News

POST TYPE

EDITORIAL

UN အစည်းအဝေးမှာ ပြတ်သားရတော့မယ် မောင်တောအရေး
စက်တင်ဘာလ ၁၂ ရက်နေ့မှာကျင်းပမယ့် ကုလသမဂ္ဂညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့သွားမယ်ဆိုတဲ့ သတင်းတွေ တွေ့နေရပါတယ်။ ဒီအချိန်မှာ နိုင်ငံသားအားလုံးရဲ့ မျက်လုံးနဲ့ နားကလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ပြောကြားမယ့် မောင်တောအရေးနဲ့ဆိုင်တဲ့ သူမရဲ့မိန့်ခွန်းအပေါ်ကိုသာ အာရုံစူးစိုက်နေမိကြမှာ အသေအချာပါပဲ။ နိုင်ငံပေါင်းစုံက နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ဒီအစည်းအဝေးမှာ ကိုယ့်နိုင်ငံရဲ့အရေးကို ကမ္ဘာ့မျက်နှာစာမှာ တုပြိုင်ဖြေရှင်းဖို့ အခွင့်အရေး တစ်ခုကို အမိအရ ဆုပ်ကိုင်ကြရမယ့်ကာလလို့ ပြည်သူတွေက ရှုမြင်နေကြသလို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တစ်ဦးရဲ့ နာမည်ဂုဏ်သတင်းနဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့တာဝန်အရ မိမိတို့ တစ်မျိုးသားလုံးရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ရှိလာနေခဲ့တဲ့  ကာလလို့ပြောလည်း ပိုမှန်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့အလယ်မှာ ကိုယ့်နိုင်ငံက ယနေ့ ကြုံတွေ့ခံစားနေရတဲ့ အခြေအနေမှန်တွေကို ထိထိရောက်ရောက်ချပြပြီး ထိုက်သင့်တဲ့နေရာ တစ်ခုကို ပြန်လည်ရယူဖို့လည်း အခွင့် အလမ်းကောင်းတစ်ရပ်လို့လည်း နိုင်ငံ့အရေး လေ့လာသူတွေက ဆိုနေခဲ့ကြပါတယ်။ ယနေ့ ကမ္ဘာ့အဝန်းက မီဒီယာတွေကို ရောက်ရှိနေတဲ့ သတင်းမှားတွေအပေါ် တကယ့်မြေပြင်က အခြေအနေမှန်တွေက ဘယ်လိုတွေဖြစ်နေလဲဆိုတာကို အချက်ကျကျ အထောက်အထား ခိုင်လုံစွာနဲ့ ကမ္ဘာကိုချပြ ပြောပြတော့မယ့်သတင်းကို ပြည်သူအားလုံးကလည်း စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။

ယခုလက်ရှိအချိန်မှာလည်း ကုလသမဂ္ဂ ညီလာခံအတွင်းမှာ ပြောရမယ့်မိန့်ခွန်းအတွက် ပြင်ဆင်ဖို့၊ နိုင်ငံအတွက် အမြတ်ထွက်စေမယ့် စကားလုံးတွေကို ဘေးဖယ်ပြီး  အခြား နိုင်ငံခေါင်းဆောင်တွေ လက်ခံနိုင်မယ့်စကားတွေ ပြင်ဆင်ဖို့၊ ကမ္ဘာကျော် သတင်းဌာနတွေနဲ့ အင်တာဗျူးတဲ့အခါ မေးလာနိုင်မယ့် မေးခွန်းတွေ၊ အငိုက်ဖမ်း မေးမြန်းလာနိုင်မယ့် မေးခွန်းတွေကို ပညာသားပါပါ ပြန်လည် ဖြေကြားနိုင်ဖို့ အဖြေတွေအတွက်လည်း သူမအနေနဲ့ ကြိုတင်ပြင်ဆင်နေရမှာ မလွဲပါဘူး။ ကမ္ဘာ့အရှေ့ခြမ်းကနေ အနောက်ခြမ်းကို နာရီပိုင်းအတွင်း အရောက်သွားတဲ့အခါ စီးနင်းလိုက်ပါရမယ့် နေ့တစ်ဝက်စာ လေယာဉ်ပျံသန်းချိန်အတွင်းမှာ သူမ ခံနိုင်ရည်ရှိပါ့မလား။ ဒီလိုမျိုး နိုင်ငံနဲ့လူမျိုးအတွက် အရေးကြီးနေချိန်မှာ သူမရဲ့ကျန်းမာရေးကို စိုးရိမ်နေကြပါတယ်။ ခုချိန်မှာ သူ့ကျန်းမာရေးက ဒီနိုင်ငံရဲ့ ကျန်းမာရေး ဖြစ်နေပြီလို့လည်း ပြောလို့ရနိုင်တဲ့ အခြေအနေမို့ပါ။

ရခိုင်ပြည်နယ်မြောက်ဖျား မောင်တောဒေသမှာဖြစ်ခဲ့တဲ့ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကလည်း အခုဆိုရင် သီတင်းပတ် နှစ်ပတ်တိုင်အောင် အပြီးအပြတ် ချုပ်ငြိမ်းသွားခြင်းမျိုးမရှိဘဲ ဟိုတစ်စ၊ ဒီတစ်စ ကြိုးကြားကြိုးကြား ဖြစ်နေဆဲပါပဲ။ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ပြောင်းရွှေ့ခိုလှုံသွားတဲ့သူတွေရဲ့ အရေအတွက်ကလည်း စက်တင်ဘာလ ၉ ရက်နေ့က DVB သတင်းဌာနက ထုတ်လွှင့်ချက်အရဆိုရင် နှစ်သိန်းခုနစ်သောင်းရှိပြီလို့ ဆိုပါတယ်။ အစိုးရရဲ့ တရားဝင် ထုတ်ပြန်တဲ့သတင်းတွေအရဆိုရင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ရခိုင်ပြည်နယ် မြောက်ခြမ်းက နယ်ခြားစောင့်ရဲ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုနဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင်၊ သဲချောင်း၊ မီးတိုက် ကျေးရွာအုပ်စုများအပြင် တောင်ပြိုလက်ဝဲမြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက်တို့က ဒေသနေထိုင်သူများဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၃၁ မှ ၃၂ အကြားမှာ လူဦးရေ ၁၂၀ဝ ခန့်၊ နယ်စပ်မှတ်တိုင် ၃၂ မှ ၃၃ အကြားမှာ လူဦးရေ ၁၁၀ဝ၀ ခန့်၊ နယ်စပ်မှတ်တိုင် ၃၄ မှ ၃၅ အကြားမှာ လူဦးရေ ၁၈၀ဝ၀ ခန့်၊ စုစုပေါင်း လူဦးရေ ၃၀၂၀ဝ ခန့် ယာယီတဲများနဲ့ တရားမဝင် သွားရောက် နေထိုင်နေတယ်လို့လည်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

သူတို့ ဒီလိုတွေ နေရပ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် ခိုလှုံကြတဲ့အပေါ် ဒီလိုကမ္ဘာ့သတင်းတွေအများစုမှာ ဖော်ပြချက်တွေကတော့ အစိုးရတပ်တွေက တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ သတ်ဖြတ်မှုဆိုတဲ့ သတင်းမှားတွေကိုသာ အများစု တွေ့နေကြရတာမို့ ဒီအပေါ် လူသားချင်းစာနာမှုနဲ့  အကူအညီပေးဖို့နဲ့ တိုက်ခိုက်မှုတွေရပ်ဖို့ လူ့အခွင့်အရေး လှုပ်ရှားတောင်း ဆိုသူတွေက တောင်းဆိုဖော်ပြနေကြတဲ့အချိန်ဖြစ်သလို ငွေကြေးချမ်းသာတဲ့ အချို့နိုင်ငံတွေက ဖိအားပေးနေချိန်လည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတကာမှာ သတင်းမှားတွေ အများအပြား အကြီးအကျယ် ပျံ့နှံ့နေတယ်လို့ ထောက်ပြပြောဆိုထားတာကိုလည်း ကြားရပါသေးတယ်။ ဒီလို ကမ္ဘာ့အခြားနိုင်ငံတွေက ထုတ်လွှင့်ကြတဲ့ မမှန်သတင်းတွေအပေါ် အချို့နိုင်ငံတွေက ယုံခဲ့ကြပြီး အပြစ်တင် တိုက်တွန်းတဲ့သတင်းတွေလည်း တွေ့ခဲ့ကြရမှာဖြစ်သလို တူရကီနိုင်ငံက ဟက်ကာ အဖွဲ့ကလည်း အစိုးရဌာနအချို့ရဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီအပေါ် အစိုးရအနေနဲ့လည်း ပြည်တွင်း ပြည်ပ မီဒီယာသမားတွေကို သတင်းအမှန်တွေကိုသိစေဖို့နဲ့ ကမ္ဘာကို ပြန်လည် ထုတ်လွှင့်ဖို့ အပူတပြင်း စီစဉ်ခဲ့ရသလို ကိုယ့်ပြည်တွင်းက ဟက်ကာ အဖွဲ့ကလည်း Cyber War စစ်ပွဲကို တန်ပြန် တိုက်ခိုက်ခဲ့ကြရပါသေးတယ်။

ဒါတွေအပြင် Facebook အင်တာနက် စာမျက်နှာက သတင်းမှန်တွေက ကမ္ဘာ့နိုင်ငံတွေဆီရောက်ဖို့ အားချည့်နဲ့နေတာ ဖြစ်တဲ့အတွက် Twitter အင်တာနက် စာမျက်နှာကနေပြီး အင်္ဂလိပ်ဘာသာနဲ့ တန်ပြန် ပြန်လည်တင်ကြ၊ ချေပကြတာတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေအပေါ် တရုတ်နိုင်ငံကလည်း ပြုလုပ်သူတွေကို အပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှားနိုင်ငံ ချေချင်းညာပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ နဲ့ပတ်သက်လို့ ရုရှားနိုင်ငံသမ္မတပူတင်က “ယခုလက်ရှိဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ပြဿနာဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ဘင်္ဂါလီများသာဖြစ်ပြီး မြန်မာ့တပ်မတော် တိုက်နေတာဟာလည်း မွတ်ဆလင်တွေကို သတ်နေတာမဟုတ်ဘဲ အဲ့ဒီကဝင်ရောက်လာနေတဲ့ အစွန်းရောက် အကြမ်းဖက်သူတွေကိုသာ နှိမ်နင်းနေတာဖြစ်ကြောင်း” စက်တင်ဘာ ၅ ရက်နေ့မှာ ထူးထူးခြားခြား ထောက်ခံပြောကြားထားခဲ့တာလည်း ရှိပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရင်ဒြာမိုဒီကလည်း အကြမ်းဖက်မှုအား ဘဏ္ဍာငွေကြေး၊ ထောက်ပံ့အားပေးသော နိုင်ငံများကို ဖော်ထုတ်ခြင်း၊ တာဝန်ခံမှုရှိစေခြင်းနဲ့ ထိရောက်သော အရေးယူမှုများ ဆောင်ရွက်သင့်ကြောင်း သဘောတူ ရှုမြင်ခဲ့ကြတာကိုလည်း သတင်းတွေမှာ တွေ့ရပါတယ်။

ဒီလို အစွန်းရောက် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဒီရက်ပိုင်းမှာဆိုရင်လည်း အရှေ့တောင်အာရှအသင်းဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကလည်း ထူးခြားတဲ့ဆောင်ရွက်ချက်တွေ လုပ်လာခဲ့ကြတာကို သတိထားမိကြမယ် ထင်ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ Inter-Parliamentary Union-IPU ဖိုရမ်မှာ မွတ်ဆလင်အရေးနဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်တဲ့အခါ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တွေနဲ့ပတ်သက်ပြီး ဦးစားပေး ဖော်ပြမှုတွေဟာ မသင့်လျော်ဘဲ မျှတမှု မရှိတဲ့အတွက် အိန္ဒိယ လွှတ်တော်ကိုယ်စားလှယ်အုပ်စုက လက်မှတ်ထိုးဖို့ သဘောမတူခဲ့ကြဘူးဆိုတဲ့ သတင်းပါ။

ဒါ့အပြင် စက်တင်ဘာလ ၈ ရက်နေ့ကဆိုရင်လည်း မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့တဲ့အပေါ် မလေးရှားသံရုံးက သံအမတ်ကြီး H.E.Mr Mohd Haniff Bin Abd Rahman ကိုခေါ်ယူပြီး အဆိုပါထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အစိုးရက သတိပေးခဲ့ရပါသေးတယ်။ သူတို့အနေနဲ့ ပကတိ အခြေအနေမှန်ကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု လွဲစေနိုင်တဲ့သတင်းတွေကိုဖော်ပြပြီး ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာ အစိုးရအနေနဲ့လည်း MRCS, ICRC နဲ့ IFRC တို့ပါဝင်တဲ့ ကမ္ဘာ့ကြက်ခြေနီ လှုပ်ရှားမှုအဖွဲ့တွေနဲ့ပူးပေါင်းပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အခြေခံမူများနဲ့အညီ ခွဲခြားမှုမရှိဘဲ ကူညီထောက်ပံ့တာတွေ ပြုလုပ်နေတဲ့ကာလလည်း ဖြစ်ပါတယ်။

အချုပ်အားဖြင့် အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေအပေါ် ထုတ်နုတ်ပြီး ကောက်ချက်ဆွဲကြည့်မယ်ဆိုရင် မကြာမီရက်ပိုင်းမှာ ကျင်းပတော့မယ့် ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးအတွင်းမှာ အနောက်ဥရောပယူနီယံ (EU) ၂၈ နိုင်ငံ၊ OIC နိုင်ငံ ၅၈ နိုင်ငံ၊ အာဆီယံနိုင်ငံ ၁၀ နိုင်ငံတို့အပါ အဖွဲ့ဝင်ဖြစ်တဲ့ အခြားနိုင်ငံတွေလည်း တက်ရောက်ကြမှာ အသေအချာပါပဲ။ ဒီလို တက်ရောက်လာကြတဲ့အခါ သူတို့အတွက် အဓိက အာရုံစိုက်ပြီး ဆွေးနွေးမေးမြန်းလာကြတော့မယ့် အရေးကလည်း ဒီရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေ အကြောင်းပဲဖြစ်မှာ မလွဲပါဘူး။ ဒီအတွက် နိုင်ငံ့ခေါင်းဆောင်တွေ အနေနဲ့လည်း အခါအခွင့်သင့်တဲ့ ဒီအချိန် ဒီကာလမှာ ရနိုင်သမျှ သတင်း အချက်အလက်တွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး ကမ္ဘာ့အလယ်မှာ မာမာတင်းတင်း ချပြရမယ့် အချိန်တစ်ခုလို့ မှတ်ယူထားပြီး ပြင်ဆင်နေမှာ အသေအချာပါပဲ။ ဒါ့အပြင် နှစ်ပေါင်း အတော်ကြာ ကမ္ဘာ့မီဒီယာအကြားနဲ့ အနောက် ကမ္ဘာ့နိုင်ငံတွေအကြားမှာ တွယ်ကပ်ပြီး ဒွိဟသံသယပွားနေတဲ့ ဒီရိုဟင်ဂျာအရေးကို ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ သမိုင်းကြောင်း အထောက်အထားနဲ့ ကမ္ဘာ့ဇာတ်ခုံအပေါ် တက်ပြီး ပြတ်ပြတ်သားသား ရှင်းလင်းပြသရမယ့် ကြုံတောင့်ကြုံခဲ၊ ရတောင့် ရခဲအခွင့်အရေး တစ်ရပ်ကို ရခဲ့ကြပြီဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါမှသာ နှစ်ကာလရှည်ကြာစွာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ဒီအရေးကိစ္စတွေကို ကမ္ဘာ့အခြားနိုင်ငံတွေက အမှန်သိရှိကြပြီး ဝိုင်းဝန်းရှုတ်ချသူက ရှုတ်ချ၊ တိုက်တွန်းသူက တိုက်တွန်း၊ ဖြေရှင်းပေးသူက ဖြေရှင်း၊ မျှဝေသူက မျှဝေ၊ ကာကွယ်သူက ကာကွယ်၊ ပူးပေါင်းသူက ပူးပေါင်းကြခြင်းတွေ ပြုလုပ်လာကြမှာပါ။ ဒါတွေအပြင် မိမိတို့အစိုးရရဲ့ မူလ အစီအစဉ်လမ်းကြောင်းနဲ့ အာနန်ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြုံပြချက်တွေ ပေါင်းစပ်ပြီး အချိန်ယူကာ စနစ်တကျ အဆင့်လိုက် ဖြေရှင်းကြရင်းဖြင့်သာ မောင်တော အရေးဟာ ရှေးလာမယ့် အနာဂတ် မျိုးဆက်သစ်တွေ လက်ထက်မှာ အေးချမ်းသာယာတဲ့ နယ်မြေတစ်ခု ဖြစ်လာနိုင်မှာပင် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ 

အောင်ဇေယျ