေနှင့် ယခင်က ဤဖြစ်ရပ်မျိုး အကြိမ်ကြိမ် ကြုံခဲ့ရပြီးဖြစ်သောကြောင့် အကြမ်းဖက် ဆူပူမှုဖြစ်စေရန်၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း ဖြစ်စေရန် သွေးထိုး၊ လှုံ့ဆော်၊ ရန်တိုက်၊ ကောလာဟလဖြန့်၊ အစပျိုး ကျူးလွန်မှုများကို သတိကြီးကြီး၊ ဆင်ခြင်ဉာဏ်ကြီးကြီးထားကာ လိမ္မာပါးနပ်စွာ တုံ့ပြန်ကြပါမည့်အကြောင်း သတိပေး တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၁၁-၉-၂၀၁၇)

  • TAGS